မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၈ (မော်ကွန်း)
မိုးကုတ်မြို့အနောက်ပိုင်းက မိုးကုတ်ခါနန်အသင်းတော်က ဖမ်းဆီးခံထားရတဲ့ လူငယ် သုံးဦးဟာ စစ်အုပ်စုတောင်းတဲ့ သိန်းခြောက်ဆယ် မပေးရတော့ဘဲ မနေ့က ပြန်လွတ်လာတယ်လို့ ဒီသတင်းနဲ့နီးစပ်သူက မော်ကွန်းကို ပြောပါတယ်။
“ပိုက်ဆံလည်း တောင်းတဲ့ဟာ မပေးခဲ့ရဘူး၊ လူကြီးတွေလိုက်ကူတာလဲ ပါတယ် ၊ မနေ့က ပြန်လွတ်ပေးတယ်၊ တခြားတော့မသိရသေးဘူး၊ အပြီးလွတ်ပေးတဲ့သဘောထင်တယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
မိုးကုတ်ခါနန်အသင်းတော်က လူငယ် သုံးဦးကို စစ်အုပ်စုက သူတို့သတင်းပေးတစ်ဦးရဲ့နေအိမ်ကို မီးရှို့တယ်ဆိုပြီး ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက်မှာ လူတစ်ယောက်ကို သိန်း ၂၀ နဲ့ ပြန်လည်ရွေးခိုင်းခဲ့ပြီး ဇူလိုင်လ ၂၇ရက်နေ့မှာတော့ ခုလို အသင်းတော်လူကြီးတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ လွတ်မြောက်လာပါတယ်။
စစ်အုပ်စုက မီးလောင်သွားတဲ့ သူတို့သတင်းပေးရဲ့အိမ်ကို ပြန်ပြင်ပေးဖို့ အစပိုင်းက ပြောခဲ့ပေမယ့် လွတ်မြောက်လာချိန်မှာတော့ ပြင်ပေးဖို့ မလိုတော့ဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။
#Dailynews

