မုံရွာ- ၂၀၂၂ ဇူလိုင် ၁၂ (မော်ကွန်း)
မုံရွာ-မန္တလေးကားလမ်းမှာ မနေ့ညနေပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၆ ဦး ထိခိုက်ဒဏ်ရာရကာ နှစ်ဦးစိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)ရဲ့ ဥက္ကဌ ဦးစိန်ကိုကိုကပြောပါတယ်။
” ကျွန်တော်တို့ကယ်တဲ့အထဲတော့သေတာမပါဘူး။ ဆေးရုံရောက်ရင်တော့မသိဘူး။ စုစုပေါင်း ၁၆ယောက်ဒဏ်ရာရတာ။ကျွန်တော်တို့ပို့တာ ချောင်းဦးဆေးရုံကိုပို့တာ။နှစ်ယောက်ကစိုးရိမ်ရတယ်။တစ်ယောက်ကဒဏ်ရာပြင်းတဲ့အထဲမှာပါတာပေါ့”လို့ ဆိုပါတယ်။
မိုင်းထိမှန်တဲ့ကားဟာ ရွှေသလ္လာ ခရီးသည်တင်ကားဖြစ်ပြီး မုံရွာ-မန္တလေးကားလမ်း ခင်မွန်ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။
မိုင်းထိမှန်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေသလ္လာ ခရီးသည်တင်ကားဂိတ်က တာဝန်ရှိသူကို လက်ရှိအချိန်ထိဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
#Dailynews

