ရန်ကုန် – ၂၀၂၅ ဧပြီ ၂၂ (မော်ကွန်း)
ငလျင်ဘေးကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဒီလကုန်ထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာကနေတစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီ ၂ ရက်ကနေ ၂၂ ရက် (ယနေ့) ထိ ရက်ပေါင်း ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာထားခဲ့တာပါ။
ဒီနေ့မှာတော့ ၎င်းကြေညာချက် ရက်ပေါင်း ၂၀ ပြည့်သွားပြီဖြစ်တဲ့ ၎င်းအပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ဒီလကုန်ထိ သက်တမ်းတိုးလိုက်ပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့အတွက်လို့ ထုတ်ပြန်လာတာပါ။
အပစ်ရပ်ကြေညာထားတဲ့ ကာလအတွင်းမှာပဲ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ပထမ အပစ်ရပ်ကြေညာချက် ရက်ပေါင်း ၂၀ ပြည့်တဲ့ ဒီနေ့မှာပဲ TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်ငါးလုံးပျက်စီးသွားတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားတာပါ။
“စစ်ကောင်စီတပ်သည့် ယနေ့ ဧပြီလ (၂၂)ရက်အထိ အပစ်ခတ်ရပ်ခဲ့သော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
PSLF/TNLA အုပ်ချုပ်သော မြိုနယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်” လို့ TNLA က ထုတ်ပြန်ပါတယ်။
အလားတူပဲ ရှမ်းတောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ တအာင်းတပ် TNLA တို့နဲ့ စစ်ကောင်စီတို့ မနေ့ကထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ DPLA က ထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် အပစ်ရပ်ကြေညာထားတဲ့ ကာလတစ်လျှောက် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့က တော်လှန်ရေးတပ်တွေနဲ့ ပြည်သူလူထုနေထိုင်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါသေးတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးနောက်ပိုင်း စစ်ကောင်စီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကလည်း ယာယီအပစ်ရပ် ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။
ဒီလိုအပစ်ရပ်ကြေညာချင်တွေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံအနှံ့က မြို့နယ်ပေါင်း ၁၅ ခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီကလည်း မြို့နယ်ပေါင်း ၃၉ မြို့နယ်ထက်မနည်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အချက်အလက်ကောက်ယူရေးအဖွဲ့ ISP-Myanmar ရဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြပါတယ်။
အပစ်ရပ်ကြေညာထားတဲ့ကာလအတွင်း တော်လှန်ရေးတပ်တွေ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်တာ၊ ထောက်ပို့ယာဉ်တန်းတွေကို တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ မပြုလုပ်ဖို့နဲ့ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် တုံ့ပြန်သွားမယ်လို့လည်း ၎င်းအပစ်ရပ် ကြေညာချက်မှာ စစ်ကောင်စီက ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။
ပုံစာ – TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့မြင်ကွင်း
ဓါတ်ပုံ – TNLA သတင်းနဲ့ပြန်ကြားရေး

