ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အသီးသီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဩဂုတ်လကစပြီး စစ်ကြောင်းထိုးစီးနင်းတာတွေကြောင့် ထွက်ပြေးရတဲ့ဒေသခံစစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက မော်ကွန်းကိုပြောပါတယ်။
“စစ်ရှောင်က ပိုပိုများလာဖို့ပဲရှိတာ။ စားနပ်ရိက္ခာတို့၊ ဆေးဝါးတို့၊ မိုးကာတို့ အရေးပေါ်လိုတယ်။ ဆားလင်းကြီး၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ အဲဒီဘက်တွေမှာလည်း စစ်ကြောင်းက နေ့တိုင်းထိုးနေတာ၊ ရွာတွေက တစ်ရွာနဲ့တစ်ရွာက နီးနီးလေးဆိုတော့ သူတို့က တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးနေတာ။ ဒေသခံတွေက ရွာမပြန်ရဲတော့ဘူး။ အဲဒါကြောင့် စစ်ရှောင်တွေအတွက် ရသလောက်ကူညီကြပါဦး” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ကာကွယ်ရေးအဖွဲ့တွေလည်း အကူအညီတွေလိုလာတယ်လို့ ယင်းမာပင်မြို့နယ်အတွင်းက ဒေသခံအဖွဲ့တစ်ခုက တာဝန်ရှိသူက အခုလိုပြောပါတယ်။
“မိုးကုန်ခါနီးဆိုတော့ တိုက်ပွဲတွေကပိုစိတ်လာပြီ။ ခွေးစစ်ကြောင်းတွေက အခုဆို ညပိုင်းတွေမှရွာတွေဝင်စီးတော့တာ။ ကင်းပေါ့တာနဲ့ ပါကုန်တာပဲ။ ကျွန်တော်တို့အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေက အမြဲတမ်းရှိတယ်။ အခုဆို တိုက်ပွဲတွေက ပိုလာတော့မယ့်အခြေအနေရှိတာကြောင့် ပြင်ဆင်နေရတယ်။ ပြည်သူတွေကိုလည်း တော်လှန်ရေးအတွက်ဆက်လက်ကူညီပေးဖို့ ပြောချင်ပါတယ်ခင်ဗျ” လို့ ယင်းမာပင်မြို့နယ်အတွင်းက ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မကြာခဏစစ်ကြောင်းထိုးခံနေရတဲ့ ခင်ဦးမြို့နယ်အတွင်းမှာလည်း စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုလဆန်းပိုင်းအထိ နေရပ်မပြန်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာ ၂၇ ရွာအထိရှိလာပြီး နေရပ်မပြန်နိုင်တဲ့အမြဲတမ်းစစ်ရှောင်ဦးရေ ငါးထောင်ကျော်ရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ရှောင်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေရန်ကြောင့် လုပ်ငန်းတွေမလုပ်နိုင်တော့ဘဲ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်မှာလည်း အခုလအစောပိုင်းကစလို့ စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ ၄၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ဩဂုတ် ၁၄ ရက်အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံများ
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

