အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းကို ဒီကနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၄ : ၀၀ နာရီလောက်က အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကောင်စီကား(၈)စီး၊ အင်အား(၂၀၀)ခန့်နဲ့ ဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုစီးနင်းခံရတယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။
“အခုတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း အန္တရာယ်ကင်းပါတယ်။ စခန်းတဲကိုတော့ မီးရှို့လိုက်ပြီလို့သိရပါတယ်။ ပြီးတော့ ရွာထဲမှာ ဝင်မွှေပြီး ရွာခံတချို့ကို ဖမ်းထားတယ်ဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားသုံး ဒိုင်နာကား၊ မှန်လုံကား၊ လိုက်ထရပ်ကားတွေနဲ့ မြင်းမူလမ်းဘက်ကနေ တိတ်တဆိတ် ပုံဖျက်ဝင်လာခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာပဲ မုံရွာ – အရာတော်လမ်းကို ပြည်သူများအနေနဲ့ ကျန်းမာရေးအတွက် အရေးကြီးကိစ္စရပ်များများမှလွဲ၍ လုံး၀အသုံးမပြုကြဖို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။
#Dailynews

