ငွေခေတ်က ကြယ်စင်တွေ

(၂၉) ကြိမ်မြာက် ဆီးဂိမ်းပြိုင်ပွဲတွေကို နိုင်ငံပိုင် မီဒီယာတွေက ထုတ်လွှင့်ပေးနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြိုင်ပွဲအမျိုးအစား တော်တော်များများ ဝင်ပြိုင်ပေမယ့် ပရိသတ်အများဆုံး အားပေးတဲ့ အားကစားက ထုံးစံအတိုင်း ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ထောက်ပံ့မှုတွေ လုပ်ပေးနေတယ်။ ဘောလုံးအဖွဲ့ချုပ်ကလည်း အစွမ်းကုန် ကူညီပေးနေတယ်။

ပြည်သူတွေရဲ့ အားပေးမှုက ပြောစရာမလိုအောင် ပြည့်စုံပြီးသား။ ကစားသမားလေးတွေလည်း ခြေစွမ်းရှိသလောက် အစွမ်းကုန်ထုတ် ကစားကြတယ်။ ဒါပေမဲ့ မြန်မာဘောလုံးအသင်း တူတူတန်တန် ဆုတံဆိပ်တွေ မရတာ ကြာပြီ။ မြန်မာဘောလုံးအသင်း လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ် ရခဲ့ဖူးတာ ရှိပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ရောပေါ့။

ဘောလုံးအကြောင်း စဉ်းစားတိုင်း ငယ်ငယ်က ရွာရိုးကိုးပေါက် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ခဲ့တာကို သတိရတယ်။ ရပ်ကွက်တိုင်းနီးပါး နေရာလွတ်တွေ အထိုက်အလျောက် ရှိသေးတဲ့အပြင် ယာဉ်တွေကလည်း အခုခေတ်လောက် မရှုပ်ထွေးသေးတော့ ညနေ ကျောင်းဆင်းတာနဲ့ ဘောလုံးကန်ကြတော့တာပဲ။ ကျူရှင်တွေ ခေတ်မစားသေးတော့ ကျောင်းသား၊ ကျောင်းသူတွေ အချိန်အားကြတာလည်း ပါတာပေါ့လေ။ ဘုန်းတော်ကြီး ကျောင်းဝင်းကြီးတွေကလည်း အကျယ်ကြီးတွေဆိုတော့ ကျွန်တော်တို့ငယ်ဘဝရဲ့ မမေ့နိုင်စရာ လေ့ကျင့်ရေးကွင်းတွေပါပဲ။

ကျွန်တော်တို့ ဘောလုံးကန်ကြတယ်ဆိုပေမယ့် ဘောလုံးက တစ်ရပ်ကွက်လုံးမှ နှစ်လုံးတည်း ရှိတာ။ အဲဒါကလည်း အခုဘောလုံးပြိုင်ပွဲတွေမှာ သုံးနေတဲ့ ဘောလုံး မဟုတ်ဘူး။ သူ့ထက်နည်းနည်းအရွယ်ငယ်တဲ့ အင်းစိန် သံပရာခြမ်း ဘောလုံး။ အခုမြို့ထဲက လမ်းသွယ်တွေမှာ ကန်နေကြတဲ့ ပလတ်စတစ်ဘောလုံးအရွယ် ရော်ဘာဘောလုံး။ သံပရာခြမ်းဘောလုံးက ရောင်စုံလာတာ မှတ်မိတယ်။ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်တွေ ဖြြစ်ကတယ။် ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ရှိတဲ့ ဘောလုံးနှစ်လုံးမှာ တစ်လုံးက အနီရောင်နဲ့ နောက်တစ်လုံးက အစိမ်းရောင်။

ဘောလုံးပိုင်ရှင်တွေက ကျွန်တော်တို့ သူငယ်ချင်းတွေ။ ဘောလုံးတစ်ခါကန်ဖို့အရေး သူတို့ကို မျက်နှာချိုသွေးရတာက အလုပ်တစ်ခု။ အခုခေတ်လို အရပ်ထဲက ကုန်စုံဆိုင်မှာ ဘောလုံးက မရောင်းဘူး။ မြို့ထဲက အားကစားပစ္စည်း ရောင်းတဲ့ဆိုင်မှာပဲ ရောင်းတာ။ ဘောလုံးတစ်လုံး ပိုင်ဆိုင်ဖို့တောင် မလွယ်တဲ့ကာလတွေပေါ့။ တစ်ခါတလေ ဘောလုံးကန်ချင်လွန်းတဲ့အခါ (သူငယ်ချင်းကလည်း အပြင်သွားနေချိန်နဲ့ ကြုံရင်) ပလတ်စတစ်အိတ်တွေထဲ ပလတ်စတစ်တွေ ထည့်ပြီး ဘောလုံးလုပ် ကန်ခဲ့ရတာတွေ အမှတ်ရမိသေးတော့။

ကျွန်တော်တို့ ငယ်ငယ်က ရပ်ကွက်အလိုက် ဘောလုံးပွဲတွေ နှစ်တိုင်းနီးပါး ကျင်းပပေးတယ်။ အရပ်အမောင်းနဲ့ သတ်မှတ်တဲ့ သက်ငယ်တန်းပွဲစဉ်တွေလည်း ရှိတယ်။ ၄ ပေ ၉လက်မ၊ ၅ ပေ ၂ လက်မ စတဲ့ အရပ်အမောင်းနဲ့ ဆုံးဖြတ်တဲ့ ပွဲစဉ်တွေ ဖြစ်တယ်။ ကျွန်တော်က ဘောလုံးနဲ့ပတ်သက်ရင် ဝါသနာပါသူ အဆင့်မျှသာ။ ကျောင်းလက်ရွေးစင်လည်း မဖြစ်ခဲ့ဖူးသလို ရပ်ကွက်လက်ရွေးစင်လည်း တစ်ခါမှ အရွေးမခံဖူးဘူး။ ဒီကြားထဲ သူငယ်ချင်းတွေနဲ့ အချင်းချင်း ကစားရင်တောင် ကြွက်တက်ရတာနဲ့၊ အကြောတင် အကြောထုံးဖြစ်လို့ အနှိပ်ခံရတာနဲ့။ ရပ်ကွက်ထဲက လက်နှိပ်ဆရာက ကျွန်တော် ဘောလုံးခတ်တိုင်း နှိပ်ပေးနေကြ။ ကျွန်တော်တို့အစ်ကိုတွေ၊ ဦးလေးတွေက ရပ်ကွက်လက်ရွေးစင်ဘောလုံးသမားတွေ။ သူတို့မှာ ကိုယ်ပိုင်ဘောလုံးတစ်လုံးတောင် မပိုင်ဆိုင်ခဲ့ကြဘူး။ ဒါပေမဲ့ သူတို့က ရပ်ကွက်အတွက် ဆုဖလားတွေ၊ ဒိုင်းတွေ ရအောင် ယူပေးနိုင်ခဲ့ကြပြီး ရပ်ကွက်ဂုဏ်ကို ဆောင်ခဲ့ကြတယ်။ သူတို့ ဘောလုံးနဲ့ ပတ်သက်ပြီး လေ့လာဖတ်ရှုရတာဆိုလို့ တံခွန်အားကစားဂျာနယ်ပဲ လောက်လောက်လားလား ဖတ်စရာရှိတယ်။ မည်သို့ပင် ဆိုစေကာမူ ရပ်ကွက်အတွက် ဆုဖလားတွေ၊ ဒိုင်းတွေ ယူပေးနိုင်တာသည်ပင် ဂုဏ်ယူစရာမဟုတ်ပါလား။

ကျွန်တော်တို့ ဘောလုံးကစားချိန်မှာ ပြည်ထောင်စုဒိုင်းအဖြစ် နှစ်စဉ်ကျင်းပတဲ့ ပြည်နယ်နဲ့ တိုင်း ဘောလုံးပြိုင်ပွဲတွေ ကျင်းပနေချိန် ဖြစ်တယ်။ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေက အနည်းဆုံးကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တဲ့ အသင်းတွေ ဖြစ်ကြတယ်။ ဆီမီးဖိုင်နယ်လောက်ရောက်ရင် တီဗီအစီအစဉ်ကနေ ဘောလုံးပွဲတွေ တိုက်ရိုက်ထုတ်လွှင့်ပေးတယ်။ ဒိုင်လူကြီးက ဦးတင်အောင်ဆိုတာ မှတ်မိတယ်။ နိုင်ငံပိုင်သတင်းစာတွေကလည်း ဘောလုံးပွဲသတင်းကို တခမ်းတနားနေရာပေး ဖော်ပြခဲ့ကြတဲ့ ကာလတွေပါပဲ။ ပြည်ထောင်စုဒိုင်းကြီးက ရှမ်းအိုးစည်သံ နားထောင်မလား။ မန်းတောင်ရိပ်မှာ ခိုလှုံမှာလား။ မကွေးနောက်တန်း အုတ်တံတိုင်းကို ရန်ကုန်သားတွေ ဖြိုနိုင်မှာလား စတဲ့ သတင်းခေါင်းစဉ်တွေနဲ့ စာဖတ်ပရိသတ်ကို ဖမ်းစားခဲ့ကြတယ်။ ဖိုင်နယ်မှာ သရေကျခဲ့ရင် ပူးတွဲချီးမြှင့်ခဲ့ကြတယ်။ ဗိုလ်လုပွဲမှာ နိုင်ခဲ့ရ အောင်ပွဲရ ဘောလုံးသမားတွေကို ဘူတာကြီးမှာ သွားကြိုကြရသေးတယ်။ အမိုးဖွင့်ဂျစ်ကားတွေနဲ့ ဘောလုံးသမားတွေက မြို့ပတ်အောင်ပွဲခံခဲ့ကြတယ်။ တီဗီကနေ မထုတ်လွှင့်နိုင်ခင်က ရေဒီယိုက လာတဲ့ ဘောလုံးပွဲအစီအစဉ်တွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့တယ်။ မမြင်ရတဲ့ ဘောလုံးပွဲကို ပရိသတ်တွေ စိတ်ဝင်တစားဖြစ်အောင် ကြော်ငြာပေးရတဲ့ အစီအစဉ်ကြေညာသူတွေရဲ့ အရည်အချင်းကို မချီးကျူးဘဲ မနေနိုင်ဘူး။ ကျွန်တော်တို့အားလုံး ဘောလုံးပြိုင်ပွဲလာချိန်ဆို ထမင်းမေ့ ဟင်းမေ့ ဖြစ်ကုန်ရော။ တီဗီကလွှင့်တဲ့ ဘောလုံးပွဲတွေမှာ အစီအစဉ်ကြေညာတဲ့ ဦးလေးဦးလှဝင်းကြီးကလည်း အပြောကောင်းမှ ကောင်း။ တစ်ခါတလေ ဘောလုံးပွဲ ကြေညာနေရင်း ဘောလုံးပွဲကို ဝေဖန်နေသေးတာကလား။ အခုအချိန်အထိ အကြောင်းတိုက်ဆိုင်လို့ ဘောလုံးပွဲ ကြည့်ဖြစ်တိုင်း ဦးလေးဦးလှဝင်းရဲ့ ဘောလုံးပွဲကြေညာသံတွေနားထဲ ကြားယောင်နေမိတယ်။

‘ကျွန်တော် အစီရင်ခံနေစဉ် အတောအတွင်းမှာပဲ ဘောလုံးဟာ အထူးတန်း ပွဲကြည့်စင်တွေဘက်ကို လိမ့်ကာ လိမ့်ကာနဲ့ ထွက်သွားပါတယ် ခင်ဗျာ’

‘မြန်မာဘောလုံးအသင်းရဲ့ ခြေထဲမှာပဲ ရှိနေတယ်ခင်ဗျ’

‘ဒီနေ့ ရာသီဥတုကတော့ မိုးလေတဖွဲဖွဲနဲ့ဆိုတော့ အားကစားသမားတွေ အကြိုက်ပေါ့ ခင်ဗျာ’

‘ဒီနေ့ မြန်မာဘောလုံးသမားတွေ ကစားတာ အချင်းချင်း အပေးအယူ အချိတ်အဆက်တွေ လွဲနေတယ် ခင်ဗျ’

‘တစ်ဖက် ဘောလုံးအသင်းက ကစားသမားဝင်တာ နည်းနည်း ကြမ်းတမ်းသလို ဖြစ်သွားလို့ ဒိုင်လူကြီးက အဝါကတ်ထုတ်ပြီး သတိပေးထားပါတယ်’

‘ဒီပြစ်ဒဏ်ဘောလုံးကို မြန်မာအသင်း ရှေ့တန်းတိုက်စစ်မှူး ကန်မယ်ခင်ဗျ။ ဘောလုံးအသင်းသားတွေထဲက ဘယ်သူ့ပေးရမလဲ ကြည့်နေတယ်။ ဟော…ကန်လိုက်ပါပြီ။ တစ်ဖက်ဂိုးသမား ပုတ်ထုတ်လိုက်လို့ ဂိုးလွန်ဘော ဖြစ်သွားပါပြီ’

အဲဒီလို ပြောစကားတွေကြောင့်ပဲ ဦးလှဝင်းက ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးခဲ့ရတော့တာပါပဲ။ ကျွန်တော့်ဘကြီးတစ်ယောက်က ဘောလုံးဝါသနာအိုး။ တီဗီကနေ ဘောလုံးပွဲတွေ တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာပဲ တီဗီက လာတဲ့ အသံကို တိုးထားပြီး ရေဒီယိုဖွင့်ထားပြီး တီဗီကြည့် အားပေးတဲ့သူ။ ရှစ်ပေစလောင်းခေတ် ပြင်သစ်မှာ ကမ္ဘာ့ဖလားပွဲ ကစားတော့လည်း ညကြီးသန်းခေါင် ပွဲတိုင်းနီးပါး ထကြည့်တာပဲ။ နှစ်ပေ စလောင်းခေတ် ကိုပါအမေရိကဖလားပွဲတွေလည်း လက်မလွတ်ခဲ့ဘူး။

အခု စကိုင်းနက်ခေတ်အထိ ဘောလုံးကို ခုံခုံမင်မင် အားပေးနေတုန်း။ ထွက်သမျှ ဘောလုံးဂျာနယ် အကုန်ဝယ်ဖတ်ပြီး အားပေးတယ်။ ဝန်ကြီးဌာနပေါင်းစုံ အမှတ်ပေးဖလားတွေကလည်း ရွှေပြည်ကြီးက ဘောလုံးပရိသတ်တွေအတွက် မမေ့နိုင်စရာ အတိတ်ကောင်းတွေပါပဲ။ ဘောလုံးငွေခေတ် ကစားသမားအများစုက အမှတ်ပေးဖလားပြိုင်ပွဲတွေ ခေတ်ကောင်းစဉ်က ထွက်ပေါ်လာခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြတယ်။ ဘဏ္ဍာအခွန်က ပရိသတ်အချစ်တော် ဘောလုံးသမားတွေ အများဆုံး ထွက်ပေါ်ခဲ့တဲ့ ဌာနဖြစ်တယ်။ ရန်ကုန် အက်ဖ်စီရဲ့နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဘဏ္ဍာအခွန်က ရှေ့တန်းတိုက်စစ်မှူးပေါ့။ အလယ်တန်းကစားသမား ဝင်းအောင်က မွန်ပြည်နယ် လူငယ်လက်ရွေးစင် အသင်းက တက်လာပြီး ဘဏ္ဍာအခွန်အသင်းမှာ ကစားသွားသူ ဖြစ်တယ်။ နောက်တန်းခံစစ်မှူး စောဘမြင့်ကလည်း ဘဏ္ဍာအခွန်ကပါပဲ။ ဆောက်လုပ်ရေးက အာရ်အိုင်တီကျောင်းသား သန်းတိုးအောင်ဆိုရင် မြန်မာအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲတော်တော်များများ ကစားခဲ့သူဖြစ်တယ်။ အင်ဂျင်နီယာကြီးအဖြစ် နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ပြည်ထဲရေးက အလယ်တန်းကစားသမား တင်မြင့်အောင်လည်း ဘောလုံးကစားတာ တော်တာပဲ။ အခုတော့ ရဲတပ်ဖွဲ့မှာ ရဲအရာရှိကြီးအဖြစ် တာဝန်တွေ ထမ်းဆောင်နေဆဲ ဖြစ်တယ်။ ပို့ဆောင်ရေးက မောင်မောင်ဦးကို ဘားမားဘက် ဂီယိုလို့ ချစ်စနိုးနဲ့ခေါ် ကြတယ်။ ကာကွယ်ရေးက နောက်တန်းလူ တင်ထွေး၊ ဘဏ္ဍာအခွန်က ဂိုးသမားအောင်ကျော်ကျော်၊ ကြည်လွင်၊ အောင်နိုင်၊ အောင်ခိုင်၊ မျိုးမင်းစတဲ့ ကစားသမားတွေလည်း ပရိသတ်ရဲ့ မေတ္တာထားခြင်း ခံခဲ့ကြရတယ်။ ပရိသတ်က သူတို့ကို ဘယ်လောက်အထိ ချစ်ခင်ကြသလဲဆိုရင် စီးပွားရေး လာဘ်မြင်သူတွေက ဝေါလ်ရှိထုတ်ပြီး ရောင်းချတာကို ဈေးကွက်မှာ ပြတ်သွားအောင်အထိ ဝယ်ယူအားပေးခဲ့ကြတယ်။ အမှတ်ပေးပြိုင်ပွဲတွေထဲမှာ အမှတ်ရဆုံး ဘောလုံးပြိုင်ပွဲတစ်ခုကို ၁၉၉၄-၉၅ နှစ်တွေမှာ တီဗီက တိုက်ရိုက်ထုတ်လွှင့်ပြသစဉ်က ကြည့်ခဲ့ရဖူးတယ်။ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လုပ်ဆိုတဲ့ ခေတ်ကျပ်ကြီးထဲမှာပေါ့။ တိုင်းသူပြည်သားအားလုံး ငြိမ်ဝပ်ပိပြားစွာ နေကြရချိန်။ ဘောလုံးပွဲတွေက လူထုရဲ့ တစ်ခုတည်းသော ထွက်ပေါက်။ အလိုမကျမှုအားလုံး ဘောလုံးပွဲမှာ ပေါက်ကွဲတော့တာပါပဲ။ ကျွန်တော်တို့ကြည့်ခဲ့ရတဲ့ ပွဲက အမှတ်ပေးပွဲရဲ့ ဗိုလ်လုပွဲ။ နှစ်သင်းစလုံးကလည်း ထိပ်သီးအသင်းတွေ။ ဗိုလ်လုပွဲဖြစ်တော့ ပွဲအပြီးမှာ ဆုပေးပွဲကို တစ်ခါတည်း လုပ်သွားဖို့ စီစဉ်ထားတယ်။ နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင် ယူနီဖောင်းအပြည့်အစုံဝတ်ပြီး လာရောက်အားပေးကြတယ်။ ဗိုလ်လုပွဲမှာ ကန်မယ့် အသင်းနှစ်သင်းက ပရိသတ်အချစ်တော် ဘဏ္ဍာအခွန်နဲ့ ကာကွယ်ရေး။

ပွဲမစခင်ကတည်းက နှစ်ဖက်အသင်း ပရိသတ်တွေက ကွင်းထဲမှာ ပြည့်နေပြီ။ နှစ်သင်းစလုံးကလည်း အစွမ်းကုန် တွန်းတွန်းတိုက်တိုက် ခြေကုန်ထုတ် ကစားကြတယ်။ ဒိုင်လူကြီးတွေ ကိုယ်တိုင်ကလည်း ဖိအားအမျိုးမျိုးကြားမှာ အမှားအယွင်းမရှိအောင် သတိကြီးကြီးထားပြီး ပွဲကို ကိုင်တွယ်နေရတယ်။ ပထမပိုင်း ပြီးတဲ့အထိ တစ်ဖက်နဲ့ တစ်ဖက် ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘူး။ ပထမပိုင်းပြီးလို့ ၁၅ မိနစ် နားချိန်မှာ တီဗွီကြည့် ပရိသတ်က အချင်းချင်း သုံးသပ်ဝေဖန်ကြတယ်။ နှိုင်းနှိုင်းချိန်ချိန်နဲ့ စဉ်းစား ကြသူတွေကတော့ သရေပွဲနဲ့ ပြီးသွားနိုင်တယ်လို့ သုံးသပ်ကြတယ်။ ကျွန်တော်အပါအဝင် လူငယ်အချို့ကတော့ ပြည်သူ့အချစ်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘဏ္ဍာအခွန်အသင်းကသာ ဗိုလ်စွဲလိမ့်မယ်လို့ ထင်ကြေးပေးကြတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရင် ပထမပိုင်း ကစားပြီးချိန်အထိ နှစ်သင်းစလုံးက ခြေရည်တူ ကစားနိုင်ခဲ့ကြတဲ့ အသင်းတွေသာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူငယ်ပီပီ ဘဏ္ဍာအခွန်အသင်းကို ဗိုလ်စွဲစေချင်ကြတဲ့ စေတနာရှိတယ်။ ဒါကြောင့်လည်း ခြေရည်တူချင်း ဖြစ်ပေမယ့် ဘဏ္ဍာအခွန်ဘက်က ရပ်ခံခဲ့ကြတာ ဖြစ်တယ်။ ဒုတိယပိုင်း ပွဲပြန်စတော့ နှစ်သင်းစလုံး အတင်းဝင် အတင်းထွက် ကစားကြပြန်တယ်။ ကွင်းထဲက ပရိသတ်ရဲ့ အော်ဟစ်အားပေးသံတွေက တီဗီထဲအထိ ရောက်လာတယ်။ နိုင်ငံတော်အကြီးအကဲတွေလည်းနှစ်ယောက်ထိုင် ဆိုဖာခုံကြီးတွေပေါ် မိန့်မိန့်ကြီးထိုင်ရင်း အကြိတ်အနယ်ရှိလှတဲ့ ဘောလုံးပွဲကို ယူနီဖောင်းကြီးတွေနဲ့ ဣန္ဒြေရရ ထိုင်ကြည့်နေကြတယ်။ ဘဏ္ဍာအခွန်အသင်းရဲ့ ကွင်းလယ်လူဝင်းအောင်က ဒီနေ့မှ ခြေကုန်ထုတ် မကစားသလို ဖြစ်နေတယ်။ ပရိသတ်က ဝင်းအောင်ကို ကြည့်ပြီး အားမရကြဘူး။ ဝင်းအောင်ကတော့ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် အေးဆေးပဲ။ သူ့အလုပ်သူ ယုံယုံကြည်ကြည် လုပ်နေတဲ့ ပုံပါပဲ။

ဒုတိယပိုင်း ပြီးခါနီးလေ ပွဲရှိန်က မြင့်လာလေ။ ပွဲပြီးဖို့ မိနစ်ပိုင်းလောက်အလိုမှာ ဘောလုံးက ကာကွယ်ရေးနောက်တန်းနားမှာ တဝဲလည်လည် ဖြစ်နေတယ်။ ပွဲပြီးခါနီးမှာ ဘဏ္ဍာအခွန်က ထောင့်ကန်ဘော ရတယ်။ ထောင့်ကန်ဘောကို ဘယ်သူကန်လိုက်မှန်း မသိဘူး။ ကာကွယ်ရေးဂိုးပေါက်နားမှာ ဝဲကျလာတယ်။ ဘဏ္ဍာအခွန် အလယ်တန်းလူ ဝင်းအောင်က အပြေးသွားပြီး ခေါင်းခုန်တိုက်လိုက်တာ ကာကွယ်ရေးဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် တန်းဝင်သွားပါတော့တယ်။ တီဗီရှေ့မှာ ဘောလုံးပွဲကြည့်နေကြသူအားလုံး (ယောကျ်ား၊ မိန်းမ) အော်ဟစ်ခုန်ပေါက် ကခုန်ကြတယ်။ ဘောလုံးပွဲပရိသတ်ရဲ့ အောင်ပွဲခံတဲ့ ‘ဂိုး’ ဆိုတဲ့အသံက တစ်မြို့လုံး တုန်ဟည်းသွားတယ်ဆိုရင် ယုံလိုက်ကြပါ မိတ်ဆွေတို့။ ဘောလုံးဖြစ်စေ၊ အခြားအားကစားနည်းဖြစ်စေ နိုင်သင့်နိုင်ထိုက်တဲ့သူ နိုင်ရင် ပရိသတ်က ကျေနပ်တာပါပဲ။ မနိုင်သင့်သူတွေ နိုင်တဲ့အခါ လောကနိယာမ ပျက်စီးကုန်တော့တာပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ကြည့်ခဲ့ရတဲ့ ဘောလုံးပွဲကရလာတဲ့ ဘောလုံးဒဿနမျှသာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ဘောလုံးဒဿနတွေကိုလည်း အခါအခွင့်သင့်တဲ့ တစ်နေ့ နာကြားချင်ပါသေးတယ်။       ။

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀) မှ အမေ့ခံ ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."