ယင်းမာပင် – ၂၀၂၃ မတ် ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတာ တစ်ပတ်လောက်ရှိလာပြီး ဒီနေ့မှာလည်း ချောင်ပိတ်တိုက်ခိုက်ခံနေရလို့ လေကြောင်းစစ်ကူပါ ခေါ်နေရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေဆီကသိရပါတယ်။
“အရေးနိမ့်နေတယ်၊ အကျအဆုံးလည်းများတော့ ဒီက PDF တွေကို လှည့်ဖြားတဲ့အနေနဲ့ ဘန့်ဘွေးပျူရွာက သူတို့စစ်ကြောင်းတွေက ထန်းပင်(ရွာ)ဘက်ကိုထွက်ပြီး အိမ်တွေကို မီးရှို့နေတယ်”လို့ ဒေသတော်လှန်ရေးသမားတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
လက်ရှိတိုက်ပွဲတွေပြင်းထန်နေတာဟာ ယင်းမာပင်အနောက်ခြမ်း ကုန်းရွာ၊ ရေအောက်နဲ့စားတော်ပြင်တို့မှာဖြစ်ပြီး ယင်းမာပင်မြို့ပေါ်ကပါ စစ်ကူဆင်းနေရတယ်လို့ သူကပြောပါတယ်။
“လေကြောင်းကတော့ ဒီနေ့ နေ့လယ်မှာ ရေအောက်နဲ့စားတော်ပြင်ကြားမှာ ပိတ်မိနေတဲ့ သူတို့စခတွေကို စစ်ကူပေါ့လေ၊ လာပစ်ပေးတယ်၊ သူတို့လူတွေ ပြေးပေါက်ရအောင် ပစ်တာကိုနားပြီး လေပေါ်မှာ အချိန်ကြာကြာဝဲပေးခဲ့တယ်”လို့ သူကပြောပါတယ်။
မနေ့ညက မီးရှို့ခဲ့တဲ့ ကုန်းရွာကိုလည်း ဒီကနေ့မှာ အာဏာသိမ်းစစ်တပ်က မီးထပ်ရှို့ခဲ့ပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ ကုန်းရွာဟာ မော်ကွန်းကဆက်သွယ်တဲ့ ညနေ ၄း၂၀ လောက်ထိ မီးတွေလောင်ကျွမ်းဆဲပါ။
လက်ရှိတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရေးသာနေတယ်လို့ တော်လှန်ရေးသမားက ပြောပါတယ်။
“အထိအခိုက်အကျအဆုံး စခတွေဘက်ကများတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသာစီးရတယ်လို့ လတ်တလောသိထားရတယ်၊
ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးတော့ ထိခိုက်ဒဏ်ရာရထားတာတော့ရှိပါတယ်”လို့ သူကပြောပါတယ်။
Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး မြို့ပေါ်က စစ်တပ်နဲ့ လေကြောင်းစစ်ကူကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့တွေကို ကယ်ထုတ်သွားနိုင်ပါတယ်။
ခုနောက်ဆုံး ယင်းမာပင်မြို့ပေါ်ကို မကြာသေးမီက Mi-17 တစ်စီးဆင်းသက်လာကာ အင်အားတိုးထားနိုင်တယ်လို့ သူကပြောပါတယ်။
“လက်ရှိအခြေအနေကတော့ ချင်းတွင်းတံတားကိုဖြတ်ပြီးတော့ လေထန်ကုန်းခေါ် အကျိုးကုန်းပေါ့၊ အဲမှာရှိတဲ့ သီတဂူဘုန်းကြီးကျောင်းထဲကို စစ်ကားသုံးစီးအင်အားအပြည့်နဲ့ ဝင်ထားပါတယ်၊ နောက်ပြီး ရဲတပ်ရင်း ၂၈ ကနေ အဲဒီအကျိုးကုန်းကြားကို ကင်းတွေချထားတာတွေ့ရပါတယ်”လို့ တော်လှန်ရေးသမားကပြောပါတယ်။
တိုက်ပွဲတွေကြောင့် ယင်းမာပင်မြို့နယ်က အနည်းဆုံး ကျေးရွာ ၁၀ ရွာထွက်ပြေးနေကြရပြီး စစ်ရှောင် ၁၅,၀၀၀ ဝန်းကျင်ရှိနိုင်ကြောင်း စစ်ရှောင်တွေကို ကူညီလုပ်ဆောင်ပေးနေသူက ခန့်မှန်းပါတယ်။
စစ်ရှောင်တွေကို ကူညီထောက်ပံ့လိုပါက “ပြည်သူမှပြည်သူသို့” Facebook Page (https://bit.ly/3yepccR) ကို ဆက်သွယ်နိုင်ပါတယ်။
ပုံစာ – ယနေ့လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာမီးရှို့ခံရမှု။
ဓါတ်ပုံ – CJ
#Dailynews

