ဧရာဝတီတိုင်း – ၂၀၂၂ ဩဂုတ် ၂၃ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ကျိုတ်လတ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တွေမှာ ဒီကနေ့ ပေါက်ကွဲမှုနဲ့ စစ်တပ်ဩဇာခံဝန်ထမ်းတွေ ရှင်းလင်းခံရတာတွေ ဖြစ်ပွါးခဲ့ပါတယ်။
ကျိုက်လတ် – မအူပင်ကိုသွားတဲ့ ကားလမ်းပေါ်က အာဏာသိမ်းစစ်တပ်တွေ အထိုင်ချနေထိုင်တဲ့ စစ်ဆေးရေးဂိတ်ကို မနက် ၅:၀၀ နာရီကျော်လောက်မှာ အမည်မသိအဖွဲ့က ဗုံးခွဲတိုက်ခိုက်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။
” အဲ့စစ်ဆေးရေးဂိတ်က အမြဲတမ်းပြည်သူတွေကို ငွေညှစ်နေတဲ့ ဂိတ်ပါ၊ ပေါက်ကွဲတဲ့အချိန်က မနက် ၅:၀၀ နာရီကျော်လောက်ရှိမယ် အဲ့မှာနေတဲ့ စစ်သားနဲ့ ရဲတွေတော့ ထိခိုက်တာမျိုးရှိမယ်”လို့ ကျိုက်လတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲပြီး မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေနဲ့ ရဲတွေက မြို့ထဲစစ်ဆေးရေးတင်းကြပ်ခဲ့သလို မြို့ဝင်ထွက်ဂိတ်တွေမှာလည်း ဆိုင်ကယ်ထိုင်ခုံကအစ လှန်စစ်တာမျိုးတွေပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါအပြင် တစ်နေ့တည်းမှာပဲ ဖျာပုံမြို့၊ အမှတ် ၁၅ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးက စာရေးဝန်ထမ်းတစ်ဦးနဲ့ သတင်းပေးတစ်ဦးကိုလည်း အမည်မသိလက်နက်ကိုင်အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ထွေအုပ်စာရေးမ နှင်းဝေခိုင် အသတ်ခံရတာ သူက တော်တော်ဆိုးတယ်၊ သူက ဘယ်သူ့ကိုမှဂရုမစိုက်ဘူး၊ အုပ်ချုပ်ရေးမှူးလည်း သူ့ကိုင်ကြိုးကိုင်ထားတာ တစ်ခုခုဖြစ်ဖြစ် စစ်တပ်ခေါ်ဖမ်းခိုင်းတာ မနက်ကတော့ သူ့ကိုလာပစ်သတ်သွားတာ သူ့နဲ့အတူ သတင်းပေးလုပ်တဲ့ အမျိုးသမီးတစ်ဦးလည်းပါတယ်”လို့ ဖျာပုံမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီး နာရီဝက်လောက်အကြာမှာ စစ်သားတွေရောက်လာကာ အလောင်းလာသယ်သွားသလို မြို့ထဲမှာလည်း စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကျိုက်လတ်မြို့နယ်က စစ်ဆေးရေးဂိတ်ကို ကျိုက်လတ် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျိုက်လတ်ဧရာဗေဒါအဖွဲ့တို့ ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီး ဖျာပုံ မြို့နယ်က နှစ်ဦးကို Black Dragon Force Pyapon အဖွဲ့က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#Dailynews

