ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့သစ်

ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့သစ်

၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းသုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

နိုင်ငံတော်သမ္မတသစ်အဖြစ် ဦးထင်ကျော် ရွေး ကောက် တင်မြှောက်ခံရခြင်းနှင့်ပတ်သက်ပြီး KIO ဗဟိုကော်မတီက မတ် ၁၈ ရက်က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ ပြည်သူလူထုက ရွေးကောက်တင် မြှောက်လိုက်တဲ့ လွှတ်တော်နှစ်ရပ်စလုံးက မတ် ၁၅ ရက်မှာ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်မြှောက် လိုက်ခြင်းကို ကြိုဆိုကြောင်း၊ ပြည်သူလူထုဆန္ဒဖြင့် အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခွင့်ရခြင်းသည် မြန်မာ့နိုင်ငံရေးအပြောင်း အလဲမှာ တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးလုပ်ငန်းတွေကို အားကြိုးမာန် တက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်း KIO ဗဟိုရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါဝင်ခဲ့ ပါတယ်။

အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း မတ် ၁၇ ရက်က သဝဏ်လွှာတစ်စောင်ပေးပို့ရာမှာ နှစ် ပေါင်း ၅ဝ ကျော်ကာလအတွင်း မြန်မာနိုင်ငံသမိုင်းမှာ အရပ်သား သမ္မတတစ်ဦးအဖြစ် ဦးထင်ကျော်ကို ပြည်သူလူထု ဆန္ဒလိုလား ချက်နှင့်အညီ ရွေးချယ်တင်မြှောက်ခံလိုက်ရခြင်းအတွက် ဂုဏ် ယူဝမ်းမြောက်ကြောင်း ပါဝင်ခဲ့ပါတယ်။ ဒီသဝဏ်လွှာထဲမှာ KNPP အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အစဉ်လိုလားခဲ့ပြီး ငြိမ်းချမ်းရေးတည် ဆောက်မှု ဖြစ်စဉ်တွေမှာ တိုင်းရင်းသားအားလုံးပါဝင်ရေး ငြိမ်း ချမ်းရေးအသီးအပွင့်များကို တိုင်းရင်းသားညီအစ်ကို မောင်နှမ တိုင်း သာတူညီမျှ ခွဲဝေခံစားမှုရှိစေရန် ပြင်းပြတဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒါကြောင့် အားလုံးပါဝင်ခွင့် မရရှိသေးတဲ့ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးရာမှာ ပါဝင်ခြင်းမရှိခဲ့သေးတဲ့တိုင် ပြည်ထောင်စုအစိုးရ၊ တပ်မတော်တို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံ ရေးကို ထိန်းသိမ်းနိုင်ခဲ့တယ်။ သမ္မတကြီးအနေနဲ့ သမ္မတရာထူး အာဏာလွှဲပြောင်းရယူပြီးချိန်ကစပြီး အရေးတကြီးဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မလွဲမသွေပါဝင်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်မှာ ယခု အချိန်တိုင် မငြိမ်းနိုင်တဲ့ စစ်မီးတွေကြောင့် ဒေသတချို့မှာ တိုင်း ရင်းသားပြည်သူတချို့  အတိဒုက္ခရောက်နေကြရတယ်။ တိုင်းရင်း သားညီအစ်ကိုအချင်းချင်း ဆက်လက်စစ်ခင်းနေကြရင် ပြည် ထောင်စုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြိုကွဲနိုင်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးစေနိုင်ပါတယ်။ ဒါကြောင့် ပြည် ထောင်စုတစ်ဝန်းလုံး သေနတ်သံများ ဆိတ်သုဉ်းခြင်းနဲ့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ စစ် မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အတွက် သမ္မတကြီးဦးဆောင်ပြီး ပြည်သူ့ကိုယ်စားလှယ်များနဲ့ ပါဝင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွား လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်မှာ အပြည့်အဝ ပါဝင်ပူးပေါင်းလိုတဲ့ ဆန္ဒ ဖြင့် အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်တည်ဆောက် လိုကြောင်း KNPP ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်ခွင့် မရခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)၊ တအာန်း ပလောင် (PSLF/TNLA) တပ်ဖွဲ့နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကလည်း မတ် ၁၈ ရက်က သုံးဖွဲ့ပူးပေါင်းပြီး ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေညာချက်ထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်အရ လူထုဆန္ဒမဲ အများဆုံးရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ ဦးထင် ကျော်အစိုးရအဖွဲ့သစ်ကို ကြိုဆိုဂုဏ်ပြုကြောင်း ဖော်ပြထားပါ တယ်။ ဒီအဖွဲ့တွေထဲက ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို နိုင်ငံတော် အချုပ်အခြာအာဏာ ထိပါးစေမှုနဲ့ တပ်မတော်က အပြီးတိုင်ချေ မှုန်းဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ကိုးကန့်အဖွဲ့ကတော့ တစ်ဖက် သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားဆဲပါပဲ။ အလား တူ တအာန်းပလောင်အဖွဲ့ (TNLA) ကလည်း တပ်မတော်ကို စစ်ဆင်တိုက်ခိုက်မှုမလုပ်ဘဲ ခုခံရေးစစ်ပွဲသာ ဆင်နွှဲမယ်လို့ဆိုပါ တယ်။ ရခိုင်တပ်မတော် (AA) ကိုတော့ တပ်မတော်က အမြစ် ပြုတ်ချေမှုန်းမယ်လို့ ကြေညာထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖွဲ့တွေအားလုံးဟာ NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ဖို့ အသင့်ရှိနေတဲ့အဖွဲ့တွေပါ။ NCA စာချုပ် (မူကြမ်း) ရေးဆွဲစဉ်က လည်း UNFC အနေနဲ့ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတသစ်ခေါင်းဆောင်မှုနဲ့ အစိုးရအဖွဲ့ အပြောင်းအလဲမှာ တကယ်လို့ သူတို့အပေါ် တပ်မတော်ရဲ့ သဘောထားပြောင်းလဲ လာမယ်ဆိုရင် အနိမ့်ဆုံးအားဖြင့် တစ်ပြည်လုံးမှာ သေနတ်သံ တွေ တိတ်သွားနိုင်သလို ငြိမ်းချမ်းရေးတံခါးကြီးလည်း ပွင့်သွား နိုင်ခြေရှိပါတယ်။

NCA ပြ  ဿ      နာ

၂ဝ၁၁၊ သြဂုတ်က စတင်ပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ဦးစွာအားဖြင့် တိုင်းရင်း သားလက်နက်ကိုင် တစ်ဖွဲ့ချင်းနဲ့ ဒေသအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ ကြတာပါ။ ဒါပေမဲ့ မြန်မာပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ KIA အဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြပြီး နောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တစ်ဖွဲ့ချင်းခွဲပြီး ဆွေးနွေးတာကို သဘောမတူကြတော့ဘဲ ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ထူထောင် ဖွဲ့စည်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာ သမ္မတဦးသိန်းစိန် ဖွဲ့ စည်းပေးလိုက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေး ကော်မတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ စုစည်းထားတဲ့ UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီကတစ်ဆင့် UNFC အဖွဲ့ထက် ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ အစိုးရရဲ့UPWC တို့ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် UPWC နဲ့ NCCT တို့ ခြောက်ကြိမ်တိုင်တိုင် ဆွေးနွေးညှိနှိုင်း ခဲ့ကြပေမယ့် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲအရှိန်အဟုန် လျော့ကျ မသွားတဲ့အပြင်  ပိုလို့ပြင်းထန်လာခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် UPWC နဲ့ NCCT တို့ရဲ့ သတ္တမအကြိမ် တွေ့ဆုံညှိနှိုင်းပြီးချိန်မှာတော့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူချက် (NCA) မူကြမ်းပါ အချက်အလက်တွေကို အကြမ်းဖျင်းသဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ အချက်အလက် အားလုံးကို တညီတညွတ်တည်း သဘောတူညီခဲ့ကြတာတော့ မဟုတ်ပါဘူး။ လတ်တလော အပစ်ရပ်စာချုပ် အလျင်အမြန်ချုပ် ဆိုနိုင်ရေးအတွက် သဘောမတူနိုင်သေးတဲ့အချက်တွေကို ဖြုတ် ပယ်ချန်လှပ်ထားတန်ထား၊ လက်မခံနိုင်သေးတဲ့ အသုံးအနှုန်း တွေ စေ့စပ်ညှိနှိုင်းတန်ညှိနှိုင်း၊ တချို့အချက်အလက်တွေ ယာယီ ဆိုင်းငံ့ ထားတန်ထားပြီး ယေဘုယျသဘောတူထားလိုက်ကြတာ ပါ။ ဒီလိုလုပ်ရတာလည်း သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး တစ်ပြည်လုံးမှာ အကောင်အထည်ဖော် နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင် ခဲ့ပြီဆိုတဲ့ နာမည်ကောင်းယူချင်လို့ တက်သုတ်ရိုက် သဘောတူ လိုက်ကြတာပါ။

NCA မူကြမ်းဟာ သမ္မတဦးသိန်းစိန်အတွက် နိုင်ငံရေး ဂုဏ်သိက္ခာပြဿ      နာဖြစ်သလို ဦးအောင်မင်းရဲ့ မြန်မာ့ငြိမ်းချမ်း ရေးဗဟို (MPC) အဖွဲ့အတွက်လည်း အရေးပါတဲ့ အကျိုးစီးပွား ဆိုင်ရာကိစ္စကြီး ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း NCA မူကြမ်းရပြီးတာနဲ့ သြင်္ကန်ရက်လေးတောင် မအောင့်အည်း မစောင့်စည်းနိုင်ဘဲ ဧပြီ ၁၄ ရက်မှာတင် ဦးအောင်မင်းနဲ့  MPC က တာဝန်ရှိသူတစ်သိုက် NCA မူကြမ်းပိုက်ပြီး ဂျပန်နိုင်ငံကို ကတိုက်ကရိုက်သုတ်ခြေတင် ခရီးပြင်းနှင်ခဲ့ကြပါတယ်။ လေး ရက်ကြာမြင့်တဲ့ ထောက်ပံ့ကြေးရှာဖွေရေး ခရီးစဉ်အတွင်းမှာ NCA မူကြမ်းကို ထိုးပြပြီး မြန်မာပြည်မှာ သေနတ်သံတွေ တိတ် တော့မယောင်၊ ငြိမ်းချမ်းရေးရတော့မယောင် ဆွေးနွေးအယုံ သွင်းခဲ့ကြပုံပါပဲ။ ဒါကြောင့် ဂျပန်အစိုးရကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးတို့အတွက် ဒေါ်လာ ၈၄ သန်းတိတိ ပေးကမ်းစွန့်ကြဲလိုက်ပါတယ်။ ဦးအောင်မင်းနဲ့  MPC လူကြီးမင်းတစ်သိုက် ငွေထုပ်ပိုက်ပြီး ပြည်တော်ပြန်လာနိုင်ခဲ့ကြ ပါတယ်။

MPC ဘာလဲ

မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ် အဆင်ပြေချောမွေ့ရေး အတွက် နိုင်ငံတကာက ထောက်ပံ့ကူညီငွေတွေဟာ အဓိက အခန်းက ပါဝင်ခဲ့ပါတယ်။ ဒီထောက်ပံ့ငွေတွေဟာ အစိုးရကတစ် ဆင့် ဦးအောင်မင်းတို့  MPC ရန်ပုံငွေစာရင်းထဲကို စီးဝင်နေခဲ့ပါ တယ်။ အထူးသဖြင့်  MPC ကို အဓိကထောက်ပံ့နေတာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ပါ။ ၂ဝ၁၂-၂ဝ၁၃ ဘတ်ဂျက်ကာလအတွင်းမှာ တင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် EU က ယူရို ၁၆ သန်းတိတိ မတည်ပေးခဲ့ပါတယ်။ MPC အဖွဲ့ရဲ့ လုပ်ငန်းသုံး စရိတ်၊ ရုံးစရိတ်ကနေ ဝန်ထမ်းစရိတ်အထိ EU က ကျခံပေးခဲ့တာ ပါ။ ဒါကြောင့်လည်း MPC ရဲ့ အကြီးတန်းအကြံပေးနဲ့ အရာရှိ တွေရဲ့ လစာက ဒေါ်လာသောင်းချီပေးရတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အိတ်စိုက်ပြီး လုပ်နေရပါတယ် ဆိုတဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေရဲ့ စကားနဲ့တော့ အတော်ကွဲလွဲကွာဟနေပါတယ်။ တစ်ချိန်တည်းမှာ EU ကလူ သားချင်းစာနာထောက်ထားငွေအဖြစ် သုံးနှစ်စာ ယူရိုသန်း ၂ဝ ထောက်ပံ့ပေးပါသေးတယ်။ ဒီငွေတွေ စစ်ဘေးဒုက္ခသည်တွေဆီ ဘယ်လောက်ရောက်တယ်ဆိုတာတော့ ဦးအောင်မင်းနဲ့  MPC လူကြီးမင်းတို့ပဲ သိပါလိမ့်မယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် နော်ဝေ၊ ဗြိတိန်၊ သြစတြေးလျ၊ EU ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့ ပါဝင်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပံ့ပိုးကူညီမှုအဖွဲ့ (MPSI)ထဲ ကို US ၊ ဂျပန်၊ ဆွစ်ဇာလန်တို့ ထပ်မံပါဝင်လာပြီးနောက် ဒေါ်လာ သန်း ၃ဝ ကူညီထောက်ပံ့ဖို့ ကတိပြုထားပါတယ်။ ဒါ့အပြင် MPSI  အဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ စီမံကိန်း ၁၇ ခု အကောင်အထည်ဖော်ဖို့ ဒေါ်လာ သန်း ၇ဝ ထောက်ပံ့ဦးမှာ ဖြစ် ပါတယ်။ တခြားတစ်နိုင်ငံချင်း ကူညီရေးအစီအစဉ်တွေလည်း ရှိ နေပါသေးတယ်။ ဗြိတိန်က စစ်ဒဏ်ခံပြည်သူတွေ ပြန်လည်ထူ ထောင်ရေး ငါးနှစ်စီမံကိန်းအတွက် ဒေါ်လာ ၉၆ သန်း ကူညီမယ် လို့ ကြေညာပြီးပါပြီ။ လူသားချင်းစာနာမှု အကူအညီအနေနဲ့ လည်း ပေါင်စတာလင် ၁၃ ဒသမ ၅ သန်း ပေးဦးမှာပါ။ ရခိုင်၊ ရှမ်း၊ ကချင်နဲ့ ကရင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး အတွက် သြစတြေးလျက ဒေါ်လာ ၁၄၂ သန်းကျော်မျှ ပေးအပ်ခဲ့ ပြီးပါပြီ။ ဆွစ်ဇာလန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ ၃၅ သန်းလည်း ပေးကမ်းလှူဒါန်းထားပြီးဖြစ်ပါတယ်။ ဒီလောက် နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ အများအပြားရှိတဲ့ကြားက ပြီးခဲ့တဲ့ ဘတ်ဂျက်မှာ ဦးသိန်းစိန်အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုတဲ့ ခေါင်းစီးနဲ့ အသုံးစရိတ် ကျပ်သန်း ၇,ဝဝဝ တိတိ တောင်းခံလိုက်ပါသေးတယ်။

ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှု မည်ရွေ့မည်မျှ ပမာဏရှိပြီး မည်သို့မည်ပုံ သုံးစွဲခဲ့ကြတယ်ဆိုတာတော့ ဦးအောင်မင်းတို့ MPC က လွဲလို့ ဘယ်သူမှ သိနိုင်ကြမှာမဟုတ် ပါဘူး။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နောက်ကွယ်မှာ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာနဲ့ အကျိုးစီးပွားဆိုင်ရာကိစ္စ တွေ အသေအချာပါဝင်နေပါလိမ့်မယ်။ ဒါကြောင့် MPC အဖွဲ့ဆို တာ တည်ကြည်မှန်ကန်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ဖြစ် ရမယ့်အစား အစိုးရရဲ့ ငြိမ်းချမ်းရေးသဘောထား မူဝါဒတွေကို ပုံဖော်ကာကွယ် အလှခြယ်ပေးတဲ့အဖွဲ့  ဖြစ်နေတာ တွေ့ရပါတယ်။ ဒီလိုအနေအထားတွေအောက်မှာ NCA လက်မှတ်ထိုးပွဲကို အားလုံးပါဝင်နိုင်ခြေမရှိဘဲ အနည်းစုသာ တက်ရောက်ပါဝင်နိုင် စွမ်းရှိတာ မဆန်းပါဘူး။ အောက်တိုဘာလလယ်ပိုင်းက သမ္မတ ဦးသိန်းစိန်ဆန္ဒအရ ကျင်းပကြတဲ့ NCA စာချုပ် လက်မှတ်ရေး ထိုးတဲ့ ညီလာခံ အခမ်းအနားကလည်း လူများပြီး ပွဲမစည်တဲ့ ငွေ ကုန်သံပြာ ဘာမှ အနှစ်သာရ ပြည့်ပြည့်ဝဝ ရရှိအောင်မြင်ခဲ့တာ မဟုတ်ပါဘူး။

ပြောင်းမှာလား၊ ပေါင်းမှာလား

၂ဝ၁၆၊ ဖေဖော်ဝါရီအတွင်းမှာတော့ နိုင်ငံတော်သမ္မတရုံး ရဲ့ အမိန့်အမှတ် ၃/၂ဝ၁၆ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ အမိန့်အရ ၂ဝ၁၂၊ အောက်တိုဘာအတွင်းက သမ္မတအမိန့်နဲ့ ဖွဲ့ စည်းခဲ့တဲ့  MPC အဖွဲ့ဟာ ၂ဝ၁၆၊ မတ် ၂၉ ရက်မှာ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် MPC ရုံးအဖွဲ့ကို လုပ် ငန်းတွေ လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့ မြန်မာ့ငြိမ်းချမ်းရေးတည် ဆောက်မှုနှင့် ဆွေးနွေးညှိနှိုင်းရေးဗဟိုဌာန (Myanmar Peace Building Dialogue Centre-MPBDC) နှင့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (Peace and Development Foundation-PDF) အရပ်ဘက်အဖွဲ့အစည်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခွင့် ပေးခဲ့ပါတယ်။ MPC က ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ရုံးသုံးပစ္စည်းတွေ၊ လုပ်ငန်းသုံးယာဉ်တွေ၊ ရန်ပုံငွေ စာရင်းဇယားတွေကို အဆိုပါအဖွဲ့အစည်းနှစ်ရပ်ကို လွှဲပြောင်း ပေးရမှာဖြစ်ပါတယ်။ MPC ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့သော် လည်းကောင်း၊ ပိုင်ဆိုင်မှုများနဲ့ပတ်သက်၍လည်းကောင်းNLD အစိုးရသစ်က ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ဒီသဘောထား အရဆိုရင် MPC က ၎င်းရဲ့ လုပ်ငန်းများ၊ ပိုင်ဆိုင်မှုများ၊ စာရင်း ဇယားများကို အရပ်ဘက်အဖွဲ့အစည်းများအဖြစ် ပြောင်းလဲဖွဲ့ စည်းလိုက်တဲ့ MPBDC နဲ့ PDF အဖွဲ့တွေကို လွှဲပြောင်းပေးခဲ့မှာ ဖြစ်လို့ MPC အဖွဲ့နာမည်ကလွဲလို့ NLD အနေနဲ့ ဘာမှ ဆုပ် ဆုပ်ကိုင်ကိုင် ရယူနိုင်စရာရှိတော့မှာ မဟုတ်ပါဘူး။

ဒီနေ့၊ ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ အထူးသဖြင့် NCA မှာ ပါဝင်လက်မှတ်ထိုးခြင်း မရှိသေးတဲ့ အဖွဲ့အားလုံးလိုလိုက NLD အစိုးရသစ်နဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေကို ပါဝင်ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒ ထက်သန်ပြင်းပြနေကြပါပြီ။ ဒီလိုအခြေအနေမှာ ဒီအဖွဲ့အစည်း တွေ လိုလားယုံကြည်မှုမရှိတဲ့ MPC အဖွဲ့ဟောင်းကို NLD အနေနဲ့ အပြီးတိုင် ဖျက်သိမ်းသင့်ပါတယ်။ တစ်ချိန်တည်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ယုံကြည်လိုလားတဲ့ ပုဂ္ဂိုလ် တွေ၊ ဘက်လိုက်မှုကင်းပြီး တရားမျှတစွာ ညှိနှိုင်းဆောင်ရွက်ပေး နိုင်စွမ်းရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ ကိုယ် စားလှယ်တွေ အချိုးကျပါဝင်တဲ့ လွတ်လပ်တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သစ်တစ်ရပ်ကို ထူထောင်ဖွဲ့စည်းသင့်ပါတယ်။ သို့မှသာ NCA စာချုပ်မှာ အားလုံးပါဝင်လာနိုင်ပြီး တစ်ပြည်လုံး မှာ သေနတ်သံတွေ တိတ်သွားနိုင်ပါတယ်။ ဒီကတစ်ဆင့် အဓွန့် ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ် ဓာတ်နဲ့ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှင်သန်ဖြစ်ထွန်းလာ ပါလိမ့်မယ်။ လာမယ့်ငြိမ်းချမ်းရေးညီလာခံကြီးကို NLD ပါတီ အနေနဲ့ ဒီစိတ်ဓာတ်၊ ဒီသဘောထားနဲ့ ပြင်ဆင်ဦးဆောင်နိုင်မှ ၂၁ ရာစု ပင်လုံညီလာခံ အစစ်အမှန်ပေါ်ထွန်းလာနိုင်စရာ ရှိပါတယ်။      ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."