မြောင် – ၂၀၂၁ အောက်တိုဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်ညပိုင်းက မြောင် PDF စခန်းကို စစ်ကောင်စီတပ်တွေက PDF အသွင်နဲ့ ဝင်ရောက်စီးနင်းခဲ့ပေမဲ့ PDF ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က ထပ်မံရောက်ရှိလာပြီး စခန်းအနီးဝန်းကျင်က လူနေအိမ်ရှစ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ် လက်ယက်မကျေးရွာ ဘက်ကနေစတင်ဝင်ရောက်ပြီး ငမြောင်တောင်ရွာ အရှေ့ဘက်ရှိ ဒေါင်မြင့်တော တလျှောက် အိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ဖျက်ဆီး မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့မခံရဘဲ ကျန်ခဲ့တဲ့အိမ်တွေက ပြည်သူတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဖျက်ဆီးခံရတဲ့အိမ်တွေက ပြည်သူတွေဟာ တောထဲတောင်ထဲမှာ ရိုးရိုးသားသား ရှာဖွေစားသောက်နေကြတဲ့ ပြည်သူတွေပါ”လို့ မြောင်ဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ဖျက်ဆီးရုံတင်မကသေးဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူတချို့လည်း ဖမ်းဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
အနီးနားက ပြည်သူတွေကတော့ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရရာလက်နက်နဲ့ ခုခံတော်လှန်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – မီးရှို့ခံရတဲ့နေအိမ်များ။
ဓာတ်ပုံ-Myaung-SPD
#Dailynews

