ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၄ (မော်ကွန်း)
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သေးဆူလဲနဲ့ ပူဖားကျေးရွာနှစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အခုလ ၂ ရက်က ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုတွေ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်သေပြီး ထိခိုက်ဒဏ်ရာရသူများပြားကာ ဦးတည်ရာမဲ့ထွက်ပြေးနေသူတွေလည်း ရှိတယ်လို့ KNDF က ဖော်ပြပါတယ်။
စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၉ က ဒုတပ်ရင်းမှူး ရဲလင်းနိုင်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး လက်အောက်ခံအရာရှိတွေနဲ့တပ်သားတွေကို အသေခံပစ်ခိုင်းခဲ့တယ်လို့ KNDF က ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့စခန်းတွေကို စီးနင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို သိရဖို့ KNDF ရဲ့ ဖုန်းကို ဆက်သွယ်နေပေမယ့် လက်ရှိအချိန်အထိတော့ ဆက်သွယ်လို့မရသေးပါဘူး။
အဲဒီတိုက်ခိုက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်တွေဆီက လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ ပြောင်း နှစ်လက်၊ RPG တစ်လက်၊ ငါးကြင်းမြီးတစ်လက်နဲ့ ကျည်ဆန်တွေ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်စခန်းတွေစီးနင်းခံရတဲ့ သေးဆူလဲနဲ့ ပူဖားကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်မှုကို ကရင်နီတပ်မတော် KA၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း-ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်းနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေစီးနင်းခံရမှုတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်တာမျိုး လက်ရှိအချိန်ထိမတွေ့ရသေးပါဘူး။
ပုံစာ-စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ချိန်မှာ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းများ
ဓာတ်ပုံ-KNDF
#Dailynews