လယ်ဒို – ၂၀၂၃ ဇူလိုင် ၂၆ (မော်ကွန်း)
ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၃ ၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄၁ ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(ဗဟို)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ၊ လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဘက်က ခလရ-၂၆၄၊ ခမရ-၃၀၇၊ ခမရ-၄၃၉၊ ခမရ-၃၅၀၊ ပျူစောထီး၊ ရဲတပ်ဖွဲ့ စုစုပေါင်း အင်အား ၄၀၀ လောက်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ၊ လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးတဲ့အပြင် လေးဆယ်လောက်လည်း ဒဏ်ရာရကြပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်တဲ့ နံဇရွာမှာ လေးရက်ကြာ တပ်စွဲခဲ့ပြီး ကျေးရွာနေပြည်သူလူထုပိုင် ပစ္စည်းဥစ္စာတွေကို ခိုးယူကာ ရွာနေအိမ် အလုံး ၂၀ ကိုလည်း မီးရှို့သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းမှာ လတ်တလော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ စစ်ရေးတင်းမာမှုတွေရှိနေပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အမြန်လမ်းအသုံးပြုဖို့ အချိန်တွေကို ကြေညာထားပြီး တောင်ပိုင်းတိုင်းစစ်ဒေသကို စစ်ရေးအရှိန်မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။
မကြာသေးခင်ကလည်း NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဟာ ကေအဲန်ယူတပ်မဟာ ၃ နယ်မြေထဲကို တောင်ပိုင်းတိုင်းစစ်ရေးတာဝန်ခံတွေနဲ့အတူ လာရောက်ခဲ့ပါသေးတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာနဲ့လက်နက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေက တံတားတွေကို ဖျက်ဆီးထားတာလည်းရှိပါတယ်။
ဓါတ်ပုံ – ကေအဲန်ယူဗဟို
#Dailynews

