မြောင် – ၂၀၂၁ အောက်တိုဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဝင်ရောက်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာ ရွာထဲက ကြက်ခြံကိုမီးရှို့ပြီး ဆိတ်နဲ့သိုးတွေကိုလည်း သတ်ဖြတ်ယူဆောင်သွားကြောင်း ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
မနေ့ နေ့လယ်လောက်ကစလို့ စစ်ကောင်စီတပ်တွေဟာ ဇရပ်ကုန်းရွာကို သေနတ်တွေ ပစ်ခတ်ပြီး ဝင်ရောက်လာတာကြောင့် ရွာခံပြည်သူတွေဟာ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်မှာ စစ်သားအင်အား ၄၀ ခန့်ရှိပြီး ဒီကနေ့ နံနက်ပိုင်းမှာတော့ ရွာအရှေ့ပိုင်းက ကြက်ခြံကို မီးရှို့ခဲ့တာကြောင့် မွေးမြူထားတဲ့ ကြက်တွေ သေဆုံးသွားနိုင်တယ်လို့ ဒေသခံကပြောပါတယ်။
ရွာခံအားလုံးနီးပါး တိမ်းရှောင်နေရကာ ကျန်းမာရေးမကောင်းသူတချို့ပဲ ကျန်ရစ်ခဲ့ပြီး မိုးထဲ ရေထဲ ထွက်ပြေးကြရလို့ ဖျားနာနေသူတွေလည်းရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ လွတ်ကင်းရာကို ရွှေ့ပြောင်းနေရတဲ့ ရွာခံတချို့ဟာ စားနပ်ရိက္ခာအခက်အခဲရှိပြီး အခင်းတွေထဲက ဖရဲသီးတွေကို ခူးယူစားသောက်နေရတယ်လို့ ပြောပါတယ်။
မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေ အကျအဆုံး အထိအခိုက်များနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

