ကျောက်ခေတ်က ဗုံသံ

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ Remembrance ဖြစ်ပါသည်

သန်းနိုင်ဦး ရေးသည်။

မြန်မာနိုင်ငံက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကမ္ဘာကသိအောင် အားထုတ်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ဘူမိဗေဒပါမောက္ခဆရာဦးဘမော် ပါဝင်တယ်။ ဆရာဦးဘမော် ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံတောင်ဒေသက လူမေးရိုးခွံကြောင့် ကမ္ဘာက မြန်မာကို အာရုံစိုက်ခဲ့ရတယ်။ ဆရာ့တွေ့ရှိချက်တွေကို Science ၊ National Geographic စတဲ့ နိုင်ငံတကာက ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ ဖော်ပြခဲ့ကြတယ်။ ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ မှာ သတ်မှတ်ခဲ့တယ်။ နိုင်ငံတကာ အတ္ထုပ္ပတ္တိပြုစုရေးစင်တာက ၂၀ ရာစုအတွင်း ထင်ရှားတဲ့ သိပ္ပံပညာရှင် ၂၀ဝ၀ စာရင်းမှာ ထည့်သွင်းခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အခြေ စိုက် စမစ်ဆိုနီးယန်း အင်စတီကျု (Smitsonian Institute) က 50 Great Man of 21 Century လို့ သတ်မှတ်ပြီး ရွှေတံဆိပ် ချီးမြှင့်ခဲ့တယ်။

ကမ္ဘာသိ ပညာရှင်တစ်ယောက် မွေးထုတ်ခဲ့တဲ့ ဆရာဦးဘမော်ရဲ့ ဇာတိကို ကျွန်တော်စိတ်ဝင်စားတယ်။ ဘယ်လို ရေခံ မြေခံတွေက ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ယောက် မွေးထုတ်စေခဲ့တာလဲ။ ပညာရှင်တစ်ယောက် မွေးထုတ်ခဲ့တဲ့ရွာက ဘယ်လိုရွာမျိုးလဲ။ ရာစုနှစ်တစ်စုအတွင်း အရင်နဲ့အခု ဘာတွေကွာခြားသွားပြီလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေ သိနိုင်ဖို့ သြဂုတ်လနောက်ဆုံးပတ်မှာ မုံရွာမြို့အနီးက ဆရာဦးဘမော်ရဲ့ ဇာတိ ကြာပိုင်ရွာကို ရောက်အောင်သွားခဲ့ပါတယ်။

ကြာပိုင်က မုံရွာမြို့ အရှေ့မြောက်ဘက် ၆ မိုင်အကွာ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိတယ်။ မုံရွာ-မန္တလေးကားလမ်းနံဘေးက ကူတောပလ္လင်ရွာရှေ့မှာ ကြာပိုင်ရွာလမ်းခွဲရှိပါတယ်။ လမ်းခွဲကနေ အတွင်းကို နှစ်မိုင်ခွဲလောက် ဝင်သွားရင် ကြာပိုင်ရွာကို ရောက်ပါပြီ။ ကူတောပလ္လင်-ကြာပိုင်လမ်းက ချင်းတွင်းမြစ်ရေကာကွယ်ဖို့ တာဖို့ထားတဲ့ မြေလမ်းဖြစ်ပါတယ်။ (တာပေါင်မှာ ရေတံခါးတွေ တပ်ဆင်ထားပါတယ်။) တာပေါင်လမ်းအကျယ်က ၁၀ ပေလောက်ရှိပြီး လမ်းအမြင့် ၉ ပေ၊ အရှည် ပေ ၅၀ဝ ရှိပါတယ်။ မသန်စွမ်းသူများ အပါအဝင် ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူချောမွေ့စေရန် The Leprosy Mission မသန်စွမ်းအရင်းအမြစ်ဌာနက ငွေကျပ် ၁၈၀ သိန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့တာဖြစ်ကြောင်း ကြာပိုင်ရွာထိပ်မှာ ၁၀.၂.၂၀၁၈ ရက်စွဲနဲ့ ကမ္ပည်းကျောက်စာ မှတ်တမ်းတင် ရေထိုးထားပါတယ်။

ကြာပိုင်ရွာက ချင်းတွင်းမြစ်အနီးမှာရှိပြီး နုန်းတင်မြေနုတွေပေါလို့ စိုက်ပျိုးရေးဖြစ်ထွန်းတယ်။ အရင်က လယ်ယာစိုက်ပျိုးမှုတွေ ပေါခဲ့ပေမယ့် ဒီဘက်နှစ်ပိုင်းတွေမှာ ခြံလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာကြတယ်။ လယ်ယာလုပ်ငန်းက မိုးမျှော်ကိုးပြီး လုပ်ကိုင်ရတာဖြစ်လို့ ဒီနေ့ခေတ် တောင်သူတွေက စိတ်မဝင်စားကြတော့ဘူး။ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုနဲ့ ကွမ်းခြံတွေသာ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာကြတယ်။ ကြာပိုင်ရွာထွက် ဟင်းသီးဟင်းရွက်တွေကို အနီးအနားမြို့တွေသာမက မန္တလေးအထိ နေ့စဉ်တင်ပို့ရောင်းချနေတာပါ။ ခရမ်း၊ မုန်လာ၊ ဂေါ်ဖီ စတဲ့ဟင်းသီးဟင်းရွက်အစုံ စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ကြာပိုင်ရွာက အညာဒေသဖြစ်ပေမယ့် ခြောက်သယောင်းမနေဘဲ ခြံလုပ်ငန်း လုပ်ကိုင်ကြသူတွေကြောင့် စိမ်းစိုနေတဲ့ ရွာလေး ဖြစ်ပါတယ်။

mk-69-remembrance

Photo – Than Naing Oo

ဗုံတစ်လုံးဖြစ်ဖို့ စက်အား လူအားနဲ့ လုပ်ကြရတယ်

ကြာပိုင်ရွာက အိမ်ခြေ ၁,ဝ၀ဝ ဝန်းကျင်ရှိတဲ့ အညာရွာကြီးတစ်ရွာ ဖြစ်တယ်။ ရွာထဲက လမ်းကို ကွန်ကရစ်လမ်းခင်းထားပေမယ့် အချို့နေရာတွေမှာ ပေါက်ပြဲနေပါတယ်။ ကြာပိုင်ရွာမှာ လျှပ်စစ်မီးရတာ နှစ် ၂၀ နီးပါးရှိပါပြီ။ လျှပ်စစ်မီး စတင်သွယ်တန်းစဉ်က ငွေကြေးတတ်နိုင်သူအချို့သာ လျှပ်စစ်မီးသုံးနိုင်ခဲ့ပေမယ့် အခုတော့ ရွာထဲက အိမ်အတော်များများ လျှပ်စစ်မီတာတွေ တပ်ဆင်ထားတယ်။ ကြာပိုင်ရွာမှာ နာမည်ကျော် ထုတ်ကုန်တစ်ခုလည်း ရှိနေပါတယ်။ မြန်မာ့ရိုးရာဗုံတွေ အမျိုးအစားစုံလင်စွာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အရင်က ရွာထဲမှာ ဗုံထုတ်လုပ်သူတွေ ဆယ်အိမ်လောက်ရှိခဲ့ပေမယ့် အခုတော့ အိမ်ခြေ ၁,ဝ၀ဝ  ကျော် ရှိတဲ့ အညာရွာကြီးမှာ ဗုံထုတ်လုပ်တဲ့ အိမ်တစ်အိမ်ပဲ ရှိပါတော့တယ်။

ကြာပိုင်ရွာလယ်ပိုင်းက ဦးစံမောင်တို့အိမ်က မြန်မာ့ရိုးရာဗုံတွေ ထုတ်လုပ်ပါတယ်။ အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးအောက်မှာ အင်္ကျီဗလာနဲ့ လူရွယ်တစ်ယောက်က စို့တစ်ချောင်းနဲ့ ရာဝင်အိုးအရွယ် သစ်သားတုံးကြီးကို ထွင်းထုနေတယ်။ လူရွယ်ရဲ့ ကိုယ်ခန္ဓာမှာ အလုပ်ပင်ပန်းတာရော နေပူရှိန်ကြောင့်ပါ ချွေးဒီးဒီး ကျနေတယ်။ သူက ဦးစံမောင်ရဲ့ သား ကိုကျော်စွာဝင်းပါ။ “ကျွန်တော်တို့က ဆိုင်းဝိုင်းထဲက ပတ်လုံးအရွယ်ကနေ စည်တော်ကြီးတွေအထိ လုပ်ပေးတယ်။ သားရေကျတ်တာက တစ်ရက်အချိန်ပေးရတယ်” လို့ ကိုကျော်စွာဝင်းက ပြောတယ်။ ဗုံတွေမှာ တစ်လုံးနဲ့တစ်လုံး အရွယ်အစားမတူသလို အခေါ်အဝေါ်လည်း ကွဲပြားတယ်။ ပတ်မ၊ စခွန့်၊ ပတ်လုံး၊ စည်တို စသဖြင့် အခေါ်အဝေါ် တွေမတူကြပါဘူး။ ကြာပိုင်ရွာက ထုတ်လုပ်တဲ့ ဗုံတွေက လက် ကောက်ဝတ်အရွယ်ကနေ လူကြီးလက်နှစ်ဖက်စာရှိတဲ့စည်တွေအထိ ထုတ်လုပ်ပေးနေတာပါ။

mk-69-remembrance

Photo -Than Naing Oo

ကြာပိုင်ရွာထွက် ဗုံအရွယ်စုံကို မြန်မာနိုင်ငံအနှံ့ ပုံဖော်ပေးနေပါတယ်

အရင်ကတော့ ဗုံတွေကို စ လယ် ဆုံး လက်နဲ့သာ ထွင်းထုခဲ့ကြတာ ဖြစ်တယ်။ အခု ဒီဘက်နှစ်တွေမှာ စက်တွေနဲ့ လုပ်ကိုင်လာကြပါပြီ။ ဟိုးယခင်က ဗုံလုပ်ဖို့ ပိတောက်သားတွေ အသုံးပြုမှုရှိခဲ့ပေမယ့် ပိတောက်သား ရှားပါးလာလို့ ကုက္ကိုသားတွေနဲ့သာ လုပ်ပါတော့တယ်။ ကလေးကစားစရာ အိုးစည်တွေလည်း ဈေးကွက်မှာ တရုတ်ပစ္စည်းတွေကို မယှဉ်နိုင်လို့ ထုတ်လုပ်မှု ရပ်နားထားရတာ ငါးနှစ်လောက်ရှိနေပါပြီ။ တရုတ်နိုင်ငံကလာတဲ့ တူရိယာပစ္စည်းတွေက ပလတ်စတစ်နဲ့ လုပ်ထားတာဖြစ်ပြီး အရောင်အသွေးစုံလင်လို့ ကလေးတွေကြိုက်ကြတယ်။ ပြည်တွင်းက ထုတ်လုပ်တဲ့ အိုးစည်နဲ့ဗုံတွေက အသံသာပေမယ့် ဈေးပိုတာကြောင့် မိဘတွေအနေနဲ့ ဝယ်ပေးဖို့ ခဲယဉ်းတယ်။ မြန်မာ့ရိုးရာတူရိယာ ဗုံတွေ၊ အိုးစည်တွေထက်စာရင် ကြိုးတပ်ထားတဲ့ ပလတ်စတစ်ဂစ်တာအသေးလေးတွေနဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ အော်ဂင်တွေကို ကလေးငယ်တွေက ပိုပြီးသဘောကျနေကြတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ ကလေးတွေအတွက် ဗုံထုတ်လုပ်မှု ရပ်နားထားကြရတာပါ။ လက်ရှိမှာတော့ ကြာပိုင်ရွာမှာ ဆိုင်းဝိုင်းတွေအတွက်သာ မြန်မာ့တူရိယာတွေ အဓိကထား ထုတ်လုပ်နေကြရပါတယ်။ ပတ်လုံးအကြမ်းထည် တစ်လုံး ကျပ် ၂၅,ဝ၀ဝ၊ ပတ်လုံးအချောထည်တစ်လုံး ကျပ် ၃၀,ဝ၀ဝ၊ စည်တိုတစ်လုံး ကျပ် ၁၅၀,ဝ၀ဝ ဖြစ်ပါတယ်။ ဒီဘက်နှစ်တွေမှာ လူငယ် ဆိုင်းဆရာအသစ်တွေ ထွက်ပေါ်လာလို့ ဗုံလုပ်ငန်းအလုပ်ဖြစ်တယ်လို့ ဦးစံမောင်က ပြောပါတယ်။

ကြာပိုင်က အိမ်ခြေ ၁,ဝ၀ဝ ကျော်ရှိသလို ဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်းရှိတယ်။ အောင်ခြာဇေယျာလေးဆူ မြသိန်းတန်ဘုရားကို ရွာလယ်မှာ ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်စွာ ဖူးမြော်နိုင်တယ်။ ရွာအရှေ့ထိပ်မှာ အေးမြသီတာဘုရားရှိပြီး ဘုရားပရဝဏ်အတွင်းမှာ သက်တမ်းရင့် ညောင်ပင်ကြီးက ထီးသဖွယ်အုပ်မိုးပေးထားတယ်။ ရွှေကြာပိုင် လူမှုကူညီရေးအသင်းလည်း မြသိန်းတန်ဘုရားအနီးမှာရှိပြီး အသင်းပိုင် ကားနှစ်စီးက ကျေးရွာရဲ့ကျန်းမာရေးကိစ္စအဝ၀ကို ဆောင်ရွက်ပေးနေတယ်။  ရွှေကြာပိုင် လူမှုကူညီရေးအသင်း ဖြစ်ပေါ်လာဖို့ ရွာသူရွာသားတွေရဲ့  ထည့်ဝင်ငွေနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။ အသင်းတည် ထောင်ခါစမှာ အသင်းသားတစ်ယောက် တစ်လကျပ် ၅၀ဝ-၁,ဝ၀ဝ လစဉ်ထည့်ဝင်ငွေနဲ့ အသင်းဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြတာပါ။ ရွှေကြာပိုင် လူမှုကူညီရေးအသင်း အဆောက်အအုံကို ရွာလယ်မှာ ဆောက်လုပ်ထားပါတယ်။ ရွှေကြာပိုင် လူမှုကူညီရေးအသင်းမှာ အသင်းပိုင်ကားနှစ်စီး ရှိပြီး ကျန်းမာရေးကိစ္စသီးသန့်အတွက် အသုံးပြုနေပါတယ်။ အသင်းပိုင်ကားကို အသုံးပြုရာမှာ သဒ္ဓါကြေးသာ ကောက်ခံမှုရှိတယ်လို့ ကြာပိုင်ရွာသားတွေက ပြောပါတယ်။ အသင်းအဆောက်အအုံနဲ့ ကပ်လျက်မှာ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ အဆောက်အအုံလည်းရှိတယ်။

mk-69-remembrance

Photo –  Than Naing Oo

ကြာပိုင်ရွာ ရွာလယ်လမ်းမတစ်နေရာ

ကြာပိုင်ရွာဟာ မုံရွာမြို့နယ်အတွင်းက ချင်းတွင်းမြစ်ကမ်းနဖူးမှာ မေးတင်ထားတဲ့ရွာဖြစ်ပြီး လယ်ယာကိုင်းကျွန်း ဖြစ်ထွန်းတဲ့ရွာဖြစ်တယ်။ ရေချိုလည်း ဖောဖောသီသီ ထွက်ရှိပါတယ်။ ကြာပိုင်ရွာက လယ်ယာမြေအချို့ကို သခွားစိုက်ပျိုးသူအချို့ ငှားရမ်းစိုက်ပျိုးကြတာလည်း ရှိပါတယ်။ သခွားစိုက်ပျိုးမှုအတွက် မြေငှားရမ်းခက တစ်ရာသီစာ မြေတစ်ဧက ကျပ်ငါးသိန်းဖြစ်ပြီး တရုတ်နိုင်ငံကို တင်ပို့လိုသူတွေက သူတို့လုပ်သား၊ သူတို့မျိုးစေ့နဲ့ လယ်ယာမြေတွေ ငှားရမ်းကြတာဖြစ်ပါတယ်။ ကြာပိုင်ရွာက လယ်ယာကိုင်းကျွန်းတွေက မြစ်ရေဝင်တဲ့ အရပ်ဖြစ်လို့ စိုက်ပျိုးရေးအတွက် သီးနှံမရွေး စိုက်ပျိုးဖြစ်ထွန်းတယ်။ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ ကွမ်းခြံတွေ စိုက်ပျိုးလေ့ရှိကြပြီး ရွာနီးချုပ်စပ်တင်မက အဝေးမြို့တွေအထိ တင်ပို့ရောင်းချတယ်။ မြန်မာစကားမှာ မြေဆူလူဖျင်း ဆိုရိုးရှိပေမယ့် မြေဆူပိုင်ဆိုင်တဲ့ ကြာပိုင်ရွာသူရွာသားတွေ မဖျင်းကြဘူး။ မဖျင်းတဲ့အပြင် ကမ္ဘာသိပညာရှင်တွေ ထွက်ပေါ်တဲ့အထိ ကြာပိုင်ရွာသားတွေရဲ့အစွမ်းက ကမ္ဘာကျော်တယ်။

ကြာပိုင်ရွာရဲ့ အနီးအနားဝန်းကျင်က ရွာတွေကလည်း ကျော်စွာတွေထွက်တဲ့ အညာရွာတွေဖြစ်တယ်။ သတင်းစာဆရာညိုမြ၊ သခင်လေးမောင်တို့ရဲ့အမြင့် (ချောင်းဦးမြို့နယ်) ရွာကလည်း ကြာပိုင်ရွာနဲ့ လေးငါးမိုင်သာ ဝေးတယ်။ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ညောင်ဖြူပင်(မုံရွာမြို့နယ်) ရွာက ကြာပိုင်ရွာနဲ့ လက်တစ်ကမ်းအကွာမှာ ရှိတယ်။ အလားတူ ဆရာတော်ဦးဝိစာရရဲ့ ဇာတိ အနိမ့်ရွာက အမြင့်နဲ့ကပ်လျက်မှာရှိတယ်။ ကြာပိုင်ရွာက နာမည်ကျော် မုံရွေး-ကြေးမုံရွာနဲ့ နှစ်မိုင်သာသာလောက်သာ ဝေးပါတယ်။

ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ဆရာဦးဘမော်ရဲ့  နောက်မျိုးဆက်တွေကလည်း ကြာပိုင်ရွာရဲ့ ဂုဏ်ဆောင်သူတွေသာဖြစ်တယ်။ ခေတ်ကာလအလျောက် ကြာပိုင်ရွာသားတွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကုမ္ပဏီဝန်ထမ်းတွေလည်း ရှိနေပါပြီ။ ကိုရီးယား၊ ဂျပန် စတဲ့ ရပ်ဝေးမြေခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ ကြာပိုင်ရွာသားတွေလည်း ရှိတယ်။ နိုင်ငံခြားရောက် ကလေးတွေက ငွေပြန်ပို့ပေးကြတော့ ရွာမှာသူတို့မိဘတွေ ချောင်ချောင်လည်လည် နေကြရတယ်။ ကြာပိုင်ရွာရဲ့ ရေခံမြေခံကောင်းပုံကို ကြာပိုင်ရွာသား ဦးဖိုးတုတ်က အခုလိုပြောတယ်။ “မိုးညှင်းသမ္ဗုဒ္ဓေဆရာတော်ကြီးက မိန့်ဖူးတယ်။ နိဗ္ဗာန်မရောက်မီ စပ်ကြား ကြာပိုင်ရွာသားဖြစ်ဖို့ အရင်ဆုတောင်းကြ။ ကြာပိုင်က နေချင့်စဖွယ်ရွာ။ ဘာစိုက်စိုက် ဖြစ်တယ်”

Photo – Than Naing Oo

ကြာပိုင်ရွာဖြစ် မြန်မာ့ရိုးရာအိုးစည်

ကြာပိုင်ရွာက ရွာကြီးတစ်ရွာဖြစ်ပေမယ့် အလယ်တန်းကျောင်းသာ ရှိပါသေးတယ်။ အထက်တန်းပညာအတွက် ကြာပိုင်ရွာ အနောက်ဘက်က နဂါးတွင်းရွာဖြစ်စေ၊ ခြောက်မိုင်အကွာမှာ ရှိတဲ့ မုံရွာမြို့ကိုဖြစ်စေ သွားရောက် ပညာသင်ကြားရတယ်။ ကြာပိုင်ရွာသူရွာသားတွေထဲမှာ ဈေးရောင်းဈေးဝယ်လုပ်ကြတဲ့ ဈေးသည်တွေအပြင် တောင်သူယာလုပ်တွေလည်း ပေါပါတယ်။ ကွမ်းခြံတွေ ပေါပေါများများရှိခြင်းက လယ်ကူလီတွေအတွက် အလုပ်ပေါစေတယ်။ ပေါင်းရှင်း၊ ကွမ်းရွက်ခူး စတဲ့အလုပ်တွေအတွက် အလုပ်မရှားပါဘူး။ ဒါပေမဲ့ ဒီဘက်နှစ်ပိုင်းတွေမှာ လယ်ကူလီလုပ်သူက အရင်ထက်စာရင် ရှားလာတယ်။ ဒါ့အပြင် တောင်သူလုပ်ငန်းခွင်၊ ခိုင်းနွားရှားပါးမှုနဲ့ လယ်ယာလုပ်သား ရှားပါးမှုကလည်း တောင်သူလုပ်ငန်းလုပ်ကိုင်သူနဲ့ ခြံသမားတွေကို အခက်တွေ့စေတယ်။ လယ်ယာလုပ်သားရှားပါးမှုနဲ့ ခိုင်းနွားပြဿနာကို ဖြေရှင်းနိုင်ဖို့ လယ်ထွန်စက်တွေ ထူထောင်ထားကြရတယ်။ လယ်ထွန်စက်ထူထောင်ဖို့ အခက်အခဲရှိသူတွေကလည်း ထွန်စက်ငှားရမ်း ထွန်ယက်စိုက်ပျိုးကြရတယ်။

ပရိုင်းမိတ်ပညာရှင် ဆရာဦးဘမော်က လွန်ခဲ့တဲ့လ အနည်းငယ်ကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ဆရာမကွယ်လွန်မီက သူ့ဇာတိရပ်ရွာကို အခါအားလျော်စွာ အလည်ပြန်တယ်။ ဆရာ ဦးဘမော်နဲ့ ဦးဖိုးတုတ်က ခြံနီးနားချင်းတွေ ဖြစ်ကြတယ်။ “ကျုပ်တို့နဲ့က စည်းရိုးပဲခြားတာ၊ သုံးလေးနှစ်တစ်ခါ ရွာပြန်လာတတ်တယ်။ မန္တလေးသွားတုန်းက မင်္ဂလာဈေးနားက သူ့အိမ်ကို ဝင်ဖြစ်ခဲ့သေးတယ်” လို့ ဦးဖိုးတုတ်က ပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းမှာ လူလတ်ပိုင်းအရွယ် ကြာပိုင်ရွာသားတစ်ယောက်လည်း ပါဝင်တယ်။ သူကလည်း ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ ဆရာဦးဘမော်အကြောင်း အခုလိုပြောပြတယ်။ “ကျွန်တော်က ဆရာဦးဘမော် ရွာအလည်လာရင် ရေနွေးလေးဘာလေး သွားပို့တယ်။ ဆရာက ရွာပြန်လာတဲ့အခေါက်တိုင်း ကျွန်တော်အတွက် လက်ဆောင်ဝယ်လာတတ်တယ်။ ကျွန်တော်ဆီမှာ ဆရာလက်ဆောင်ပေးထားတဲ့ အင်္ကျီသုံးထည်ရှိတယ်”လို့ ပြောတယ်။

ကြာပိုင်ရွာမှာ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ အရက်ဆိုင်၊ ဟင်းဆိုင်တွေ ရှိတယ်။ လူမှုဝန်ထမ်းက ဖွင့်လှစ်ထားတဲ့ မိခင်ဝိုင်းလည်းရှိတယ်။ ကြာပိုင်မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်း အားလုံးမိပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်လုပ်ထားတဲ့အပြင် အာရ်စီကွန်ကရစ် အဆောက်အအုံတွေလည်း ရှိတယ်။ ကြာပိုင်ရွာသူရွာသားတွေရဲ့ မိဘမေတ္တာဘွဲ့ကို တိုက်မှာရေးထိုးထားတဲ့ ကမ္ပည်းတွေ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ မိဘအရိပ်လို့ ရေးထိုးထားတဲ့ တိုက်အသစ်ငါးလုံးထက်မနည်း ကြာပိုင်မှာ တွေ့ရပါတယ်။

mk-69-remembrance

Photo – Than Naing Oo

ကြာပိုင်ရွာအဝင် တာပေါင်လမ်းပေါ်က တွေ့ရတဲ့မြင်ကွင်း

ဘူမိဗေဒပါမောက္ခ ဆရာဦးဘမော်က ပရိုင်းမိတ်ကျောက် ဖြစ်ရုပ်ကြွင်းတွေကို သူ့ဇာတိကြာပိုင်ရွာ အနီးဝန်းကျင်ဒေသတွေကလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ ကြာပိုင်ရွာရဲ့ အရှေ့ရွှေမြင်တင်တောင်ရိုး၊ နွယ်ခွေတောင်တန်းတွေမှာလည်း ပရိုင်းမိတ် အချို့ ရှာဖွေတွေ့ရှိခဲ့သလို မုံရွာ-သာစည်နယ်ဘက်မှာ မြင်းမေးရိုးခွံ၊ ဘုတလင်-ညောင်ကန်နယ်မှာ ရှေးဦးလူတွေရဲ့ ကျောက်လက်နက်အချို့လည်း ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။ ဆရာဦးဘမော်လို ကမ္ဘာသိပညာရှင်တစ်ယောက် ပေါ်ထွက်ခဲ့တဲ့ ကြာပိုင်ရွာက ချင်းတွင်းမြစ်ကမ်းနဖူးမှာ ရိုးဂုဏ်နဲ့ တင့်တယ်နေဆဲ ဖြစ်ပါတယ်။


#mawkun #magazine #chronicle #remembrance #no69


 

အမျိုးအစား - အမေ့ခံ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."