ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရင်း ချင်းတွင်းမြစ်ကမ်းဘေးက သစ်တောရုံးတစ်ရုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီသစ်တောရုံးဟာ ချင်းတွင်းမြစ်ကမ်းဘေးက သစ်ဖောင်ဖွဲ့ရုံးလို့ဒေသခံတွေကပြောပြီး အဲဒီနေရာမှာရှိတဲ့ သစ်လုံးတွေကို အာဏာသိမ်းစစ်တပ်က ယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ဆိုကြပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သစ်တွေကိုမသယ်ယူနိုင်ဘဲ ဒီကနေ့မှာတော့မီးရှို့ပစ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
ဒီကနေ့နံနက် ၈း၀၀ နာရီလောက်က ဆားလင်းကြီး၊ ရွှေမုဋ္ဌောဘုရားမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အင်အား ၅၀ လောက်ဟာထွက်လာပြီး လက်ပံတောင်းတောင်ဒေသကို စတင်စစ်ကြောင်းထိုးခဲ့တာပါ။
အဲဒီကနေ မွန်းလွဲ ၃း၀၀ ဝန်းကျင်မှာတော့ သစ်တန်ပေါင်းများစွာရှိတဲ့ ချင်းတွင်းမြစ်ကမ်းဘေးက သစ်ဖောင်ရုံးကိုမီးရှို့ပြီး မုံရွာတစ်ဘက်ကမ်းကို ပြန်သွားခဲ့ကြတာလို့ ဒေသခံကပြောပါတယ်။
ဧပြီ ၂၅ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဆားလင်းကြီးကို ဝင်ရောက်လာပြီး အင်အား ၁၀၀ လောက်ပါခဲ့ကာ ဒီကနေ့ပြန်သွားတာ ၅၀ ဝန်းကျင်ရှိတာဖြစ်လို့ နောက်ထပ် ၅၀ လောက် ဆားလင်းကြီးမှာကျန်ခဲ့နိုင်ကြောင်းဒေသခံကပြောပါတယ်။
ဧပြီ ၂၅ ရက်ကလည်း အရပ်သားခြောက်ဦးကို ဆားလင်းကြီးနယ်ထဲမှာ ပစ်သတ်ခဲ့ပြီး အဲဒီအထဲက ငါးဦးဟာ မုံရွာတစ်ဘက်ကမ်းကတည်းက ဖမ်းခေါ်လာတဲ့ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လူသတ်၊ မီးရှို့မှုတွေကြောင့်ဆားလင်းကြီးမှာ ရွှေလှေ၊ လက်ပံတောင်း၊ ကံတော၊ တုံသုံးရွာ၊ ဇီးတော၊ ဖောင်းကတာ၊ မန်ကျည်းတန်းနဲ့ ခြောက်တင်းကျ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုံစာ – မီးရှို့ခံထားရတဲ့ သစ်ဖောင်ဖွဲ့ရုံး
ဓါတ်ပုံ – CJ
#Dailynews

