ရန်ကုန် -၂၀၂၃ ဇူလိုင် ၂၀ (မော်ကွန်း)
ဇူလိုင် ၁၈ ရက်က (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ လမ်းမတော်ရဲစခန်းနဲ့လသာရဲစခန်းကြားမှာ ပြောက်ကျားညသပိတ်ပြုလုပ်ခဲ့သူတွေကို စစ်ကောင်စီ ကရှာဖွေနေတယ်လို့ ရန်ကုန်ကင်းထောက်အဖွဲ့ထံမှသိရပါတယ်။
ပြောက်ကျားညသပိတ်ဆင်နွှဲခဲ့သူတွေအားလုံး ဘေးကင်းလုံခြုံတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) အဖွဲ့ ရဲ့ ဥက္ကဌဖြစ်သူကပြောပါတယ်။
“အခုနိုင်ငံရေးအခင်းအကျင်း၊ ရန်ကုန်မြေပြင်အခြေအနေအပေါ်မူတည်ပြီး သပိတ်ဖော်ဆောင်မယ့်မြို့နယ်အနေအထား၊ သပိတ်ဖော်ဆောင်မှုအပြီးအခြေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုံခြုံရေးအနေအထားတွေကိုလေ့လာမှု၊ စစ်ဆေးမှု၊ ကြိုတင်ပြင်ဆင်ပြီးမှ ရဲစခန်းနှစ်ခုကြား ပြောက်ကျားညသပိတ်ကိုအောင်မြင်စွာဆင်နွှဲခဲ့ပါတယ်။ ရေဘဝဲနဲ့မဟာမိတ်ရဲဘော်များအားလုံးဘေးကင်းလုံခြုံလျက်ပါခင်ဗျာ”သူကပြောပါတယ်။
ရေဘဝဲအဖွဲ့ဟာ ရန်ကုန်မြို့လယ်မှာ “လူမျိူးကြီးဝါဒတိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက” ဆိုတဲ့စာသားပါ အလံကိုင်စွဲကာပြောက်ကျားညသပိတ်ဆင်နွှဲခဲ့တာပါ။
စစ်ကောင်စီကလုံခြုံရေးအထူးတင်းကြပ်ထားတဲ့ရန်ကုန်မှာ ဇူလိုင် ၁၈ နဲ့ ၁၉ ရက် အတွင်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲအဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့ကိုးဖွဲ့က ပြောက်ကျားသပိတ် လေးခုပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဟာအာဇာနည်နေ့မတိုင်မီကတည်းက ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံးနဲ့ အာဇာနည်ဗိမာန်အရှေ့ ကင်းပုံးအများအပြားချထားတာပါ။
စစ်ကောင်စီခန့်ဝန်ကြီးတွေဟာ အာဇာနည်နေ့မတိုင်မီတစ်ရက်အလိုလောက်က ရန်ကုန်မြို့ကိုရောက်နေတာကြောင့် ဇူလိုင် ၁၈ ရက် ညဘက်ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ကားလမ်းပိတ်ဆို့မှုတွေ အချိန်ကြာမြင့်စွာဖြစ်ပွားခဲ့ပါတယ်။
ပုံစာ- ရန်ကုန်မြို့လယ်မှာပြောက်ကျားညသပိတ်ဆင်နွှဲနေသည့်မြင်ကွင်း။
Photo – ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်း)
#Dailynews

