ဘိုကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှာ ဒီကနေ့ နံနက်အစောပိုင်းက မြို့မရဲစခန်းထဲ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ ဒုရဲအုပ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲစခန်းထဲ ဗုံးကွဲသံထွက်ပေါ်လာပြီးနောက်ပိုင်း သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ပေါက်တဲ့အချိန်က အိပ်ချိန်ဖြစ်နေပြီ၊ အုန်းကနဲဆိုပြီး အသံကျယ်ကြီးကြားရတာ အဲ့နောက်ပိုင်းမှ သေနတ် တွေနဲ့ လိုက်ပစ်တာကြားရတာ ခုနှစ်ချက်လောက်ရှိတယ်။ နောက်ကလိုက်ပစ်တာမျိုး ရဲစခန်းကတော့ ဒါပထမဆုံး ပေါက်တာ”လို့ မြို့ခံက ပြောပါတယ်။
ဖောက်ခွဲတဲ့အဖွဲ့ကို သေနတ်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးပေမယ့် ဖမ်းမမိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိုကလေးမြို့မရဲစခန်းထဲ ဗုံးပေါက်ကွဲမှုဟာ ပထမအကြိမ်ဖြစ်ပြီး မနက်ပိုင်းမှာ မြို့အဝင်အထွက်ဂိတ်တွေနဲ့ လမ်းဆုံးလမ်းဂွတွေမှာ စစ်ဆေးတာတွေ ပိုမိုတင်းကြပ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာပဲ ဧရာဝတီတိုင်းအတွင်းက မအူပင်မြို့နယ်မှာ ဗုံး သုံးလုံးပေါက်ကွဲပြီး စစ်ကောင်စီရဲတွေ သေဆုံးမှုရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
#Dailynews

