ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
မြဝတီ-ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေ လမ်းဟောင်းကနေဖြတ်သန်းနေရပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် သုံးဆခန့် မြင့်တက်သွားတယ်လို့ ကုန်သည်တွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက ပြောပါတယ်။
ယခုလဆန်းပိုင်းကစပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကိုလည်း အဲဒီ့ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။
ဒီနေ့အထိ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး လမ်းပိတ်နေတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ကားတွေဟာ ကော့ကရိတ်မြို့ကိုမဝင်တော့ဘဲ တောင်ပေါ်လမ်းခွဲတစ်ခုဖြစ်တဲ့ ဘားအံ-ထိုကော့ကိုး-မြဝတီ လမ်းပိုင်းကနေ သွားလာနေရတာပါ။
ယခင်က ရန်ကုန်-မြဝတီ ကားခ ကျပ်သုံးသောင်းခန့်သာရှိရာကနေ လက်ရှိမှာတော့ ကျပ်ရှစ်သောင်း၊ တစ်သိန်းဝန်းကျင်ထိ ဖြစ်နေတယ်လို့ ထိုင်းကုန်ပစ္စည်းတွေတင်သွင်းရောင်းချတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အဲ့ဒီလမ်းက ကားခကလည်း အနည်းဆုံး လူတစ်ဦးတောင် ရှစ်သောင်းလောက်တောင်းတယ်။ ကားအကောင်းဆိုရင် တစ်သိန်းထိ ပေါက်တယ်။ ကုန်တန်ဆာခလည်းအဲ့လိုပဲ အရင်နဲ့တွက်ကြည့်ရင် သုံးဆလောက်တက်သွားတယ်”လို့ အဲ့ဒီကုန်သည်က ပြောပါတယ်။
အဲဒီ့ထိုကော့ကိုးလမ်းပိုင်းကို ကုန်တင်ယာဉ်အကြီးတွေကိုဖြတ်သန်းခွင့်မပေးဘဲ ကားလေးတွေနဲ့ အပေါ့စား ကုန်တင်ယာဉ်တွေကိုပဲ ဖြတ်သန်းခွင့်ပေးနေတာပါ။
ဒါ့အပြင် အဲ့ဒီလမ်းကြောင်းဟာ အတက်နဲ့အဆင်း ရက်ခွဲပြီးသီးခြားစီ ဖြတ်သန်းခွင့်ပေးနေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေပြီး အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတယ်လို့ ခရီးသည်တင်ယာဉ်လိုင်းတွေဆီက သိရပါတယ်။
“မနေ့က မနက်တည်းက အဲဒီ့လမ်းခွဲကိုတက်တာ ညနေလောက်မှတောင်ပေါ်ရောက်တယ်။ တောင်ပေါ်ရောက်တော့လည်း ကားတွေတန်းစီပြီးပိတ်နေတော့ နောက်နေ့မနက်မှ ပြန်ဆင်းနိုင်တယ်။ ပုံမှန် တစ်မနက်သွားရတဲ့ခရီးက နှစ်ရက်လောက် အဲဒီမှာထောက်သွားတာပေါ့” လို့ မြဝတီ-ရန်ကုန် ပြေးဆွဲတဲ့ ချမ်းမြေ့ခရီးသည်ယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီလမ်းကြောင်းဟာ KNU ကနေ ခွဲထွက်တဲ့ KNU/KNLA (PC) အဖွဲ့က ထိန်းချုပ်ထားတဲ့ လမ်းကြောင်းလည်းဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေလည်း လမ်းတစ်လျှောက်ရှိတာကြောင့် မှတ်ပုံတင်ပါမှ ဖြတ်သန်းသွားလာလို့ ရမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ကော့ကရိတ်မြို့ကို ယခုလဆန်းပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို စစ်ကောင်စီတပ်ကလည်း မြို့မကျရေးအတွက် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ အဲဒီ့တိုက်ပွဲမှာပါဝင်နေတဲ့ NUG တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ကျားဖြူတပ်ခွဲက ယခုလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ထိုကော့ကိုးလမ်းပိုင်းကိုဖြတ်သန်းနေသည့် ယာဉ်များ
ဓာတ်ပုံ – ZNW

