ငါ့ရဲ့ အရိပ်ဟာ ဘယ်သူလဲ

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သုံးသပ်ချက်ဖြစ်ပါသည်

ဒေါက်တာစိုးခိုင်ရေးသည်။

မြန်မာနိုင်ငံ အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာနရဲ့အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က “မြန်မာနိုင်ငံမှာ အစားအစာ၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ကို ကြီးကြပ်စစ်ဆေး အတည်ပြု ထောက်ခံပေးရာမှာ FDA ဟာ တစ်ခုတည်းသော အာဏာပိုင်အဖွဲ့အစည်း ဖြစ်ပါတယ်” လို့ မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိမှုကြောင့် သူ့ကို ဖမ်းဆီးတရားစွဲဆိုမှု မဖြစ်ခင်ကလေးက ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ဦးဆီက ငွေကြေးအကူအညီနဲ့ ပတ်သက်ဆက်စပ်ခဲ့လို့ဆိုတာ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

FDA နဲ့ ပတ်သက်ဆက်စပ်တယ်ဆိုကတည်းက စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်သာ ဖြစ်တတ်ပြီး ညွှန်ချုပ်အဆင့်ကို လာပတ်သက်တယ်ဆိုတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်နဲ့ အလှကုန်၊ လူသုံးကုန်တွေကို ဈေးဗန်းပခုံးသိုင်းလွယ်ပြီး ရောင်းနေတဲ့အဆင့် မဟုတ်တာတော့ သေချာသွားပြီ။

အခုကိစ္စမှာ ညွှန်ချုပ်ကိုသာ ဖမ်းဆီးတရားစွဲဆိုမှုရှိခဲ့ပြီး လာဘ်ပေးသူ လုပ်ငန်းရှင်ကတော့ ဘယ်သူဘယ်ဝါ ဘယ်ကုမ္ပဏီက ဖြစ်ပြီး လာဘ်ထိုးငွေပမာဏ ဘယ်လောက်လဲဆိုတာ ဖမ်းဆီးအရေးယူဖော်ပြခြင်း မရှိတာကို တွေ့ရပါတယ်။ လက်ဝါးနှစ်ဖက်တီးမှ အသံထွက်တဲ့အကြောင်းနဲ့အကျိုးမှာ အစိုးရညွှန်ချုပ် တစ်ဦးတည်းသာ ပြစ်ဒဏ်ဖြစ်ပြီး လုပ်ငန်းရှင်ဘက်က လေကလေးချွန်၊ ပန်းပန်လျက်ပဲဆိုရင် စားသုံးသူကာကွယ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ Something Wrong တစ်ခုခုတော့ မှားယွင်းလိုအပ်နေပြီဖြစ်ပြီး အဲဒီကွက်လပ်ကို မဖြည့်ဆည်းနိုင်သရွေ့ စားသုံးသူတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်သလို အဂတိလိုက်စားမှုကိုလည်း ထိထိရောက်ရောက် အရေးယူတိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။

အမျိုးသား အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန FDA ဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ရဲ့ တစ်ဦးတည်းသော အာဏာပိုင်ဖြစ်တယ်ဆိုရင် နှစ်ပေါင်း ၅၀ ကျော် တစ်မျိုးသားလုံးရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကို အစုတ်ပြတ်ဆုံးဖြစ်အောင် ရိုက်ချိုးဖျက်ဆီးခံထားရတဲ့ ဒီမြန်မာနိုင်ငံမှာ လွယ်လင့်တကူ အာဏာပိုင်ကနေ အာဏာရှင်ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။

ဒီကနေ့မှာ ပြည်သူလူထုရဲ့ မဲဆန္ဒအများစုနဲ့ ရွေးချယ်တင်မြှောက်ထားရတဲ့ အရပ်သားအစိုးရကိုတောင် ထိန်းညှိနိုင်ဖို့ လွှတ်တော်ဆိုတာထားပေးရချိန်မှာ (ဒါတောင် ကိစ္စရပ်အတော်များများမှာ အပြန်အလှန် ထိန်းညှိမှု Check and Balance ဖြစ်မလာဘဲ ပွတ်တိုက်မှုတွေ ရှိနေဆဲ) အစိုးရဌာနတွေနဲ့ ပြည်သူအကြားမှာ အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့ဆိုတာ အလွန်ခက်ခဲလှပြီး အဲဒါကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ Third Party ဆိုတာကို လုပ်ပိုင်ဆုံးဖြတ်ခွင့် ခွဲဝေပေးပြီး ထိန်းကျောင်းမှု၊ ပြန်လှန်ကြပ်မတ်စစ်ဆေးမှု(Counter Action) ပြုလုပ်စေဖို့ စဉ်းစားသင့်ပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ စားသောက်ကုန်လုပ်ငန်းမှာ နိုင်ငံတကာက အာရုံစိုက်လာရတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ နာမည်ကျော် စားသောက်ကုန်လုပ်ငန်း မဟာဘီလူးဖြစ်တဲ့ Nestle ကုမ္ပဏီက ထုတ်လုပ်တဲ့ Maggi တံဆိပ်အောက်က Maggi Instant Noodle (Masalar Flavor) မဆလာအရသာ အသင့်စား ခေါက်ဆွဲခြောက်မှာ ခဲဓာတ်ပါဝင်မှု (Lead Content) ဟာ သတ်မှတ်စံညွှန်းထက် ၁၀ ဆ ပိုမိုများပြားနေတယ် ဆိုပြီး Food Safety and Standards Authoring of India(FSSA) က ပြည်တွင်းရောင်းချလျက်ရှိသောနှင့် ပြည်ပတင်ပို့နေသော Maggi Instant Noodle အထုပ်ပေါင်း ဘီလီယံများ စွာကို ထုတ်လုပ်ရောင်းချ ပြည်ပတင်ပို့ခွင့် ရပ်ဆိုင်းလိုက်ပါတယ်။ တရားရုံးကလည်း FSSA ရဲ့ တင်ပြတောင်းဆိုချက်အရ အမိန့်ထုတ်ပြန်ပေးပါတယ်။

အဲဒီဖြစ်ရပ်မှာ Nestle ကုမ္ပဏီဟာ တစ်စုံတစ်ရာ စောဒကတက်မှုမပြုလုပ်ဘဲ ရှေးဦးစွာ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ ခေါက်ဆွဲထုပ်အားလုံးကို စင်ပေါ်ကနေ ဖယ်ရှားသိမ်းဆည်းမှု (Recall) လုပ်လိုက်ပြီး ပြည်ပသို့တင်ပို့နေဆဲ ခေါက်ဆွဲထုပ်အားလုံးကိုလည်း တင်ပို့မှုရပ်ဆိုင်းလိုက်ပါတယ်။

mk-69-analysis-drsk

ဒုတိယခြေလှမ်းအနေနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး Nestle(India) ရဲ့ တာဝန်ရှိသူက Maggi Noodle ထုတ်လုပ်မှုအဆင့်ဆင့်နဲ့ အရည်အသွေးစစ်ဆေးမှုလုပ်ငန်းစဉ် (Quality Assurance and Control) လုပ်ငန်းစဉ်အဆင့်ဆင့်ကို သိပ္ပံအကြောင်းအချက် အခြေခံ (Scientific Based) ရှင်းလင်းတင်ပြခြင်း (Technical Presentation) ကို ပြုလုပ်ပြီးနောက် Nestle ကုမ္ပဏီထုတ် Maggi Instant Noodle ဟာ လုံခြုံစိတ်ချရမှုရှိပြီး ဘေးကင်းစွာစားသုံးနိုင်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ကြေညာချိန်မှာ FSSA ရဲ့ ကြေညာချက်နဲ့ တရားရုံးအမိန့်ကလည်း တည်ရှိနေဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ တရားရုံးအမိန့် ဖီဆန်မှု၊ နိုင်ငံတော်အသရေဖျက်မှုကနေ အစိုးရကို ပုန်ကန်မှုအထိ ဖြစ်သွားနိုင်ပါတယ်။

တတိယခြေလှမ်းအနေနဲ့ Nestle က Maggi Noodle တင်သွင်းကြသူ Importer Countries တွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ ဂျပန်၊ ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံဆီကို Maggi Noodle နမူနာထုပ်တွေကို ပို့ပေးပြီး ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးမှု Food Test and Analysis လုပ်စေခဲ့ပါတယ်။ အဲဒီနိုင်ငံ ဓာတ်ခွဲခန်းတွေဆီက တညီတညွတ်တည်းရလာတဲ့ အဖြေကတော့ Maggi Noodle ထဲမှာ ခဲဓာတ်ပါဝင်မှုဟာ သတ်မှတ်စံချိန် ကျော်လွန်ခြင်းမရှိဘဲ ပုံမှန်ပဲရှိပြီး စိတ်ချလက်ချ ဘေးအန္တရာယ်ကင်းစွာ စားသုံးနိုင်တယ် ဆိုတာပါပဲ။ အဲဒီနိုင်ငံအားလုံးဟာ နည်းပညာမှာရော၊ ဓာတ်ခွဲခန်းအသုံးအဆောင်၊ နည်းစနစ်နဲ့ ကျွမ်းကျင်မှုမှာပါ အိန္ဒိယထက်များစွာ သာလွန်ခေတ်မီတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။

အဲဒီနိုင်ငံအားလုံးရဲ့ ဓာတ်ခွဲခန်းရလဒ်အဖြေမှာတော့ Maggi Noodle မှာ ပါဝင်တဲ့ ခဲဓာတ်ဟာ သတ်မှတ်ပါဝင်သင့်တဲ့ စံနှုန်းအတိုင်းပဲ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်လို့ အဖြေထွက်ပါတယ်။ Nestle ဟာ အဲဒီဓာတ်ခွဲခန်းရလဒ် အဖြေကို ကိုးကားပြီးတော့ FSSA India ရဲ့ အဖြေတွေ့ရှိချက်ကို ပြန်လည်စစ်ဆေးပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထား အသနားခံပါတယ်။ တရားရုံးရဲ့ရုံးမိန့်အရ FSSA က ပြန်လည်စစ်ဆေးရာမှာတော့ ယခင်တွေ့ရှိချက်က မှားယွင်းနေပြီး Maggi Noodle မှာ ပါဝင်တဲ့ ခဲဓာတ်ဟာ သတ်မှတ်ချက်ကို ကျော်လွန်ခြင်းမရှိဘူးလို့ အဖြေထွက်ပါတယ်။ Maggi Nestle က အဆိုပါ စာရွက်စာတမ်းအပြည့်အစုံနဲ့ ပြန်လည်ထုတ်လုပ်ရောင်းချခွင့်နဲ့ ပြည်ပတင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုပေးရေး အယူခံဝင်တဲ့အခါမှာတော့ အနိုင်ရပြီး ပြန်လည်ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ပြည်ပနိုင်ငံတွေကလည်း လက်ခံမှာကြားကြလို့ ပြန်လည် Export လုပ်ခဲ့ပါတယ်။

ဒီအတွင်းမှာ FSSA အပေါ် ဝေဖန်မှုတွေ များစွာထွက်ပေါ်ခဲ့ပါတယ်။ နိုင်ငံအတွင်းတစ်ခုတည်းသော လုပ်ပိုင်ခွင့်ရ အစိုးရယန္တရားတစ်ခုအနေနဲ့ လူသန်းပေါင်းများစွာနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကိစ္စရပ်တစ်ခုမှာ စေ့စပ်သေချာစွာ မစစ်ဆေးနိုင်ခဲ့တာ ဘာကြောင့်လဲ။ အဲဒီစစ်ဆေးတွေ့ရှိချက်ဟာ စားသုံးသူ သန်းပေါင်းများစွာရဲ့ ကျန်းမာရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတစ်ခုရဲ့ ရပ်တည်မှုကို ဒေါ်လာဘီလီယံချီ ရိုက်ခတ်မှုတွေရှိလာတဲ့အခါ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုအပေါ် ဘယ်သူက တာဝန်ခံရမှာလဲဆိုတဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။

တစ်ချိန်တည်းမှာပဲ FSSA ရဲ့ မှားယွင်းမှုဟာ ပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာတဲ့ မတော်တဆ မှားယွင်းမှုလား၊ စီးပွားရေးလောကမှာ ဖြစ်တတ်တဲ့ ပြိုင်ဆိုင်တိုက်ခိုက်မှုရဲ့ ဖြစ်ရပ်တစ်ခုလားဆိုတာ ဆန်းစစ်ရှာဖွေချင်တဲ့ အုပ်စုရှိလာပြီး အစိုးရအနေနဲ့ ဒီကိစ္စရပ်မှာ ထဲထဲဝင်ဝင်ပါဝင်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။ ဒီကိစ္စဟာ ကမ္ဘာတစ်ဝန်း တုန်လှုပ်ချောက်ချားစေခဲ့တဲ့ သာလီဒိုမိုက် (Thalidomide) ဖြစ်ရပ်ကို ပြန်ပြောင်းသတိရစေကြပြီး စားသုံးသူတွေရဲ့ ကံကြမ္မာဟာ ကြီးကြပ်ကွပ်ကဲတဲ့ FDA ရဲ့  မှန်ကန်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေတယ်ဆိုတာ ထင်ရှားစေခဲ့ပါတယ်။ သာလီဒိုမိုက်ဖြစ်ရပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က FDA တွေက ထောက်ခံခွင့်ပြုပေးခဲ့တာကိုFDA(US) က အချိန်မီ တားဆီးဖော်ထုတ်နိုင်ခဲ့တာကြောင့် လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေမှာ သတိထားမိစေတာက Nestle India အမှုမှာ တခြားဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံက ဓာတ်ခွဲစစ်ဆေးမှု အဖြေတွေဟာ Third Party Check and Balance by Comparison ဖြစ် Thalidomide မှာတော့ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေတဲ့ ဘေးထွက်ဆိုးကျိုးတွေက သက်သေခံလျက် ရှိနေချိန်မှာ FDA(US) ရဲ့ စွမ်းဆောင်မှုက ပေါ်လွင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ အစားအစာနဲ့ ဆေးဝါးစမ်းသပ်စစ်ဆေးကြီးကြပ် ကွပ်ကဲမှုမှာ Third Party ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား လာရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားစားသောက်ကုန် နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန FDA(Myanmar) နဲ့ ပူးပေါင်းလုပ်ဆောင်ခွင့် ရှိတဲ့ Third Party for Check and Balance ရှိပါပြီလား။ ရှိဖို့ လို၊ မလို လွှတ်တော်က ဘာကြောင့်မဆွေးနွေးသလဲ။

(ဆက်လက်ဖော်ပြပါမည်)


#mawkun #magazine #chronicle #analysis #no_69


 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."