ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ယင်းမာပင်မြို့နယ်အရှေ့ခြမ်းကို ဒီကနေ့နံနက် အစောပိုင်းက အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ – မုံရွာ)ကနေထွက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကားနှစ်စီးဟာ ဒီကနေ့နံနက် ၇း၀၀ နာရီလောက်က ပုသိမ်-မုံရွာလမ်းဘေး ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ဆားလင်းကြီးမြို့နယ်က ကျေးရွာတွေဆီကို စစ်ကြောင်းထိုးလာတာပါ။
လတ်တလောမှာ ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ရွာက အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံဆီကသိရပါတယ်။
ပုသိမ်-မုံရွာလမ်းဘေး ထွက်ပြေးနေရတဲ့ရွာတွေကတော့ ကျေးစာကျ၊ ဒုန်းတော၊ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊ ကံကုန်း၊ ရွာသာနဲ့ ပေကုန်းစတဲ့ရွာတွေဖြစ်ပြီး လူဦးရေ ၄,၀၀၀ လောက်ရှိနိုင်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့သတင်းရင်းမြစ်ကဆိုပါတယ်။
ပုသိမ်-မုံရွာလမ်းဘေး ယင်းမာပင်၊ ဆားလင်းကြီးဒေသဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကို မကြာခဏခံရပြီး လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းကို အကြောင်းပြပြီးတော့လည်း စစ်ကြောင်းထိုးလေ့ရှိပါတယ်။
ပုံစာ – ယနေ့ ထွက်ပြေးနေရတဲ့ ယင်းမာပင်၊ ဆားလင်းကြီးဒေသခံများ။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

