အငြိမ်းစားရသွားတဲ့ ကြေးသွန်းထည်

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Forgotten  ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

အငြိမ်းစားရသွားတဲ့ ကြေးသွန်းထည်

လူတို့ တီထွင်ဖန်တီးခဲ့တဲ့ အရာတွေအားလုံး ခေတ်နဲ့ အံမဝင်တော့တဲ့အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားကြတယ်။ လူသုံးကုန်ပစ္စည်း တချို့ လူသားတွေ တီထွင်ဖန်တီးခဲ့တာ မှန်ပေမယ့် ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တဲ့အခါ သူ့ အလိုလို တိမ်မြုပ်ပျောက်ကွယ်သွားကြတယ်။ အခုခေတ်လို နည်းပညာက အရာရာကို ဦးဆောင် နေတဲ့ခေတ်မှာ မနေ့တစ်နေ့က တီထွင်ခဲ့တာ ဖြစ်ပေမယ့် ဒီနေ့မှာအသုံးမဝင်တာမျိုး ဖြစ်သွား လေ့ရှိတယ်။ ရေဒီယိုကြီးတွေ၊ ကက်ဆက်တွေ ပေါ်ခါစက ဆယ်စုနှစ်ပေါင်းများစွာ အသုံးဝင်ခဲ့ ပေမယ့် မနေ့တစ်နေ့ကမှ ပေါ်ခဲ့တဲ့ အမ်ပီသရီးတွေ၊ အမ်ပီဖိုးတွေကို ဒီနေ့ခေတ်မှာ ဘယ်သူမှ မသုံးတော့ဘူး။

လူ့အသုံးအဆောင် ပစ္စည်းတွေထဲမှာ ခေတ်စနစ် တောင်း ဆိုမှုအရ လိုအပ်စွာ ချန်ထားခဲ့ရတဲ့ ပစ္စည်းတွေ ရှိတယ်။ မသုံးချင်တော့လို့ မဟုတ်သလို အသုံးမဝင်တော့လို့လည်း မဟုတ်ဘူး။ အသုံးတည့်နေသည့်တိုင် ခေတ်နဲ့ လိုက်လျောညီထွေ မဖြစ်တော့ ရင် လိုအပ်စွာ လက်တွဲဖြုတ်ခဲ့ကြရတာပဲ။ အဲဒီလို ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတဲ့ လူလုပ်ပစ္စည်းတွေထဲမှာ ကြေးသတ္တုနဲ့ လုပ်ထားတဲ့ ကြေးမီးပူကြီးတွေလည်း ပါတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်က အိမ်မှာ ကြေးမီးပူကြီးတစ်ခု ရှိခဲ့ဖူးတယ်။ ကျွန်တော့်ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းတွေ ကြေးမီးပူကြီးနဲ့ မီးပူတိုက်ပြီး ဝတ်ခဲ့တာပေါ့။ အဲဒီ ကြေးမီးပူကြီးက ကျွန်တော်တို့အိမ် အပါအဝင် အိမ်နီးနား ချင်း လေးငါးအိမ်ကလည်း ငှားပြီး သုံးကြသေးတယ်။ အိမ်မှာ ကြေးမီးပူကြီး ရှိနေတော့ ကျွန်တော်တို့ ညီအစ်ကိုမှာ မျက်နှာပွင့် လိုက်တာ။ ကြေးမီးပူကြီးတန်ခိုးနဲ့ အိမ်နီးချင်းတွေက မုန့်တွေ တဝကြီး ဝယ်ကျွေးတာ စားခဲ့ဖူးတယ်။

ကြေးမီးပူကြီး အိမ်မှာ ဘယ်တုန်းကတည်းက ရှိခဲ့မှန်း မသိဘူး။ ကျွန်တော် လူမှန်းသိတတ်စ အရွယ်မှာ ကြေးမီးပူကြီးက တော်တော်လေး ဟောင်းနွမ်းနေပြီ။ လက်ကိုင်ရိုးမှာ တပ်ထားတဲ့  ကျွန်းပွတ်လုံးသည်ပင် လက်ဆီတွေကြောင့် ပြောင်လက်နေတာ မှတ်မိတယ်။ နဂိုမူလက အဖုံးနဲ့ ကိုယ်ထည်ကို ပိတ်နိုင်၊ ဖွင့်နိုင်ဖို့ လခြမ်းကွေးသဏ္ဌာန် မောင်းတံလေး ပါခဲ့ပေမယ့် နောက်ပိုင်းမှာ မောင်းတံ ပြုတ်သွားတာကြောင့် လေးလက်မ အိမ်ရိုက်သံကို ကွေးပြီး မောင်းတံအဖြစ် သုံးခဲ့ကြတယ်။ အဲဒီ ခပ်ကွေးကွေး သံ ချောင်းလေးကိုပဲ မပျောက်မပျက်အောင် ထိန်းသိမ်းခဲ့ကြရတယ်။

ကြေးမီးပူတွေက ပြည်တွင်း ပန်းတဉ်းလုပ်ငန်းတွေက ထုတ်လုပ်ရောင်းချကြတာပါ။ ကြေးမီးပူကြီးတွေရဲ့ အလေးချိန်က ခုနစ်ပိဿာ၊ ရှစ်ပိဿာ လေးမယ်ထင်တယ်။ အခုခေတ်ပေါ် လျှပ်စစ်မီးပူတွေထက် အများကြီးလေးတယ်။ ကြေးမီးပူအများစု က မုံရွာမြို့အနီး မုံရွေး-ကြေးမုံရွာက ပန်းတဉ်းဆရာတွေ ထုတ် လုပ်ရောင်းချတာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူ့ အဖွဲ့အစည်းက ကြေးသွန်းလုပ်ငန်းတွေနဲ့ လက်ပွန်းတတီး ရှိကြ သူတွေ ဖြစ်တယ်။ ကြေးနဲ့ လုပ်တဲ့ လူသုံးကုန်ပစ္စည်းတွေဆိုတာ အများကြီးပဲ။ ငွေအကြွေစေ့တွေကိုသည်ပင် ကြေးနဲ့ လုပ်ခဲ့ကြတာ မဟုတ်လား။ အလေးတွေကို ကြေးနဲ့ လုပ်ခဲ့ကြတယ်။ ကြေး နဲ့ လုပ်ထားတဲ့ ဟင်္သာရုပ်အလေးတွေ အခုထိ အိမ်မှာ ရှိနေသေး တယ်။ ကြေးအိုး၊ ကြေးဖလား၊ ကြေးခွက်၊ ကြေးဇွန်း၊ ကြေးလင် ပန်း စတဲ့ ကြေးအသုံးအဆောင်တွေကို ဖောဖောသီသီ သုံးခဲ့ကြ တယ်။ ဘုရားပန်းအိုးကြီးတွေတောင် ကြေးနဲ့ လုပ်ထားတဲ့ အမြောက်ဆန်အခွံတွေ သုံးခဲ့ကြသေးတာပဲ။ ကြေးအသုံး အဆောင်တွေက သုံးပါများရင် ကြေးညှိတက်လေ့ ရှိတတ်တော့ မန်ကျည်းမှည့်တွေနဲ့ ဆေးကြောသန့်စင်ကြရတယ်။

တူရိယာပစ္စည်း ငါးပါးမှာတောင် ကြေးကို ပထမဦးစားပေး အဖြစ် ထည့်သွင်းခဲ့ကြသူတွေ ဖြစ်တယ်။ (တူရိယာပစ္စည်းငါးပါး က ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဖြစ်ပါတယ်။) အခုတော့ ကြေးထည်လုပ်ငန်း လုပ်ကိုင်တဲ့ ပန်းတဉ်းဆရာတွေ ညည်းညူ နေကြပြီ။ ရိုးရာတူရိယာတွေ ဖြစ်တဲ့ မောင်း၊ ကြေးနောင်၊ လင်း ကွင်းလုပ်ငန်းတွေလည်း ပါးကြတယ်။ ကြေးဟာ အသံသာတယ်။ ဆည်းလည်းခတ်သံ ဖြစ်စေ၊ ခေါင်းလောင်းထိုးသံ ဖြစ်စေ သာ ယာနာပျော်ဖွယ် ဖြစ်တာချည်းပဲ မဟုတ်လား။ အခုတော့ စာ သင်ကျောင်းတွေမှာတောင် ကြေးခေါင်းလောင်း မတီးကြတော့ ဘဲ တဂီးဂီးမြည်တဲ့ လျှပ်စစ်ခေါင်းလောင်းသာ တီးကြတော့တယ်။ ကြေးစည်၊ ခေါင်းလောင်း၊ ဆည်းလည်း၊ ခလောက်လုပ်သူတွေ လည်း အလုပ် သိပ်မဖြစ်ကြဘူး။ ဆင်းတုတော်နဲ့ ရုပ်တုထုတ်လုပ် သူတွေသာ အလုပ်ဖြစ်တဲ့ ခေတ်။ မြန်မာ့ပန်းဆယ်မျိုးထဲက ပန်း တဉ်းလုပ်ငန်းကတော့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေပြီ။

ကျွန်တော်တို့ ခပ်ငယ်ငယ်က လျှပ်စစ်မီးပူဆိုတာ မရှိသေး ဘူး။ စက်ချုပ်ဆိုင်တွေရော အိမ်တွေပါ ကြေးမီးပူကြီးတွေနဲ့ အဝတ်အစားတွေ ပြန့်ပြူးသပ်ရပ်သွားအောင် မီးပူတိုက်ကြရ တယ်။ မီးပူတိုက်တာကိုပဲ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ် ပုဒ်ဆန်းဆိုသလို ဝေါဟာရတွေက အမျိုးစုံလှတယ်။ တချို့ အရပ် ဒေသတွေမှာ မီးပူတိုက်တာကို မီးကြွေတိုက်တယ်လို့ ပြောကြ တယ်။ တချို့ဒေသတွေမှာတော့ မီးအိုးထိုးတယ်လို့ ခေါ်ကြပြန် ရော။ ဘယ်လိုပဲဖြစ်ဖြစ် အဝတ်အထည်တွေကို ပြန့်ပြူးသပ်ရပ် သွားအောင် အပူပေးထားတဲ့ ကိရိယာနဲ့ အသုံးပြုရတာချည်းပါပဲ။ အဝတ်တွေကို လျှော်ဖွပ်မီးပူတိုက်တဲ့ လုပ်ငန်းကိုတော့ ဒိုဘီလို့ ခေါ်ကြပြန်တယ်။ မီးပူတိုက်လုပ်ငန်းကိုပဲ ပင်မင်းလို့ ခေါ်ကြသူ တွေ ဒုနဲ့ ဒေး။ ဘိုလိုမှ ခံတွင်းတွေ့သူတွေကတော့ မီးပူတိုက်လုပ် ငန်းကို လောင်ဒရီလို့ ခေါ်ကြပါသတဲ့။ ဘယ်လိုပဲခေါ်ခေါ် မီးပူ တိုက်တဲ့ လုပ်ငန်းဆိုတာ သင့်တင့်တဲ့ အခကြေးငွေယူပြီး အဝတ် အထည်တွေကို ပြန့်ပြူးအောင် လုပ်ပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်း သာ ဖြစ်တယ်။ တကယ်တော့ အခကြေးငွေယူပြီး မီးပူတိုက်တယ် ဆိုတာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုပဲ။ သမ္မာအာဇီဝကျတဲ့ လုပ် ငန်းလည်း ဖြစ်တယ်။ အရပ်ထဲမှာလည်း မီးပူတိုက်ပေးတဲ့ သူတွေ ရှိကြတယ်။ အဝတ်လျှော်နဲ့ မီးပူတိုက် တွဲလုပ်ကြသူလည်း ရှိ တယ်။ အဝတ်လျှော်နဲ့ မီးပူတိုက်ကို သီးသန့်ခွဲအပ်ချင်ရင်လည်း ရတယ်။ ဒိုဘီလုပ်ငန်း၊ ပင်မင်းလုပ်ငန်းတွေကို မဇ္ဈိမနွယ်ဖွားတွေ က လုပ်ကိုင်ကြတာ များပေမယ့် အရပ်ထဲမှာတော့ အိမ်ရှင်မတွေ က လုပ်ကိုင်ကြတယ်။ အရင်က မီးပူတိုက်ရင် အဝတ်အစား တစ် ထည် ဘယ်လောက်ပေးရမှန်း မသိပေမယ့် အခုတော့ တစ်ထည် ကျပ်ငါးဆယ်နှုန်း ပေးနေရပြီ။ လျှော်ဖွပ်တာရော၊ မီးပူတိုက်တာ ရောဆိုရင် အဝတ်အစားတစ်ထည် ကျပ် ၁ဝဝ။ အနွေးထည်တွေ၊ ခြုံစောင်တွေ ပါရင်တော့ ဈေးအနည်းငယ် ပိုပေးရပါတယ်။

ကြေးမီးပူကြီးတွေ သုံးရတဲ့ ခေတ်တုန်းက အခုခေတ်လို ပလပ်ပေါက်ထဲ ပလပ်ခေါင်းထိုးထည့်ပြီး ခလုတ်ဖွင့်တိုက်ရုံနဲ့ မရ ဘူး။ ကြေးမီးပူကြီးထဲ မီးသွေးခဲတွေ ရဲနေအောင် ထည့်ပြီးမှ လက်မောင်းပြုတ်အောင် တိုက်ကြရတယ်။ မီးမသေအောင်လည်း ယပ်တောင်တစ်ချောင်း အနားမှာထားပြီး တဖျပ်ဖျပ် ခတ်ပေး ကြရတယ်။ ယပ်တောင်ခတ်တာက အခြေအနေ ကြည့်ပြီးမှ ခတ် ကြရတာ။ ဘေးဘီဘယ်ညာ မကြည့်ဘဲ ယပ်တောင်ခတ်ရင် မီး ပွားတွေ လွင့်စဉ်ကုန်ပြီး အဝတ်အစားတွေမှာ မီးလောင်ပေါက် တွေ ဖြစ်တတ်တယ်။ ကြေးမီးပူသုံးတဲ့ခေတ်က အဝတ်အစားတွေ မှာ မီးလောင်ပေါက်ရာ မပါတဲ့ အဝတ်အစားက ခပ်ရှားရှား။ အဝတ်အစားတွေ မီးပူတိုက်ပြီးလို့ ခေါက်ပြီးရင် တစ်နေရာရာမှာ အစီအရီ ထပ်ထားကြရတယ်။ အဲဒီလို ထပ်နေတုန်းမှာ မီးပူကို သံ ကရွတ်ခွေပေါ် ခဏတဖြုတ် တင်ထားရလေ့ရှိတယ်။ သံကရွတ် ခွေက လေးလက်မလောက် အချင်းရှိပြီး နှစ်လက်မလောက် အမြင့်ရှိတဲ့ သံပိုက်ထူထူတစ်ခုပါပဲ။ သံကရွတ်ခွေ မရှိဘဲ ဒီ အတိုင်းထားရင် ကြေးမီးပူအရှိန်ကြောင့် လောင်ကျွမ်းသွားနိုင် တယ်လေ။ အခုခေတ် လျှပ်စစ်မီးပူတွေလို မီးပူတိုက်လို့ ခဏ နားချိန်မှာ အပူချိန်လျှော့ပြီး ထောင်ထားလို့ မရပြန်ဘူး။ မီးပူ တိုက်ရင် သံကရွတ်ခွေ မဖြစ်မနေ ပါကြရတယ်။

သံကရွတ်ခွေလိုပဲ မီးပူတိုက်ရာမှာ မပါမဖြစ် ပါတဲ့ အကူ ပစ်္စည်းကတော့ ရေတစ်ဖလားပါပဲ။ အဝတ်အထည်တွေ မီးပူ တိုက်တဲ့အခါ ပြန့်ပြန့်ပြူးပြူး ဖြစ်အောင် ရေလေးတောက်ပြီး မီး ပူတိုက်ကြတယ်။ အခုခေတ်လို အမွှေးရည်တို့၊ ကော်ရည်တို့ သုံး ရကောင်းမှန်း မသိသေးဘူး။ သိသည့်တိုင်အောင်လည်း ရောင်း တဲ့ ဆိုင် မရှိဘူး။ ရေဖလားထဲက ရေကိုပဲ အဝတ်အထည်ပေါ် တောက်ထည့်ပြီး မီးပူတိုက်ကြရတယ်။ အခုခေတ် လျှပ်စစ်မီးပူ တွေမှာတော့ အပူချိန်ထိန်းညှိတဲ့ခလုတ် ပါရုံမက အလိုအလျောက် ရေဖျန်းပေးတဲ့ စနစ်ပါ ထည့်သွင်းလာကြတယ်။ သုံးစွဲသူတွေရဲ့ လိုအင်တွေကို အသေးစိတ်တွက်ချက်ပြီး ထည့်သွင်းလာတဲ့ ပစ္စည်းတွေထဲမှာ မီးပူတွေလည်း ပါတယ်။ ရေဖျန်းတဲ့ စနစ်မပါတဲ့ ရိုးရိုးလျှပ်စစ်မီးပူတွေအတွက်လည်း လက်တစ်ဆုပ်စာ ရေဘူး ခပ်သေးသေးလေးတွေ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့ရ နေပြီ။ အဲဒီ ရေဘူးလေးတွေမှာ ရေတွေ ဖွားခနဲ ထွက်အောင်လုပ် လို့ရတဲ့ ခေါင်းလေးတွေ ပါတယ်။ သေနတ်မောင်းခလုတ်ပုံစံ လုပ် ထားတဲ့ ခလုတ်နှိပ်လိုက်တာနဲ့  လိုသလောက် ရေဖျန်းလို့ရတယ်။

ကြေးမီးပူကြီးတွေက လူကြီးတွေအတွက် မီးပူတိုက်စရာ ကိရိယာ ဖြစ်သလို ကလေးတွေအတွက် ကစားစရာ သင်္ဘော လည်း ဖြစ်တယ်။ ဦးချွန်သဏ္ဌာန်ရှိပြီး သစ်သားလက်ကိုင်ရိုး တပ် ထားတဲ့ ကြေးမီးပူကြီးတွေက ကလေးငယ်တွေအဖို့ ကစားစရာ သင်္ဘောပါပဲ။ ကြေးပိဿာချိန် အတော်များများပါတဲ့ မီးပူကြီး တွေက ကလေးတွေ ဘယ်လောက်ဆော့ဆော့ ပျက်တယ်ရယ်လို့ မရှိဘူး။ ပျက်ရလောက်အောင်လည်း ဘာမှ ထွေလီကာလီ မပါ ဘူးလေ။ ဒါပေမဲ့ မီးပူတိုက်နေချိန်မှာတော့ မီးပူနဲ့ ကပ်မိမှာ စိုးရိမ် လို့ ကလေးတွေကို ကြေးမီးပူကြီးတွေနား ကပ်ခွင့်မပေးဘူး။

ကြေးမီးပူကြီးတွေ အနားရသွားရတဲ့ အကြောင်းရင်းတွေ ထဲမှာ လျှပ်စစ်မီးပူတွေ ပေါ်လာရတာက အဓိက အကြောင်းရင်း ဖြစ်တယ်။ အဝတ်အထည်တွေ မီးလောင်ပေါက်မှာလည်း မပူရ တော့ဘူး။ ကိုင်ရတွယ်ရတာလည်း သက်သောင့်သက်သာနဲ့ ပေါ့ ပေါ့ပါးပါး ရှိတယ်။ ရေဘူးလည်း သီးသန့်ဆောင်စရာ မလိုတော့ သလို မီးသေမသွားအောင် ယပ်တောင် တဖျပ်ဖျပ် ခါနေစရာ လည်း မလိုတာလည်း ပါတယ်။ အဲ၊ ဒါပေမဲ့ လျှပ်စစ်မီးတော့ မှန် ဖို့ လိုတာပေါ့။ လျှပ်စစ်မီးပူတွေက ပြုပြင်ထိန်းသိမ်းစရိတ်ကလည်း များတယ်။ ထစ်ခနဲရှိ ကွိုင်လောင်ရတာနဲ့၊ ခလုတ်ကြောင်ရတာနဲ့ အီလက်ထရောနစ်ပြင်တဲ့ ဆိုင် သွားပို့ကြရတယ်။ လျှပ်စစ်မီးပူ တွေ လက်လှမ်းတမီ အနေအထားမှာ လွယ်လင့်တကူ ဝယ်လို့ ရနေပေမယ့် ကြေးမီးပူကြီးတွေကို လက်မလွှတ်နိုင်သေးတဲ့ အိမ် ရှင်မကြီးတွေ ရှိနေသေးတယ်။ သူတို့က လျှပ်စစ်မီးပူတွေကို ပေါ့ ရွှတ်ရွှတ်နိုင်သတဲ့။

ဒန်၊ ကြေး၊ ပလတ်စတစ်၊ စက္ကူတွေ ဝယ်တဲ့ ဘော်တယ်လ် တွေကြောင့်လည်း ကြေးမီးပူကြီးအချို့ မျိုးတုံး ပျောက်ကွယ်သွား ခဲ့ရတယ်။ အိမ်မှာ ချောင်ထိုးထားခံရတဲ့ ကြေးမီးပူကြီးတွေဟာ ငွေလိုအပ်နေတဲ့ အိမ်သားတစ်ဦးဦးအတွက် ငွေဖော်စက်ပါပဲ။ ဘော်တယ်လ်တွေက ဘယ်ပစ္စည်းဖြစ်ဖြစ် အလေးချိန်နဲ့ ချိန် တွယ်ပြီး ဝယ်တာဆိုတော့ အလေးချိန်များများ ပါတဲ့ ကြေးမီးပူ ကြီးတွေဟာ ငွေလိုအပ်နေသူတွေအတွက် သွားရည်ယိုစရာ ဖြစ် တာ အမှန်ပဲ။ အဲဒီလိုနဲ့ပဲ တန်ဖိုးထားစရာ ယဉ်ကျေးမှုအမွေအနှစ် တွေလည်း ပျောက်မှန်းမသိ ပျောက်ကွယ်သွားရတာတွေ မနည်း တော့ဘူး။ ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ တန်ဖိုးလည်း သိပါမှ၊ ငွေကြေးလည်း ရှိပါမှ ထိန်းသိမ်းစောင့်ရှောက်ရာရောက်တယ်။

လျှပ်စစ်မီးပူတွေ စပေါ်ခါစက ခပ်လေးလေး အလေးချိန် စီးစီး မီးပူတွေကို ထုတ်လုပ်ခဲ့ကြတာပါ။ ကြေးမီးပူအစားထိုးကုန် စည် ဖြစ်တော့ ကြေးမီးပူနီးပါး အလေးချိန်ရှိတဲ့ လျှပ်စစ်မီးပူတွေ ကို ထုတ်လုပ်သူတွေက ဈေးကွက်တင်ပို့ခဲ့ကြတယ်။ နေရှင်နယ် တံဆိပ်တွေနဲ့ ဝင်ခဲ့တာပေါ့။ နောက်ပိုင်းမှာတော့ အီလက်ထရော နစ်ကုမ္ပဏီကြီးတွေက ဈေးကွက်ဝေစုရအောင် သူ့ထက်ငါ ထုတ် လုပ်လာကြတယ်။ သုံးစွဲသူတွေ အဆင်ပြေဆုံးဖြစ်အောင် အပူ ချိန် မြင့်လာတဲ့အခါ အလိုအလျောက် လျှပ်စစ်ဖြတ်တောက်ပေး တဲ့ စနစ်တွေ ထည့်လာကြတယ်။ မီးပူတိုက်နေတုန်း ရေဖျန်းပေး တဲ့ စနစ်တွေ ထည့်ပေးတာလည်း ရှိတယ်။ သုံးစွဲသူတွေ အသုံးပြု ရ သက်သာအောင် ကိုင်တွယ်ရတာ ပေါ့ပါးပြီး ဈေးနှုန်းလည်း သက်သာအောင် (ထုတ်လုပ်သူတွေလည်း တွက်ခြေကိုက် အောင်) အပြိုင်အဆိုင် လျှော့ချပေးကြပြန်တယ်။

တကယ်တော့ ကြေးသတ္တုနဲ့ လုပ်ထားတဲ့ မီးပူ၊ ချိန်ခွင်၊ ဖလား၊ ခွက် စတဲ့ အသုံးအဆောင်တွေဟာ မြန်မာ့အမျိုးသား ထုတ်ကုန်တွေပါပဲ။ အခုတော့ မြန်မာ့အမျိုးသားထုတ်ကုန်ရယ်လို့ မယ်မယ်ရရ ပြစရာ ဘာမှ မရှိဘူး။ ဘာဖြစ်ဖြစ် ဝယ်သုံးနေကြရ တယ်။ အဝတ်ညှပ်တဲ့ ကလစ်က အစ လေယာဉ်ပျံအထိ ဝယ်သုံး နေကြရတယ်။ ဈေးရောင်းရတဲ့ ခေတ်မှာ ဝယ်သုံးနေရမှတော့ ဘတ်ဂျက်လိုငွေက အမြဲပြနေမှာပဲ။ ကြေးအသုံးအဆောင်တွေ ပျောက်ကွယ်သွားတာ နှမြောစရာကောင်းတယ်။ မြန်မာနိုင်ငံမှာ ကြေးခေတ်ယဉ်ကျေးမှုက ကောင်းကောင်းကြီး ထွန်းကားခဲ့ တယ်။ ဘုတလင်ညောင်ကန်အနီးနဲ့ ဝက်လက်မြို့နယ်ထဲက ပျူ မြို့ဟောင်း ဟန်လင်းတို့မှာ ကြေးခေတ် အသုံးအဆောင်တွေ မကြာခဏ တူးဖော်ရရှိနေတယ်။ ဒါ့အပြင် မုံရွာနယ်က နာမည် ကျော် ကြေးစင်တောင်၊ စံပယ်တောင်၊ လက်ပံတောင်းတောင် တွေမှာလည်း ကြေးသတ္တုတွေ ဒီနေ့အထိ တူးဖော်နေဆဲ ဖြစ် တယ်။ ဒီနေ့ခေတ်လောက် ကြေးလိုအပ်ချက် မြင့်မားတာ မရှိ။ ခေတ်ပေါ်အသုံးအဆောင် အီလက်ထရောနစ်ပစ္စည်းမှန်သမျှ ကြေးသတ္တုကို လက်မလွတ်နိုင်ကြရုံမက မပါမဖြစ် အဓိကပစ္စည်း အဖြစ် သုံးစွဲနေကြရတယ်။

ဘာပဲဖြစ်ဖြစ် စိတ်အားလက်အားရှိတဲ့ တစ်ရက်မှာ အငြိမ်းစားရသွားတဲ့ ကြေးမီးပူလေးကို ရှာဖွေရပါဦးမယ်။ အိမ်ရဲ့ တချောင်ချောင်မှာ ခိုအောင်းနေမှာ ဖြစ်တဲ့ ကြေးမီးပူလေးမှာ ကျပ်ခိုးတွေ၊ ဖုန်မှုန့်တွေ၊ ပင့်ကူအိမ်တွေနဲ့ ရှုပ်ပွကောင်း ရှုပ်ပွနေ ပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ မန်ကျည်းမှည့်နဲ့ နိုင်နိုင်ပွတ်ပြီး ဆေး ကြောသန့်စင်လိုက်ရင် နဂိုမူလအတိုင်း ဝင်းလက်တောက်ပလာ ပါလိမ့်မယ်။ ဆေးကြောသန့်စင်ပြီးရင် မျိုးဆက်သုံးဆက်စာ တာဝန်ကျေပွန်ခဲ့တဲ့ ကြေးမီးပူလေးကို မြန်မာ့အမျိုးသားထုတ် ကုန်အဖြစ် အိမ်ဦးခန်းမှာ နေရာပေးပါ့မယ်။ တူ၊ တူမတွေကိုလည်း ကြေးမီးပူလေးရဲ့ တာဝန်ကျေပွန်မှုကို ပြောပြရပါဦးမယ်။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - အမေ့ခံ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."