ကန့်ဘလူ-၂၀၂၄ ဇန်နဝါရီ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းက တင်ငုတ်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအထိုင်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက အဲဒီရွာအနီးက ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေဟာ တောင့်တဲကုန်းရွာ၊ ကိုးမြို့ရွာနဲ့ သရက်ခေါင်းရွာတို့ဖြစ်ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်စီးနင်းပြီးနောက် မီးရှို့ခံရတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လောလောဆယ် သရက်ခေါင်းရွာကအိမ် ၃၁ လုံး မီးလောင်သွားတာပဲသိရပါသေးတယ်ဗျ။ ကျန်နှစ်ရွာတော့ ဝင်ဖို့မလွယ်လောက်သေးတော့ မရသေးဘူးပြောပါတယ်။ အဲဒီနားပတ်လည် စစ်ကြောင်းထိုးနေတုန်းပါဗျ။ ပြည်သူတွေကတော့ ထပ်ရှောင်နေရဆဲပါ၊ မနေ့ကအထိတော့ (ထွက်ပြေးရတဲ့ရွာ) ကိုးရွာ၊ ပြည်သူတစ်သောင်းခန့်ဗျ။ ဒီနေ့ထပ်တိုးနိုင်ပါတယ်” လို့ သူကပြောပါတယ်။
မနေ့ကအထိတော့ စစ်ကြောင်းထိုးခံရချိန် ဒေသခံတွေဖမ်းဆီးခံရတာမရှိပေမယ့် ဒီနေ့တော့ အခြေအနေအသေးစိတ်မသိရသေးဘူးလို့ သူကဆိုပါတယ်။
အဲဒီကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းကဖြစ်ပြီး တင်ငုတ်ကြီးရွာက စစ်ကောင်စီလက်အောက်ခံတပ်တွေကို အင်အားဖြည့်ဖို့ သံချပ်ကာကားလေးစီးနဲ့ လာရောက်ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတာကြောင့် ပျူစောထီးစခန်းစီးနင်းခံရတဲ့ တင်ငုတ်ကြီးရွာအနီးက ငါးရာ၊ သိုးဘိုး၊ ကိုးမြို့၊ တောင့်တဲကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်းနဲ့ ဘိုတဲကုန်းစတဲ့ကျေးရွာတွေက ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က စီးနင်းခံလိုက်ရတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးစခန်းဟာ တင်ငုတ်ကြီးရွာမှာ အခြေစိုက်ထားတဲ့ စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ အထိုင်ချထားတဲ့စခန်းဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးများခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဝန်ခံထားပါတယ်။
အဲဒီစခန်းတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီလက်အောက်ခံပျူစောထီး ၂၅ ဦးသေဆုံးသလို ကာဘိုင်သေနတ် ရှစ်လက်၊ G3 တစ်လက်၊ Shoot Gun ငါးလက်နဲ့ ကျည်ဆန်၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ-မနေ့က စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတဲ့ သရက်ခေါင်းရွာရဲ့ မြင်ကွင်းတချို့။
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်

