ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေမနေ့မနက်ပိုင်းက တိုက်ခိုက်ရေးသုံးရဟက်ယာဉ်သုံးစီးနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဟောခိုဂေါ၊ မယ်တလင်နဲ့ ဆင်းပုလဲရွာတွေကို လေယာဉ်နဲ့ ၁၃ ကြိမ်နီးပါး ပစ်ခတ်ခဲ့တာလို့ မုန်းဒေသခံတစ်ဦးက ပြောပါတယ်။
“၁၁ နာရီလောက်က လာပစ်တာ။ ဒေသခံအထိခိုက်မှုကတော့ သေချာမသိရသေးဘူး။ အိမ်တွေတော့ အတော်များများပျက်စီးသွားတယ်ဗျ။ ရွာခံတွေကတော့ နီးစပ်ရာနေရာတွေ အကုန်ထွက်ပြေးနေရတာပဲ။ အခုထိပြန်လို့မရသေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲမှာ တပ်စွဲထားတာကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို အတိအကျကောက်ခံလို့မရသေးဘူးလို့ KNU ကလည်း ဆိုပါတယ်။
အဲဒီလေကြောင်းတိုခိုက်မှုကြောင့် ဟောခိုဂေါ၊ ဝိုင်းကြီး၊ ဆင်းပုလဲ၊ မယ်တလင်၊ လူအနဲ့ ထွာနီကုန်းရွာက ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေလိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်သိရဖို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ဖုန်းတွေကိုမော်ကွန်းကဆက်သွယ်ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ဩဂုတ်လအထိ နောက်ဆုံးကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေလေကြောင်းကနေတိုက်ခိုက်တာကြောင့် ထွက်ပြေးနေရတဲ့ မုန်းမြို့နယ်အတွင်း ကျေးရွာတွေကဒေသခံများ
ဓာတ်ပုံ-KNU
#Dailynews

