ကန့်ဘလူ-၂၀၂၅ ဇန်နဝါရီ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နယ်မြေမှာရှိတဲ့ တင်ငုတ်ကြီးကျေးရွာက ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ခေါင်းဆောင်တစ်ဦးကို သူ့နေအိမ်မှာတင် အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ဝင်ပစ်သွားလို့ သေဆုံးခဲ့ရပြီး ဒီနေ့အထိ အမှုမှန်မပေါ်သေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီလ ၆ ရက် နံနက် ၆ နာရီကျော်မှာ ဦးဝေသိန်း(၃၇) နှစ် အသတ်ခံရတာဖြစ်ပြီး ဇနီးနဲ့ ကလေးသုံးဦး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“125-ဆိုင်ကယ်အစိမ်းရောင်နဲ့လူစိမ်းအမျိုးသားနှစ်ယောက်ဝင်လာပြီး ပစ်သွားတယ်လို့ ပြောတယ်။ ရင်ဘက် နှစ်ချက်၊ ဗိုက် တစ်ချက်ကျည်မှန်တာတွေ့တယ်။ သေနတ်သံကြားတော့ လူတွေရုတ်ရုတ်သဲသဲဖြစ်လာပြီး သူ့အိမ်ကိုသွားကြတော့ အသက်မမီတော့ဘူး” လို့ တင်ငုတ်ကြီးရွာသားတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
သေဆုံးသူကိုယ်ခန္ဓာထဲကနေ ၅ဒသမ၅၆ ကျည် သုံးတောင့်တွေ့ရပြီး လက်သည်တရားခံကို မသိရသေးပဲ ဒေသတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ဦးဝေသိန်းနည်းတူ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေဖြစ်တဲ့ ကောလင်းမြို့နယ် ကျေးလက်ဒေသမှာ မြို့နယ် သယံဇာတတာဝန်ခံတစ်ဦး အသတ်ခံခဲ့ရသလို ကုန်ခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာလည်း ကနီ မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်နယ်မြေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်အပါအဝင် မြို့နယ်ပညာရေးတာဝန်ခံမိသားစုတစ်စု သတ်ဖြတ်ခံခဲ့ရပေမယ့် အမှုမှန်ပေါ်ပေါက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
ပုံစာ- အခင်းဖြစ်တဲ့ တင်ငုတ်ကြီးရွာ

