ခါးပိုက်နှိုက်ဒဏ် အလူးအလဲခံနေရတဲ့ ရန်ကုန်

ရန်ကုန် – နိုဝင်ဘာ ၂၀၂၃ (မော်ကွန်း)

ကုမ္ပဏီဝန်ထမ်းကိုစိုးကြီးဟာ နေထိုင်ရာတောင်ဒဂုံကနေ ရုံးရှိရာသာကေတကိုသွားဖို့ လူတွေပြည့်ကျပ်နေတဲ့ YBS-၉၅ ကို ရုံးချိန်မီရေး တိုးတိုးခွေ့ခွေ့နဲ့ သူတက်စီးခဲ့ပါတယ်။

ဒီလိုနဲ့ ဆင်းမယ့်မှတ်တိုင်နီးလာလို့တံခါးပေါက်နားကို သူရွှေ့တဲ့အခါ သူ့အနားကို လူသုံးဦးတိုးကပ်လာတာကို သတိထားမိလိုက်တယ်။ သူ့ကိုအတင်းပူးကပ်နေတဲ့ ထိုသုံးဦးကိုမသင်္ကာတာကြောင့် ရင်ဘက်မှာလွယ်ထားတဲ့ကျောပိုး အိတ်ကို စမ်းကြည့်တဲ့အခါ ကျပ်ငါးသိန်းလောက်တန်တဲ့ဖုန်းမရှိတော့ပါဘူး။

“အဲဒါနဲ့ ရှေ့ကကပ်တဲ့တစ်ယောက်ကို လှမ်းဆွဲထားလိုက်တာ။ သူ့အိတ်ကိုစစ်တော့ ကျွန်တော်ဖုန်းမရှိဘူးဗျာ။ အနော်မာ မှတ်တိုင်ရောက်တော့ လေး၊ ငါးယောက်ဆင်းသွားတာပေါ့ဗျာ။ ကျွန်တော်လည်းလိုက်ဆင်းပြီး နောက်တစ်ယောက်ကို ပြေးဆွဲ လိုက်တာ၊ မင်းနေဦးဆိုပြီး လှမ်းဆွဲပြီးစစ်တော့ သူ့လက်ထဲကဖုန်းကလည်း ကျွန်တော့်ဖုန်းမဟုတ်ဘူး” လို့ ဩဂုတ်လ နှောင်းပိုင်းတုန်းကကြုံခဲ့ရတဲ့အဖြစ်ကို ကိုစိုးကြီးကပြန်ပြောပြတယ်။

ကားပေါ်မှာသူ့နားပူးကပ်တဲ့သူတချို့ကို ဒေါသတကြီးနဲ့ရှာဖွေတာမျိုးလုပ်ပေမယ့် အဲဒီလူတွေကတော့ သူ့ကိုတစ်စုံတစ်ရာ ပြန်ရန်ပြုတာမျိုးတော့မရှိခဲ့ဘူးလို့ ကိုစိုးကြီးကပြောပြတယ်။

ဖုန်းပြန်မရတာကြောင့် စိတ်လေပြီးကားမှတ်တိုင်မှာခဏထိုင်နေတုန်း ခပ်လှမ်းလှမ်းနေရာမှာ ကားပေါ်တုန်းက သူ့ကိုအတင်းတိုးကပ်ပူးညှပ်ခဲ့ကြတဲ့ လူသုံးယောက်ဟာ အငှားကားတစ်စီးကိုတားပြီး အတူတူစီးသွားကြတာကို မြင်လိုက်ရတယ်လို့ သူကဆိုတယ်။

“ကားပေါ်မှာကျွန်တော့်နားကပ်တာ သူတို့ပဲရှိတာ။ ဖုန်းကလည်း သူတို့ကပ်ပြီးမှပျောက်သွားတာ။ ရင်နာတာက အဲဒီ သုံးယောက် ကားအတူတူငှားစီးသွားတာ မြင်လိုက်ရတာပဲ။ လိုက်လို့လည်း မမီတော့ဘူး” လို့ သူက ပြောပါတယ်။

ခါးပိုက်နှိုက်ခံလိုက်ရတဲ့ဖုန်းကို သူကအရစ်ကျနဲ့ဝယ်ခဲ့ရတာပါ။ တစ်လကို ကျပ်တစ်သိန်းကျော်သွင်းပြီး အကြွေးဆပ်နေတာ မကျေသေးခင် ဒီအဖြစ်နဲ့ကြုံခဲ့ရတာပါ။ အခုတော့ အရင်အကြွေးမကျေသေးတဲ့အပြင် နောက်ဖုန်းတစ်လုံးပါ မဖြစ်မနေ အရစ်ကျနဲ့ထပ်ဝယ်လိုက်ရတဲ့သူ့အဖြစ်က အများသူငါကျပ်တည်းကြတဲ့ အခုလိုကာလမှာ တစ်ပူပေါ်နှစ်ပူဆင့်စေတဲ့ အဖြစ် တစ်ခုပါ။

မှုခင်းဖြစ်စဉ်နဲ့တကွ မှတ်တမ်းတင်ထားတဲ့ဖြစ်ရပ်တွေ အလုံအလောက်မရှိပေမယ့် ဒီလိုအဖြစ်မျိုးကြုံရတာက ကိုစိုးကြီး တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

YRTC ရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်မှာ နေ့စဉ် YBS ယာဉ်ပေါင်း ၃,၆၀၀ ကျော် ပြေးဆွဲပေးနေပြီး ခရီးသည်တစ်သန်း ကျော်က နေ့စဉ်အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီလူတွေဟာ ကိုစိုးကြီးလိုအဖြစ်မျိုးနဲ့ အချိန်မရွေးကြုံတွေ့နိုင်တဲ့ အခြေအနေအောက်မှာ သွားလာနေကြရတာပါ။

(လမ်း၅၀ မှတ်တိုင်မှာ ဘတ်စ်ကားစီးနေသူများ Photo – Mawkun)

ရန်ကုန်မြို့ကဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်တာ၊ အုပ်စုဖွဲ့လုယက်တာတွေအပြင် အနုကြမ်းစီးတဲ့ဖြစ်စဉ်တွေအထိ ရှိလာနေတယ်လို့ ကာယကံရှင်တွေကိုယ်တိုင်ရင်ဖွင့်ကြတဲ့ လူမှုကွန်ရက်ရေးသားချက်တွေမှာ တွေ့ရပါတယ်။

“ကားပေါ်လူကျပ်လည်း ပေါ်တင်လုယက်နေကြတာ။ အခုက ခါးပိုက်နှိုက်အဆင့် မဟုတ်တော့ဘူး။ အနုကြမ်းစီးတာဖြစ်နေပြီ။ သူတို့က အဖွဲ့လိုက်လုပ်ကြတာ။ အလုခံရလို့ ပြန်ချရအောင်ကလည်း သူတို့ဆီမှာလက်နက်ပါ၊ မပါမသိဘူးလေ။ ဒါတောင် ဘေးလူတွေကဝိုင်းကူဦးမှ” လို့ ရန်ကုန်မြို့ထဲက ရွှေဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းလုပ်နေတဲ့ ကိုငြိမ်းချမ်းကပြောပါတယ်။

ဒီနှစ်ဇူလိုင်တုန်းက သင်္ဃန်းကျွန်းစံပြဈေးကနေ ဆူးလေကို YBS – ၁၁၃ စီးပြီး မြို့ထဲကို ကိုငြိမ်းချမ်းလာချိန်မှာ ကျပ်ညပ်နေတဲ့ လူတွေကြားထဲမှာပဲ လူသုံးဦးက ဓားနဲ့ထောက်ကာ သူ့ရဲ့ ကျပ်ဆယ့်လေးသိန်းကျော်တန်တဲ့အိုင်ဖုန်းကို လုယူသွားခဲ့ပါတယ်။

“ပထမ လူကျပ်တော့ဒီတိုင်းတိုးလာတယ်ထင်တာ။ ပြီးမှသူတို့က ဝိုင်းပြီးဓားထောက်၊ လက်ထဲကနေယူသွားတာ။ အသာလေးပဲ။ ကားပေါ်မှာ ဘယ်သူမှတောင်မသိလိုက်ဘူး။ ပြန်လည်းမလုပ်ရဲတော့ ဒီတိုင်းပေးလိုက်ရတာ။ သူတို့ကရပြီး နောက်မှတ်တိုင်မှာ ပြေးဆင်းသွားတယ်” လို့ သူကြုံခဲ့ရတဲ့အဖြစ်ကို ကိုငြိမ်းချမ်းကပြန်ပြောပြတယ်။

ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်၊ အလုယက်ခံရတဲ့သူတွေကို ရဲတိုင်ပြီးအမှုဖွင့်တာမျိုးရှိ၊ မရှိ မော်ကွန်းကမေးမြန်း ကြည့်ရာမှာတော့ အလုပ်ရှုပ်မှာ၊ အချိန်ကုန်မှာစိုးတာနဲ့ ရဲစခန်းကိုမသွားလိုတာတွေကြောင့် အမှုမဖွင့်ကြဘူးလို့ ပြစ်မှုကျူးလွန်ခံခဲ့ရသူ တချို့ကဆိုပါတယ်။

“ဖုန်းတစ်လုံးအတွက်နဲ့ အလုပ်ရှုပ်မခံချင်ဘူး။ ရဲစခန်းသွားအမှုဖွင့်လည်း ဒီကောင်တွေက ဘာလုပ်ပေးနိုင်မှာလဲ။ သူတို့တောင် မလုံခြုံလို့ အပြင်ထွက်ကြတာမဟုတ်ဘူး။ အချိန်ကုန်ငွေကုန်နဲ့ လူပန်းတာပဲရှိမယ်” လို့ ကိုငြိမ်းချမ်းက ပြောပါတယ်။

လွတ်ငြိမ်းထဲက ရာဇဝတ်သား YBS ပေါ်ရောက်လို့သွား

၂၀၂၁ ဖေဖော်ဝါရီမှာ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အရပ်သား ၄,၀၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ၂၅,၀၀၀ ကျော်ကို ဖမ်းထားတယ်လို့ ဒါကို စောင့်ကြည်နေတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (AAPP) က ဒီလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီအတောအတွင်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (၁၃) ကြိမ်ပေးခဲ့ပြီး နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးကနေ လူပေါင်းရှစ်သောင်းကျော်လွှတ်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားက ရှစ်ထောင်နီးပါးပဲပါခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ မှတ်တမ်းတွေမှာဖော်ပြတယ်။ ပြန်လွှတ်ပေးသူအများစုကတော့ ရာဇဝတ်သားတွေဖြစ်နေတာ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကလည်း ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်တွေကျက်စားကြတာရှိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း တရားဥပဒေစိုးမိုးရေးကျဆင်းနေတဲ့ အခြေအနေအောက်မှာ ခါးပိုက်နှိုက်တာတွေအပြင် အုပ်စုဖွဲ့အနုကြမ်းစီးတာ၊ အုပ်စုဖွဲ့ရန်ပြုတာတွေကိုပါ ဘတ်စ်ကားတွေပေါ်မှာ ကြုံလာနေရတယ်လို့ ရာဇဝတ်မှုကျူးလွန်ခံခဲ့ရသူတွေကဆိုကြပါတယ်။

YBS လမ်းညွှန်ဆိုတဲ့ဖေ့စ်ဘွတ်ဂရုမှာ ဘတ်စ်ကားတွေပေါ်မှာကြုံခဲ့ရတဲ့ ခါးပိုက်နှိုက်မှုတွေကို ကာယကံရှင်တွေက ပြန်လည်မျှဝေကြပါတယ်။ မော်ကွန်းက အဲဒီဖြစ်စဉ်တွေကို စာရင်းလုပ်ကြည့်ရာမှာ ၂၀၂၁ ဖေဖော်ဝါရီကနေ ဒီနှစ် အောက်တိုဘာ ၆ ရက်အထိ ခါးပိုက်နှိုက်မှုပေါင်း ၄၁၄ မှုကို ကြုံ့ခဲ့ရသူတွေက ပြန်လည်ဝေမျှထားတာ တွေ့ရပါတယ်။ ဒီနှုန်းက အာဏာသိမ်းထားတဲ့ ၉၇၈ ရက်နဲ့ တွက်ကြည့်ရင် တစ်ပတ်ကို ခါးပိုက်နှိုက်မှု သုံးကြိမ်လောက်ဖြစ်နေတဲ့ အဓိပ္ပါယ်ပါ။

ဒါပေမဲ့ ဒီအရေအတွက်က ကာယကံရှင်တွေက ရေးသားမျှဝေတဲ့အမှုကိုသာ ရေတွက်ထားတာဖြစ်ပြီး တခြားဂရုတွေမှာ၊ ကိုယ်ပိုင်အကောင့်တွေမှာ၊ သို့မဟုတ် ထုတ်ဖော်မပြောခဲ့ကြတဲ့ အမှုအခင်းအရေအတွက်တွေ မပါသေးပါဘူး။

ဒီအတောအတွင်း ခါးပိုက်နှိုက်မှု အများဆုံးကြုံတွေ့ရတဲ့ YBS ယာဉ်လိုင်းတွေဟာ ၆၊ ၁၄၊ ၁၆၊ ၂၁၊ ၂၂၊ ၂၅၊ ၃၄၊ ၃၅၊ ၄၂၊ ၅၆၊ ၆၀၊ ၆၁၊ ၆၅၊ ၇၇၊ ၈၁၊ ၉၂၊ ၉၄၊ ၉၅၊ ၁၀၃ စတဲ့ယာဉ်လိုင်းတွေဖြစ်ပြီး မနက်ပိုင်းရုံးတက်ချိန်တွေနဲ့ ညနေပိုင်းရုံးဆင်းချိန်တွေမှာ အဖြစ်များတာကို ကြုံတွေ့ခဲ့ရသူတွေရဲ့ ရေးသားချက်တွေမှာ တွေ့ရပါတယ်။

အဲဒီယာဉ်လိုင်းတွေအထဲ YBS-၆၅ နဲ့ ၃၅ ယာဉ်လိုင်းတွေမှာ ခါးပိုက်နှိုက်လုယက်မှု အများဆုံးကြုံတွေ့ရတာကို တွေ့ရပါတယ်။ YBS-၆၅ ယာဉ်လိုင်းကတော့ ရန်ကုန်မြို့တွင်း ဗိုလ်တထောင်ဘုရားနဲ့ ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ ရွှေပြည်သာ(ဝါးတရာ) ကို ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး YBS-၃၅ ယာဉ်လိုင်းကတော့ လမ်းမတော်မြို့နယ်(မော်တင်)ကနေ ထောက်ကြံ့မြို့နယ်ဘက်ကို ပြေးဆွဲနေတဲ့ယာဉ်လိုင်း ဖြစ်ပါတယ်။

(YBS ပေါ် တိုးဝှေ့စီးနေကြသော ခရီးသည်များ Photo – Mawkun)
နိုင်ငံရေးအကျဉ်းသားတွေကို ဖောချင်းသောချင်းဖမ်းသလောက် ပြန်လွှတ်ပေးဖို့တွန့်တိုနေတဲ့ စစ်ကောင်စီဟာ ရာဇဝတ်သားတွေကိုတော့ ဗုံးပေါလအောလွှတ်ပေးနေတာပါ။ အကျိုးဆက်က နေခင်းကြောင်တောင် မြို့လယ်ခေါင်မှာကို မလုံခြုံမှုနဲ့ မြို့သူမြို့သားတွေ ကြုံနေရတာပဲဖြစ်ပါတယ်။

သာကေတမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကို ပြေးဆွဲတဲ့ YBS-၄၂ ယာဉ်လိုင်းပေါ်မှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီနှောင်းပိုင်း တုန်းက အုပ်စုဖွဲ့ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။ ခရီးသည်တွေနဲ့အတူ ရောနှောစီးလာတဲ့ လူတစ်စုဟာ မြောက်ဥက္ကလာပမြို့နယ်၊ ဣဒြာမှတ်တိုင်အရောက်မှာ အသင့်ပါလာတဲ့ဓားတွေထုတ်ပြီး လုယက်သွားတာပါ။

လုယက်မှုကြောင့် ခရီးသည် ၁၀ ဦးကျော်ဆီက ရွှေ၊ ငွေ ပစ္စည်းတချို့နဲ့ ဖုန်းတွေပါဆုံးရှုံးခဲ့ရသလို ယာဉ်မောင်းဖြစ်သူရဲ့ ဖုန်းပါ လုယူသွားခဲ့ကြတာပါ။

“ကားပေါ်မှာ ခရီးသည်နည်းတုန်းလုသွားတာ။ လူများရင်တော့ အဲဒီကောင်တွေမလုပ်ရဲဘူး” လို့ ဣဒြာမှတ်တိုင်အနီး နေထိုင်သူတစ်ဦးက အဲဒီဖြစ်စဉ်အပေါ်မှတ်ချက်ပေးပါတယ်။

အဲဒီနှစ်ကုန်ပိုင်း နိုဝင်ဘာလ ၅ ရက်ကနေ ၈ ရက်အထိ လေးရက်ဆက်တိုက် YBS-၂၂ နဲ့ ၆၁ တွေအပေါ်မှာ ဓားပြတိုက် လုယက်မှုတွေ နှစ်ကြိမ်စီဖြစ်ခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်တွေအတွင်း ခရီးသည်တွေရဲ့ဖုန်းနဲ့ငွေကြေးတချို့ လုယက်တာ ခံခဲ့ကြရပါတယ်။

ပုံစံမျိုးစုံခါးပိုက်နှိုက်များ လူကြားထဲတိုးလို့သွား

ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်သူတွေဟာ အနည်းဆုံး နှစ်ယောက်ကနေ ခုနစ်ယောက်ဝန်းကျင်အထိ လှုပ်ရှားလေ့ရှိပြီး ခရီးသည်အတက်အဆင်းများတဲ့ ကားမှတ်တိုင်တွေမှာ ကျက်စားလေ့ရှိကာ နှိုက်နည်းမျိုးစုံနဲ့ ခိုးယူလေ့ရှိတယ်လို့ ကြုံတွေ့ဖူးသူ တချို့က ပြောပါတယ်။

“ကားပေါ်လူကျပ်တဲ့အချိန် အိပ်ငိုက်ချင်ယောင်ဆောင်တယ်၊ ဘေးကလူကို မသိမသာမှီချပြီး ကပ်နှိုက်တာမျိုးတွေရှိတယ်။ ကားပေါ်လူတွေ တိုးဝှေ့တက်ကြတဲ့အချိန် တစ်ထောင်တန်ထည့်ပြီး အကြွေကောက်ရင်း အပေါက်မှာလူကျပ်အောင်လုပ်တာ။ အဲဒီအချိန် သူတို့ထဲကလူတွေက အသာလေးယူတာမျိုးလည်း ရှိတယ်” လို့ မြေနီကုန်းမှာရှိတဲ့ စတိုးဆိုင်တစ်ခုက အရောင်းဝန်ထမ်း ကိုအောင်ထက်က သူကြုံတွေ့မြင်ဖူးတာကို ပြောပြတယ်။

ခါးပိုက်နှိုက်သမားတွေရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ ကိုမင်းမင်းထွန်းကတော့ လူကိုမိပေမယ့် ပစ္စည်းလက်ဝယ် မတွေ့တော့လို့ ဘာမှလုပ်လို့မရတဲ့ အဖြစ်အပျက်တွေလည်း ရှိတယ်လို့ ဆိုတယ်။

“ဒီကောင်တွေက အုပ်စုလိုက်လာပြီး နှိုက်ပြီးတာနဲ့လက်ပြောင်းလိုက်တာ။ အဲဒီတော့ နှိုက်တဲ့ကောင်မိတောင် ပစ္စည်း မတွေ့တော့ ဘာမှလုပ်လို့ကမရဘူး” လို့ သူကဆိုပါတယ်။

အဲဒီတုန်းက သူ့ကိုအတင်းကပ်တိုးတဲ့လူကိုရှာသလို အနားကလူတွေကိုလည်းရှာပေမယ့် သူ့ဖုန်းကတော့ပြန်မရတော့ပါဘူး။ ဒါအပြင် ခါးပိုက်နှိုက်လို့သူသံသယဝင်သူရဲ့ ညစ်တီးညစ်ပတ်အဆဲအဆိုကိုပါခံလိုက်ရတယ်လို့ ကိုမင်းမင်းထွန်းက ပြောပြတယ်။

ယာဉ်မောင်းပါမချန် ရန်ပြုပြန်

ဒဂုံတက္ကသိုလ်ကနေ သခင်မြပန်းခြံကို ပြေးဆွဲနေတဲ့ YBS -၁၁၇ ယာဉ်ပေါ်မှာ ဒီနှစ် ဩဂုတ် ၁၈ ရက်က ခရီးသည်နှစ်ဦးဟာ ချော်တွင်းကုန်းမှတ်တိုင်နားအရောက်မှာ ခါးပိုက်နှိုက်ခံရလို့ သိသိချင်းအော်ပြောခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူက ကားတံခါးဖွင့်မပေးဘဲ နီးစပ်ရာရဲစခန်းကို မောင်းပို့ဖို့လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီမှာ လူနှစ်ဦးက ကားပေါ်ကဆင်းချိန်မရလိုက်တာကြောင့် အော်ဟစ်ဆဲဆိုပြီး ယာဉ်မောင်းဖြစ်သူကို ထိုးကြိတ်ရိုက်နှက်ဖို့ လုပ်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပြပါတယ်။

“သူတို့က အလုပ်နောက်ကျနေပြီ၊ ရပ်ပေး၊ တံခါးဖွင့်ပေးနဲ့ အော်တာ၊ ကားတစ်စီးလုံး သူတို့အသံချည်းပဲ။ ယာဉ်မောင်းကို တံခါးဖွင့်မပေးလို့ ဝိုင်းထိုးဖို့လုပ်တာ” လို့ အဲဒီ့ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ခရီးသည်တွေလည်း ယာဉ်မောင်းကိုရန်မပြုဖို့ ဝိုင်းအော်ပြောခဲ့ကြပြီး ယာဉ်မောင်းက ကားတံခါး ဖွင့်ပေးလိုက်ချိန်မှာ အဲဒီလူနှစ်ဦးကအော်ဟစ်ဆဲဆိုပြီး ဆင်းသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကူညီချင်တဲ့ယာဉ်မောင်းလည်း ခရီးစဉ်ကို ပုံမှန်အတိုင်းဆက်လက်မောင်းနှင်ခဲ့ရပြီး ခါးပိုက်နှိုက်ခံရတဲ့ ခရီးသည် နှစ်ဦးကတော့ ဖုန်းပြန်ရ၊ မရ သူလည်းမသိတော့ဘူးလို့ မျက်မြင်ကြုံခဲ့ရသူက ပြောပါတယ်။

YBS ယာဉ်မောင်းတချို့က သူတို့ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ၊ လုယက်ခံရတာတွေကို ခရီးသည်ကပြောတဲ့အခါ ရဲစခန်းကို ကားမောင်းပို့ပြီး ကူညီတတ်ကြပေမယ့် ယာဉ်မောင်းအများစုကတော့ မသိချင်ယောင်ဆောင်ပြီး နေတတ်ကြတယ်လို့ ကြုံတွေ့ ရသူ ခရီးသည်တချို့ကပြောကြပါတယ်။

ယာဉ်မောင်းအများစု မကူညီရဲတာဟာလည်း အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်ကြတဲ့ ခါးပိုက်နှိုက်တွေဟာ သူတို့ယာဉ်နံပါတ်ကို မှတ်သားထားပြီး CNG ဂတ်စ်ဖြည့်ဖို့ တန်းစီချိန်၊ ညပိုင်းယာဉ်သိမ်းပြီး အိမ်ပြန်ချိန်တွေမှာစောင့်ပြီး အန္တရာယ်ပေးတဲ့ ဖြစ်စဉ်တွေရှိတာကြောင့်လို့ YBS-၂၂ ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးကဆိုပါတယ်။ ဒီယာဉ်လိုင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ယာဉ်ပေါ်အနုကြမ်းစီးမှုဖြစ်စဉ်နဲ့ နှစ်ကြိမ်ကြုံခဲ့ရဖူးတဲ့ယာဉ်လိုင်းပါ။

“ကျွန်တော်တို့ကလည်း ခါးပိုက်နှိုက်တွေ ကားပေါ်ပါလာရင် တည့်ကြီးတော့အော်မပြောရဲဘူးပေါ့။ ဒါပေမယ့် ခရီးသည်တွေ ကိုတော့ ဖုန်းတွေ၊ အိတ်တွေ၊ သတိထားကြဖို့ အမြဲတမ်းအော်တယ်။ ကားပေါ်က ဆင်းကာနီး ကိုယ့်ပစ္စည်းတွေ အမြဲတမ်းစစ်ဖို့ အော်ပြောတာပေါ့။ ကျွန်တော်တို့လည်း အဲဒါလောက်ပဲလုပ်နိုင်တာ။ တစ်ခုခုဆို ကိုယ့်ပြန်ရန်မူမှာက ကြောက်ရသေးတယ်ဗျာ” လို့ အမည်မဖော်လိုတဲ့ YBS-၂၂ ယာဉ်မောင်းက ပြောပါတယ်။

(ရန်ကုန်မြို့ ပန်းဆိုးတန်းကားမှတ်တိုင်မှာ ရုံးဆင်းချိန် YBS စီးဖို့စောင့်နေသူများ Photo – Mawkun)

အတင့်ရဲတဲ့ခါးပိုက်နှိုက် အုပ်စုဖွဲ့ကာလိုက်လို့ရိုက်

အုပ်စုဖွဲ့လှုပ်ရှားလေ့ရှိတဲ့ ခါးပိုက်နှိုက်ဂိုဏ်းတွေဟာ ကားပေါ်မှာ သူတို့ခါးပိုက်နှိုက်နေချိန် မြင်တွေ့သူကသတိပေးတာ၊ ဓါတ်ပုံရိုက်မှတ်တမ်းယူတာမျိုးတွေ့ရင် ထိုလူကို အုပ်စုနဲ့ထိုးကြိတ်ရန်ပြုလေ့ရှိတယ်လို့ ခရီးသည်တချို့က ပြောပါတယ်။

ဒီနှစ် ဇူလိုင် ၁၇ ရက်က YBS-၆၅ ယာဉ်ပေါ်မှာ ခါးပိုက်နှိုက်အုပ်စု ပါလာတာမြင်လို့ ဆင်းခါနီးမှာ ကားပေါ်မှာခါးပိုက်နှိုက်တွေ ပါတယ်လို့ပြောမိတဲ့လူတစ်ယောက်ကို ခါးပိုက်နှိုက်အုပ်စုက အသက်အန္တရာယ်ပေးလို့ ကားပေါ်ကခုန်ချ အသက်လု ထွက်ပြေးခဲ့ရတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက YBS လမ်းညွှန်လူမှုကွန်ရက်စာမျက်နှာမှာ ပြန်ပြောပြထားပါတယ်။

“တစ်ယောက်က ထိုးမလို့ဆိုပြီးအနောက်ကိုလာတော့ ကျွန်တော်ကဓားပြန်ပြတော့ အဆင်းပေါက်နားက နှစ်ယောက်က ဆင်းသွားပြီး အနောက်ကကပ်ပါလာတဲ့ ပရိုဘောက်ကားပေါ်ကနေ ဝါးရင်းတုတ်တစ်ချောင်းနဲ့ ဝက်အူလှည့်အရှည် တစ်ချောင်းကိုဆင်းယူပြီး ကျွန်တော့်ကိုရိုက်မလို့ဆိုပြီး ပြန်တက်လာပါတယ်။ ကျွန်တော်လည်း ကားနောက်ဆုံးပေါက် မှန်တံခါးကနေပြေးဆင်းလာပြီး ထွက်ပြေးခဲ့ရပါတယ်” လို့ သူက ကြုံခဲ့ရတဲ့အဖြစ်ကို ပြန်လည်ရေးသားထားပါတယ်။

အဲဒီနေ့က လှိုင်ရဲစခန်းအနီးထိ သူ့နောက်ကနေ ခါးပိုက်နှိုက်အုပ်စုက ကားနဲ့လိုက်လာတာကြောင့် ရဲစခန်းအတွင်းဝင်ပြေးပြီး အကျိုးအကြောင်းပြောပြထားခဲ့ရတယ်လို့ သူကရေးသားထားပါတယ်။ ဇွန်လတုန်းကလည်း ဘတ်စ်ကားပေါ်မှာ ခရီးသည် တစ်ဦးကို ခါးပိုက်နှိုက် အဖွဲ့က ဝိုင်းဝန်းထိုးကြိတ်တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

“ကားအဆင်းတံခါးနားမှာ ခါးပိုက်နှိုက်ခံလိုက်ရတဲ့ ညီလေးက သူအနှိုက်ခံရတာသိသိချင်း ကားဆရာကို ကားတံခါးပိတ်ခိုင်း လိုက်တာ၊ ပိုက်ဆံအိတ်ပါသွားတာတဲ့။ ခါးပိုက်နှိုက်အဖွဲ့က နှိုက်ထားတဲ့ပစ္စည်း လက်လွှဲဖို့အချိန်မရလိုက်တော့ အောက်ကို ပစ်ချပြီး ကိုယ့်ဟာကိုယ်သေချာမကြည့်ဘူးဆိုပြီး ဝိုင်းထိုးကြတာ” လို့ အဲဒီဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပြ ပါတယ်။

ကူကယ်ရာမရှိ ကိုယ့်ကိုယ်ကိုယ်သတိ

ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်တွေဟာ ရုံးတက်ရုံးဆင်းချိန်တွေမှာ အများဆုံး ကျင်လည်ကျက်စားကြပေမယ့် ကားပေါ် ခါးပိုက်နှိုက်ခံရတာ၊ အလုခံရတာမျိုးဖြစ်ပါက ဝိုင်းဝန်းကူညီမယ့်သူ မရှိသလောက်ရှားတယ်လို့ ဘတ်စ်ကားစီးသူ တချို့က ပြောပါတယ်။

ကိုမြတ်သူဟာ ညနေပိုင်းရုံးဆင်းချိန်မှာ မရမ်းကုန်း ရှစ်မိုင်မှတ်တိုင်ကနေ YBS-၁၀၃ ယာဉ်လိုင်းကို စီးပြီး တောင်ဥက္ကလာကို ပြန်လာနေကျပါ။ သူဆင်းရမယ့်မှတ်တိုင်ရောက်ခါနီးမှာတော့ လူတစ်ဦးက သူရှေ့ဆက်တိုးမရအောင် ပိတ်ရပ်ထားပြီး အနောက်နဲ့ဘေးမှာလည်း နှစ်ဦးက ကပ်ရပ်ထားပါတယ်။ သူ့ကျောပိုးအိတ်ကို ပြန်စမ်းကြည့်ချိန်မှာတော့ ဖုန်းမရှိတော့ပါဘူး။

“သိသိချင်း ငါလည်း ဖုန်းပါသွားပြီဆိုပြီးအော်တာ။ ကားပေါ်ကဆင်းပြီး ခုနကသုံးကောင်ကို စစ်မလို့လုပ်တော့ တစ်ယောက်က လက်ထဲမှာတစ်ခုခုဆုပ်ကိုင်ထားတာ၊ ဓားလိုလို ဘာလိုလိုပဲ။ သူတို့နား လုံးဝအကပ်မခံဘူး။ ကားပေါ်တုန်းကလည်း လူ အများကြီး။ အောက်ရောက်တော့လည်း ဘေးမှာဆိုက်ကားဂိတ်လည်းရှိတယ်။ တစ်ယောက်မှ ဘာဖြစ်နေလဲဆိုပြီး ဝင်မကူဘူးကွာ” လို့ ဩဂုတ်လအစောပိုင်းက ခါးပိုက်နှိုက်နဲ့သူကြုံခဲ့ရပုံကို မချိတင်ကဲ ပြန်ပြောပြတယ်။

ကားစီးရင်း ရာဇဝတ်မှုကျူးလွန်ခံရရင် အမြန်ဆုံးအကြောင်းကြားနိုင်ဖို့ မြို့တွင်းပြေးဆွဲနေတဲ့ ကားတွေပေါ်မှာ YBS ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်နိုင်တဲ့ စက်တွေတပ်ဆင်ထားပြီး ရဲတပ်ဖွဲ့နဲ့ အလျင်အမြန်ချိတ်ဆက် အရေးယူနိုင်အောင် ဇာတ်တိုက်ထားတယ်လို့ YRTC က သူတို့သတင်းစာရှင်းလင်းပွဲတွေမှာ ပြောထားပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ စက်တွေက ထိန်းချုပ်ရေးစင်တာကို ကားသမားတွေဘက်က ဆက်သွယ်လို့မရဘူးလို့ ယာဉ်မောင်းလုပ်သက် ငါးနှစ်နီးပါးရှိနေပြီဖြစ်တဲ့ YBS-၇၁ ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးက ပြောပြတယ်။

“ယာဉ်တစ်စီးမှာ စက်နှစ်လုံးရှိတယ်။ YRTC က GPS ကနေ ပြောတာ။ CCTV ကပြောတာကျ (ယာဉ်လိုင်းပိုင်)ကုမ္ပဏီ ရုံးဌာန ကနေ လှမ်းပြောတာ။ ယာဉ်မောင်းတွေဘက်ကနေ သူတို့ကိုလှမ်းပြောလို့က မရဘူး။ သူတို့ဆီက လှမ်းပြောတာပဲ ရတယ်” လို့ သူက ပြောတယ်။

ဒါပေမဲ့ ခရီးသည်တွေအနေနဲ့ ယာဉ်တွေပေါ်မှာကပ်ထားတဲ့ ဖုန်းနံပါတ်တွေကတစ်ဆင့် ဖြစ်စဉ်တွေကို တိုင်ကြားနိုင်တယ်လို့ YBS-၇၁ ယာဉ်မောင်းက ပြောပြတယ်။ ပြီးတော့ ထိန်းချုပ်ရေးစင်တာက စောင့်ကြည့်တဲ့စက်တွေကို ကုမ္ပဏီပိုင် ကားတွေမှာသာတပ်ဆင်ထားပြီး ပုဂ္ဂလိကပိုင်ကားအများစုမှာ တပ်ဆင်ထားတာမျိုးမရှိဘူးလို့လည်း သူကဆိုတယ်။

ဒီလို အများပြည်သူအသုံးပြုတဲ့ယာဉ်တွေအပေါ်မှာ ခါးပိုက်နှိုက်လုယက်တာ၊ အုပ်စုဖွဲ့လုယက်တာနဲ့ အနုကြမ်းစီးတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး YRTC တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မန်ကို မော်ကွန်းက ဆက်သွယ်ပေမယ့် ယခု ဆောင်းပါးဖော်ပြချိန်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စက်တင်ဘာ ၇ ရက်က တစ်ကြိမ်ဖုန်းရတော့ ဦးလျန်ကျင့်မန်ကို ဒီအကြောင်းတွေမေးမြန်းဖို့ ကြိုးစားတဲ့အခါ “အဲဒီဟာ ရဲတွေဖမ်းရမှာ၊ ရဲဖမ်းရမှာ” လို့ ပြောနေရင်း ဖုန်းလိုင်းကျသွားပါတယ်။ မော်ကွန်းက ချက်ချင်းထပ်မံဆက်သွယ်ပေမယ့် ဖုန်းမကိုင်တော့ပါဘူး။

ပြစ်မှုကျူးလွန်သူတွေကို အာဏာပိုင်တွေဘက်က ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်တာကြောင့် ခါးပိုက်နှိုက်ဒဏ်ခံစားဖူးတဲ့ ကိုအောင်ထက်ကတော့ ဘတ်စ်ကားစီးတဲ့အခါ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ကြိုတင်ပြင်ဆင် ထားသင့်ပြီး အုပ်စုနဲ့ရာဇဝတ်မှုကျူးလွန်တဲ့ ဒီအဖွဲ့တွေကို ပြန်ချသင့်တယ်လို့ဆိုတယ်။

မိမိကိုယ်ကိုယ်ကာကွယ်ဖို့ လက်နက်အဖြစ်အသုံးပြုလို့ရတဲ့အရာတစ်ခုခုဆောင်ထားသင့်ပြီး သူကိုယ်တိုင်လည်း အိတ်ထဲမှာ ဓားအမြဲဆောင်ထားတယ်လို့ဆိုပြီး အခုလိုလည်းပြောပါတယ်။

“မိတဲ့သူအရင်လုပ်ပြီးလစ်တော့၊ လှည့်မကြည့်နဲ့။ ဒီကောင်တွေက အုပ်စုလိုက်မိုက်တဲ့ ကောင်တွေ။ ဖြစ်ရင်ဘယ်ကောင်မှဝင်မကူဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."