ရန်ကုန် – ၂၀၂၃၊ ဧပြီ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်အနောက်ခြမ်းရှိ အင်းပတ်ကွေ့စျေးတန်းကို ဒီနေ့နံနက် ၆း၀၀ နာရီဝန်းကျင်လောက်က အင်အား ၁၀၀ ကျော်ပါတဲ့ စကစ စစ်ကြောင်းထပ်မံဝင်ရောက်လာတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှဒေသခံ သောင်းချီထွက်ပြေးနေရတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှသိရပါတယ်။
“လတ်တလောစစ်ကြောင်းက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အောင်သာကျေးရွာထဲကိုရောက်ပြီးတော့ မီးစရှို့နေပြီ” လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှ်ိသူကပြောပါတယ်။
ယမန်နေ့နံနက်ပိုင်းကလည်း အင်အား ၉၀ ဝန်းကျင်နဲ့ ခင်ဦးမြို့နယ်ထဲဝင်ရောက်ခဲ့တာကြောင့်အနီးအနားရွာတွေမှဒေသခံငါးထောင်နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့မှာတော့ အင်အား ၁၀၀ ကျော်နဲ့ဝင်ရောက်လာခဲ့တာကြောင့်ဒေသခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရတာပါ။
မနေ့က စကစစ်ကြောင်းတွေဝင်ရောက်ခဲ့တဲ့အင်းပတ်ကျေးရွာ၊ အင်တိုင်းလေးတောင်ရွာ/မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ် စတဲ့ ကျေးရွာတွေအပါအဝင် အနီးအနားက ရွာပေါင်း ၂၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတာပါ။
နောက်ပြီး အဲဒီစကစတပ် စစ်ကြောင်းလှည့်ပတ်နေစဉ်အတွင်းမှာ မြကန်ကျေးရွာအနီးတဝိုက်မှာ စကစတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်ရှိခဲ့သလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ပကဖတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“ဒေသခံကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးကျတယ်လို့ ကျွန်တော်တို့အတည်ပြုထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းတွေကအစ သူတို့လက်ထဲရောက်သွားတယ်။ ကျွန်တော်တို့ခေါ်ကြည့်တော့ စစ်ကောင်စီတပ်သားတွေကိုင်ပြီးတော့ ပြောတာ။ နှစ်ယောက်တော့ကျသွားပြီ။” လို့ ပကဖတပ်ဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေအဖမ်းဆီးခံရတာတွေရှိပေမယ့်အတည်မပြုနိုင်သေးဘူးလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေပူးပေါင်းပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးကာ ပစ္စည်းတွေခိုးယူနေတာကြောင့် ခင်ဦးမြို့နယ်မှာအမြဲတမ်းစစ်ဘေးရှောင်နေရတဲ့ကျေးရွာ ၁၃ ရွာရှိပြီလို့သိရပါတယ်။
ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#Dailynews

