အသွင်ကူးပြောင်းရေး စစ်တမ်း

Illustration –  MAUNG NOE

၂ဝ၁၇ သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC 2) မှာ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ။်  ဒီအခမ်းအနားကို ကျင်းပရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားရာမှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အရေးတကြီး ပြန်လည်သုံးသပ်ရမယ့် အဓိက လုပ်ငန်းသုံးရပ် ရှိနေတယ်။

(၁) စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းရေး

(၂) ဗဟိုဦးစီးစနစ်စီးပွားရေးမှ ဈေးကွက်စီးပွားရေးသို့ အသွင်ကူးပြောင်းရေး

(၃) စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းရေးတို့ ဖြစ်ကြပါတယ်။

ဒီလို အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရေးရဲ့ အရေးပါမှုနဲ့ ခက်ခဲရှုပ်ထွေးမှုတွေအကြောင်းကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေရဲ့ အဓိကဦးတည်ချက်ဟာ တရားမျှတပြီး လွတ်လပ်မှုရှိတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်အောင်မြင်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်တယ်ဆိုတာ အင်မတန် သင့်လျော် လိုအပ်ပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘက်အသီးသီးက ဆန်းစစ် သုံးသပ်သင့်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေလည်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဖြတ်ကျော်ခဲ့ရတာချည်းပါပဲ။ ဒါပေမဲ့ သူတို့အတွေ့အကြုံတွေနဲ့ ကိုယ့်အတွေ့အကြုံတွေက ထပ်တူထပ်မျှတော့ တူကြမှာ မဟုတ်ပါဘူး။ မတူပေမယ့်လည်း ယူတတ်ရင် ယူစရာသင်ခန်းစာတွေ အများကြီး ရှိနိုင်ပါတယ်။

ဒီလို သင်ခန်းစာယူရာမှာ အရေးကြီးဆုံးက စိတ်ဓာတ်ဖြစ်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေးအတွက် စတင်လှုပ်ရှားခဲ့ကြတဲ့ ဒီမိုကရေစီရေးကို ဒီမိုကရေစီတော်လှန်ရေးလို့ ပြောဆိုလေ့ ရှိခဲ့ကြပါတယ်။ တော်လှန်ရေးဆိုတာဟာ စိတ်ဓာတ်ရေးရာတော်လှန်ရေး ဖြစ်ရပါလိမ့်မယ်။ တကယ့် ဒီမိုကရေစီ ရဖို့ဆိုတာ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ စိတ်ဓာတ် မွေးမြူနိုင်မှ တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ စိတ်ဓာတ် (Mindset) ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။ မိမိတို့ရဲ့ အတွေးအခေါ်၊ အမြော်အမြင်၊ အနေအထား၊ ရပ်တည်မှုအလုံးစုံကို မပြုပြင်ဘဲ ဒီမိုကရေစီနဲ့ နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှု အလုံးစုံထဲမှာ ဦးစွာအားဖြင့် ဒီမိုကရေစီ Mindset (စိတ်ဓာတ်) ပြုပြင်ပြောင်းလဲရေးဟာ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။

ပြည်သူတွေအနေနဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အုပ်ချုပ်ရေးစနစ်တွေ နားမလည်တာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်မှု၊ မမှန်ကန်မှု၊ တရားမှု၊ မတရားမှုတွေကို ပြည်သူတွေက ခွဲခြားနားလည်နိုင်ပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှုဆိုသည်မှာ ပြည်သူများရဲ့ လူ့အသိုင်းအဝိုင်းက စတင်ရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်ရေးမှာ ပြည်သူကအရေးပါဆုံး ဖြစ်တဲ့အတွက် ပြည်သူမပါရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်မီက ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ကြွေးကြော်သံကို ယခုအခါ ‘ပြည်သူနှင့်အတူ’ ဆောင်ပုဒ်နဲ့ ပြောင်းလဲကိုင်စွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဟာ ပြည်သူတွေရဲ့ သဘောဆန္ဒ၊ စိတ်နေစိတ်ထားကို လေးစားနားလည် တန်ဖိုးထားရပါမယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ လက်တွေ့ကျတဲ့ အဖြေတွေ ရှာဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ အတိတ်ကို သင်ခန်းစာယူဖို့သာ သုံးစွဲကြပါလို့ တိုက်တွန်းသွားခဲ့ပါတယ်။ အတိတ်ကို မမေ့နိုင်လို့၊ စွဲလမ်းနေလို့၊ အတိတ်ရဲ့ သားကောင်အဖြစ်က ရုန်းမထွက်နိုင်လို့၊ အတိတ်က လွတ်ကျွတ်အောင် မလုပ်နိုင်လို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလမ်းမှာ အထစ်အငေါ့တွေ ဖြစ်ခဲ့ကြောင်းကိုလည်း ထောက်ပြသတိပေးခဲ့ပါတယ်။ အတိတ်က သင်ခန်းစာယူဖို့သာဖြစ်ပြီး အရေးကြီးဆုံးက ပစ္စုပ္ပန်သာ ဖြစ်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းကို ပထမဆုံး၊ အရေးကြီးဆုံး ဦးစားပေးလုပ်ငန်းအဖြစ် သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ တချို့က ဖွံ့ ဖြိုးရေးလုပ်ငန်း အရေးကြီးပြီး ဖွံ့ဖြိုးရေးရရင် ငြိမ်းချမ်းရေးလည်း ရနိုင်တယ်ဆိုတဲ့ အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပါဘူး။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဘောထားက ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းကို ခွဲမကြည့်သင့်ဘူး။ ငြိမ်းချမ်းရေးမရရင် ဖွံ့ဖြိုးရေးဟာလည်း မခိုင်မြဲနိုင်သလို ဖွံ့ဖြိုးရေးမရှိရင်လည်း ငြိမ်းချမ်းရေးမတည်တံ့နိုင်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး နှစ်ခုစလုံးအတွက် ကြိုးပမ်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အဖွင့်မိန့်ခွန်းဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ ယေဘုယျလမ်းညွှန်သဘောထားတွေဖြစ်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမြင်သဘောထားတွေ တင်ပြကြရာမှာတော့ Center For Humanitarian Dialogue အဖွဲ့က Michael Vatikiotis က ‘ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အောင်မြင်ဖို့အတွက် အာမခံချက် ပေးနိုင်တဲ့ တစ်ခုတည်းသော စီမံကိန်း၊ အစီအစဉ်ဆိုတာ လုံးဝမရှိပါဘူး။ ကမ္ဘာကြီးမှာ ကွဲပြားခြားနားမှုတွေ အလွန်များပါတယ်။ မြန်မာနိုင်ငံဆိုတာလည်း အလွန်ကို ထူးခြားပါတယ်’လို့ ထောက်ပြသွားခဲ့ပါတယ်။ အလားတူ ကုလသမဂ္ဂဒေသတွင်း ညှိနှိုင်းရေး Renata N.Lok.Dessallien  ကလည်း ‘အခုအချိန်မှာ နိုင်ငံအချို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ လမ်းပျောက်တဲ့ မြိုင် ဖြစ်နေကြပါတယ်။ နိုင်ငံရေးအရ ယွင်းယိုအကျင့်ပျက်မှုတွေ၊ လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီ၊ အတုအယောင် ဒီမိုကရေစီ လွှမ်းမိုးအားကောင်းနေချိန်ဖြစ်ပါတယ်’လို့ ဝေဖန်သွားခဲ့တယ်။ Myanmar Heritage ကသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးကတော့ ‘မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ မြန်မာတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်နိုင်တဲ့ ဒီမိုကရေစီ သင်ရိုးညွှန်းတမ်း မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ပုံစံဟာ ပြည်တွင်းကပဲ ထွက်ပေါ်လာနိုင်ပါတယ်’လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri ကတော့ ‘တိုင်းပြည်မှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့အောင် ကြိုးပမ်းနေတာနဲ့အတူ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ စီးပွားရေးအောင်မြင်ဖြစ်ထွန်းအောင် ကြိုးစားဖို့ အရေးကြီးပါတယ်’လို့မှတ်ချက်ချခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) Agus Widjojo သ က အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အခြေခံတူညီချက်တချို့ရှိကြောင်း၊ မြန်မာနိုင်ငံနဲ့ တပ်မတော်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ကူးပြောင်းရသည့် ဖြစ်စဉ်တွင် တူညီသကဲ့သို့ စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ရာတွင်လည်း တစ်စုံတစ်ရာ တူညီမှုများရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံရဲ့ ၁၉၄၅ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြောင်းလဲရေးဆွဲခြင်း မဟုတ်ဘဲ ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီအောင်သာ ပြုပြင်ခဲ့ကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရာတွင် တပ်မတော်ရဲ့ ကြီးစိုးလွှမ်းမိုးမှုကိုလျှော့ချပြီး နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ပေးခဲ့ကြောင်း၊ နိုင်ငံတော်ဆုံးဖြတ်ချက်များတွင် တပ်မတော်က ပါဝင်ခြင်း မရှိတော့ရုံမျှမက အရပ်ဘက်အုပ်ချုပ်ရေးတွင် တပ်မတော်မှ ပါဝင်ခြင်း မရှိတော့ကြောင်း ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် တပ်မတော်ရဲ့ ပါဝင်မှု အခန်း အနည်းဆုံးဖြစ်အောင် လျှော့ချရမည်ဖြစ်ကြောင်း၊ အရပ်ဘက်အုပ်ချုပ်ရေး အသွင်ကူးပြောင်းရာမှာ တပ်မတော်နှင့် ပြည်သူအကြား အမြင်လွဲမှားမှု မရှိဘဲ ဆက်ဆံရေးကောင်းအောင် ကြိုးပမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြင်ဖြင့် ယုံကြည်မှု တည်ဆောက်သွားသင့်ကြောင်း တင်ပြသွားခဲ့ပါတယ်။

ဂျာမနီနိုင်ငံ Hiedelberg တက္ကသိုလ်မှ ပါမောက္ခ Aurel Croissant ကလည်း တပ်မတော်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေး ကူးပြောင်းမှုဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံတွေကို မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် တပ်မတော်၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ပြည်သူများရဲ့ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာအားကောင်းအောင် ဆောင်ရွက်သင့်ကြောင်း၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှုရှိအောင် စီမံဆောင်ရွက်နိုင်ကြောင်း၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အကြား ယုံကြည်မှုတည်ဆောက်ရင်းဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ခိုင်မာအားကောင်းလာနိုင်ကြောင်း ထောက်ပြသွားခဲ့တယ်။

အရပ်ဘက်-စစ်ဘက်ဆိုင်ရာ စုံညီအစည်းအဝေးမှာ တစ်ဦးတည်းသော တပ်မတော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီးအောင်မြင့်ဦးကတော့ မြန်မာနိုင်ငံဟာ အရပ်ဘက်-စစ်ဘက် အာဏာအကူးအပြောင်းကို ထိခိုက်မှုအနည်းဆုံး၊ အညင်သာဆုံး ကူးပြောင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေကတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အများအပြား ရှိနေခဲ့ပြီး အချို့အင်အားစုဟာ အချို့တိုင်းပြည်ရှိ တပ်မတော်တွေရဲ့ အင်အားနီးပါးမျှ ရှိနေကြောင်း၊ ဒါကြောင့် လတ်တလော တပ်မတော်ကို နိုင်ငံရေးလုပ်ငန်းစဉ်တွေက ဖယ်ထုတ်ဖို့ မကြိုးစားသင့်ကြောင်း နိုင်ငံနဲ့ ကိုက်ညီတဲ့ သီဝရီမူဝါဒတွေကို ဝိုင်းဝန်းရှာဖွေပြီး လုံခြုံမှုနဲ့ တည်ငြိမ်မှုရရှိရန် ကြိုးစားသင့်ကြောင်း၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်သောကများ ရှိနေလျှင် စီးပွားရေး အောင်မြင်ဖွံ့ဖြိုးအောင်လုပ်ဖို့ ခက်ခဲကြောင်း တင်ပြဆွေးနွေးသွားခဲ့ပါတယ်။

Myanmar Institute of Peace and Security Studies မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးက အရပ်ဘက်စစ်ဘက်ဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မယ်ဆိုတဲ့အချက်ဟာ အရေးကြီးကြောင်း ၊ ပုံစံမမှန်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုကနေ ပွတ်တိုက်မှု ဖြစ်သွားတတ်ကြောင်း၊ တပ်မတော်၊ လွှတ်တော်၊ အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ဖို့ လိုအပ်ကြောင်း၊ လုံခြုံရေးဆိုရာမှာလည်း တပ်မတော်ထောက်လှမ်းရေး၊ ရဲစတဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးလုပ်ငန်းတွေသာမက ကျန်းမာရေး၊ အစားအစာ၊သဘာဝပတ်ဝန်းကျင် စတဲ့ လုံခြုံမှု မရှိတဲ့ အခြားကဏ္ဍတွေရဲ့ လုံခြုံရေးကိစ္စတွေပါ ထည့်သွင်း စဉ်းစားသင့်ကြောင်း ထောက်ပြဆွေးနွေးသွားခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရေးခေါင်းစဉ်ကို ဆွေးနွေးရာမှာ စီးပွားကူးသန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံဟာ အရင်ကဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးပြီး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက်မှာတော့ ဗဟိုချုပ်ကိုင်မှု စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးမှုအောက်မှာ ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဗဟိုချုပ်ကိုင်မှု စီးပွားရေးစနစ်က ဈေးကွက်စီးပွားရေးကို ပြောင်းလဲကျင့်သုံးရာမှာ ၂၃ နှစ် ကြာခဲ့ကြောင်း၊ စိန်ခေါ်မှုများအဖြစ်ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ၊ လိုငွေပြမှု၊ ကုန်ထုတ်စွမ်းအားကျဆင်းမှု ပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း၊ စီးပွားရေးနဲ့ နိုင်ငံရေး ဆက်စပ်နေပြီး စီးပွားရေးမခိုင်မာရင် နိုင်ငံရေးအရ ချည့်နဲ့ ယိမ်းယိုင်လာနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ ထိခိုက်လာနိုင်ကြောင်း၊ ပါတီနှင့် အစိုးရကြား၊ အစိုးရနှင့် လွှတ်တော်ကြား၊ ဗဟိုနဲ့ ပြည်နယ်တိုင်းတို့အကြား စီးပွားရေးအရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အလွန်အားနည်းကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချိုးညီစွာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ဟာ အရေးကြီးကြောင်း တင်ပြသွားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍဟာ ၉ဝ ရာခိုင်နှုန်းကျော် ပါဝင်နေတာကြောင့် အရေးကြီးကြောင်း၊ ဒါပေမဲ့ ဒီလုပ်ငန်းတွေဟာ လွတ်လပ်မှုအားနည်းပြီး နိုင်ငံတော်ရဲ့ ချုပ်ကိုင်မှုအောက်မှာ အများစု ရှိနေဆဲဖြစ်ကြောင်း၊ ဒီပုဂ္ဂလိကကဏ္ဍမှာ တောင်သူလယ်သမား ၇ဝ ရာခိုင်နှုန်း ပါဝင်ပတ်သက်နေတဲ့ လက်ရှိလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဟာ အရေးကြီးဆုံးဖြစ်ကြောင်း ၊ NLD ဗဟိုစီးပွားရေးကော်မတီဝင် ဦးသိန်းညွန့်က ဆွေးနွေးတင်ပြခဲ့ပါတယ်။ လက်ရှိလယ်ယာကဏ္ဍမှာ လုပ်သား၊ မြေယာ၊ အရည်အသွေးများ ဆက်တိုက်ကျဆင်းနေကြောင်း၊ လယ်ယာလုပ်ငန်းစွန့်ခွာသူ ပမာဏ များပြား၍ လုပ်သားရှားပါးနေခြင်း၊ သီးနှံပေါ်ချိန်တွင် သီးနှံဈေးနှုန်းများကြောင့် တွက်ခြေမကိုက်ခြင်း၊ ဆည်မြောင်းတာတမံပြဿနာ၊ ရာသီဥတုဖောက်ပြန်မှုတို့က လယ်သမားများကို ဆင်းရဲတွင်းထဲ တွန်းချနေကြောင်း၊ ခေတ်အဆက်ဆက် လယ်မြေသိမ်းဆည်းခံလာခဲ့ရမှုကြောင့် ယခုအခါ လယ်ငါးဧကအောက်သာ ပိုင်ဆိုင်တော့တဲ့ လယ်သမားက ၇၅ ရာခိုင်နှုန်းလောက် ရောက်နေပြီ။ လယ်သမားမဟုတ်တဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေက ဧကသောင်းချီ လုပ်ပိုင်ခွင့်ရနေချိန် လယ်သမားအစစ်တွေမှာ အလုပ်အကိုင်မဲ့၊ လုပ်ကွက်မဲ့ဘဝရောက်နေကြပြီ။ သိမ်းဆည်းခံ လယ်ယာပြဿနာတွေ အလျင်အမြန် ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ဌာနေကိုယ်စားလှယ် Christophoros Politis က စီးပွားရေးနဲ့ ပတ်သက်ပြီး War Economy ကနေ Peace Economy ကို ပြောင်းလဲထူထောင်သွားဖို့ တိုက်တွန်း နှိုးဆော်သွားပါတယ်။ အရင်းအမြစ်များဆိုင်ရာ Power Sharing ကို ဒီမိုကရေစီနည်းကျစွာ၊ သင့်လျော်မျှတစွာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ Peace Sharing လုပ်ရာမှာ အပြုသဘောဆောင်စွာ အားလုံးပါဝင်မျှဝေခံစားရေးကို ဦးစားပေးသင့်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် စီးပွားရေးအရ ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ပေးနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ဆွေးနွေးကြရာမှာတော့ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးကျော်လင်းဦးက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ရာမှာ အဓိကအုပ်စုကြီးသုံးစု ထွက်ပေါ်လာလေ့ရှိတယ်။ ငြိမ်းချမ်းရေးတွန်းအားပေးသူ၊ ငြိမ်းချမ်းရေးဆန့်ကျင်သူနဲ့ ညှိနှိုင်းစေ့စပ်ပေးသူတွေပဲ ဖြစ်ကြတယ်။ ညှိနှိုင်းစေ့စပ်ပေးသူတွေရဲ့ စွမ်းဆောင်ရည်အရ ညှိနှိုင်းဆွေးနွေးမှု အောင်မြင်လေ ငြိမ်းချမ်းရေးအလားအလာကောင်းလေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေအနေနဲ့ အားလုံးသဘောကျ လက်ခံနိုင်မယ့် အဆိုပြုချက်တွေ များများရှာဖွေနိုင်လေ ညှိနှိုင်းဆွေးနွေးမှု အောင်မြင်လေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းမှာ အာဃာတတရားဖြင့် ပြန်လည်လက်စားချေခြင်းမျိုး မဟုတ်ဘဲ ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်ရှိ ပဋိပက္ခများ အားနည်းပပျောက်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မွေးမြူ မြေတောင်မြှောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးမှာ အဓိက အရေးကြီးတဲ့အချက် သုံးချက်ရှိတယ်လို့ ဆိုပါတယ်။

(၁) အတိတ်က ကျူးလွန်ခဲ့သည့် အမှားများကို ခွင့်လွှတ်

စိတ်ထားရန်

(၂) အစားထိုးပေးလျော်ရန်

(၃) တရားမျှတမှုရှိရန်၊ ပြန်လည်လုပ်ဆောင်ပေးခြင်းတို့

ရှိမှသာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်

မြင်မယ် ဖြစ်ပါတယ်။ ပြည်ထောင်စုပြိုကွဲမည်ဆိုတဲ့

သံသယနဲ့ စိုးရိမ်စိတ်လည်း မကြီးထွားဖို့ လိုပါလိမ့်မယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်၊ ပြည်ထောင်စုသဘောတူညီမှုဖြင့် ပြင်ဆင်မည့် ဥပဒေပြင်ဆင်ရေးဆွဲရေးလုပ်ငန်း ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းများကို လွှတ်တော်အနေနဲ့ State Building အကောင်အထည်ဖော်မယ့် လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သင့်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အခြေအနေကို ပြည်သူလူထု အမှန်အတိုင်း နားလည်သဘောပေါက်အောင် အစိုးရ၊ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြစေချင်တယ်။ ပဋိပက္ခတွေ နေ့စဉ်နဲ့အမျှ ရှိနေပြီး ပြည်သူများရဲ့ အသက်အိုးအိမ်ထိခိုက်မှုများ ဖြစ်ပွားနေတဲ့အခါသမယမျိုးမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အဆောက်အဦး ယန္တရားများ အနေအထားကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်မွမ်းမံဖြည့်တင်းခြင်းတွေ အဆက်မပြတ် လုပ်ဆောင်နေသင့်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းတစ်ရပ် အလျင်အမြန် ဖော်ဆောင်ဖို့ တိုက်တွန်း တင်ပြသွားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ သုံးသပ်ပွဲနောက်ဆုံးနေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားရာမှာ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် ဘယ်နေ့မှာ အောင်မြင်မည်ကို တိတိကျကျ မပြောနိုင်ပေမယ့် သုံးသပ်ဆွေးနွေးပွဲကိုတော့ အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း ကြေညာသွားခဲ့ပါတယ်။ ဒီဖိုရမ်မှာ အများဆုံး စိတ်ဝင်စားနေကြတာ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဘယ်အဆင့်နေရာ ရောက်ရှိနေပြီဆိုတဲ့ အကဲဖြတ်ချက် ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေကို နားထောင်ပြီး ဒီမိုကရေစီကူးပြောင်းမှု ရှေ့အလားအလာဟာ ၅ဝ ရာခိုင်နှုန်းကျော် ရှိနေပြီလို့ ခံစားမိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ နိုင်ငံရေးပညာရှင်တွေက အဆင့်ခြောက်ဆင့် သတ်မှတ်ထားတယ်လို့ ဆိုကြပါတယ်။ လုံးဝ ဒီမိုကရေစီ မရှိတဲ့အဆင့်၊ ဒီမိုကရေစီ အနိမ့်ဆင့်၊ ဖြေလျော့ဒီမိုကရေစီ၊ ဒီမိုကရေစီအစိုးရတက်လာခြင်း၊ ဒီမိုကရေစီတည်ဆောက်ရေးအဆင့်၊ ဒီမိုကရေစီ အပြည့်အဝရရှိတဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။ ဆရာကျော်ဝင်းကတော့ ‘အခုအခါ အဆင့် ၄ ရောက်နေတာ သေချာပါတယ်။ နောက်တစ်ဆင့်တက်ဖို့ အဆုံးအဖြတ်ပေးမှာ စီးပွားရေးပဲ’လို့ ပြတ်ပြတ်သားသား အကဲဖြတ်သွားပါတယ်။ နိုင်ငံရေးလေ့လာသူ တချို့ကတော့ ဒီလို အကဲဖြတ်တာမျိုးကို သဘောမတူကြပါဘူး။ သူတို့အမြင်အရ မြန်မာပြည်မှာ ဒီမိုကရေစီအစိုးရ စစ်စစ် မပေါ်ပေါက်သေးပါဘူး။ NLD အစိုးရအဖွဲ့ဆိုတာ တပ်မတော်နဲ့ အာဏာခွဲဝေယူထားရတဲ့ မျိုးစပ်အစိုး (Hybrid Govt:)သာ ဖြစ်တယ်။ တချို့ပညာရှင်တွေက မြန်မာနိုင်ငံဟာ အစိုးရနှစ်ရပ် ပေါင်းစပ်ထားတဲ့ အဆင့်မှာသာ ရှိနေသေးတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ မပြုပြင်နိုင်သေးသမျှ အရပ်သားဒီမိုကရေစီ အစိုးရစစ်စစ် ပေါ်ပေါက်လာဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ထောက်ပြကြပါတယ်။ ဒါကြောင့် လက်ရှိအဆင့်ဟာ တတိယအဆင့်ဖြစ်တဲ့ ဖြေလျှော့ဒီမိုကရေစီအဆင့်မှာပဲ ရှိသေးတယ်လို့ ယူဆကြပါတယ်။

မြန်မာနိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအနေအထားဟာ ၂ဝဝ၈ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ အခင်းအကျင်း၊ အနေအထားအတိုင်း မှန်တန်းကျစွာ လျှောက်လှမ်းနေရဆဲ ဖြစ်ပါတယ်။ တိုးတက်မှုဆိုတာကို သိသိသာသာ ဆုပ်ကိုင်ပြစရာ မရှိသလို ဆုတ်ယုတ်မှုအဖြစ် ထောက်ပြစရာ နောက်ပြန်ဆုတ်မှုလည်း မတွေ့ရသေးပါဘူး။ စိုးရိမ်စိတ်ကိုယ်စီနဲ့ အပြန်အလှန် အကဲစမ်းနေကြတဲ့ အနေအထား ဖြစ်ပါတယ်။ တပ်မတော်ကိုယ်စားပြုအဖြစ် တစ်ဦးတည်း တက်ရောက်လာတဲ့ ဗိုလ်မှူးကြီးအောင်မြင့်ဦးကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ‘သောင်းကျန်းသူ’ဆိုတဲ့ အသုံးအနှုန်းကို နှုတ်ကျိုးနေတုန်းပါ။ တပ်မတော်ကို နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲက ဖယ်ထုတ်မှာကို စိုးရိမ်မကင်းဖြစ်နေဆဲပါ။ဒီမိုကရေစီဖော်ဆောင်မှု၊ဖက်ဒရယ်စနစ်ထူထောင်လိုမှုတွေကြောင့် ပြည်ထောင်စုပြိုကွဲလေမလားဆိုတဲ့ စိုးရိမ်သောက သံသယတွေ တပ်မတော်မှာ ရှိနေသေးပုံရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး မူဝါဒ ချမှတ်ကျင့်သုံးနေတာ ဖြစ်ပါတယ်။ တကယ်တမ်း နိုင်ငံရေးလုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒတွေ လက်တွေ့ချမှတ်ကျင့်သုံးရာမှာတော့ အမျိုးသားသင့်မြတ်ရေးထက် ဘောင်ကျော်ပြီး အမျိုးသားလိုက်လျောရေး ဖြစ်နေပြီလို့တောင် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ ၂ဝဝ၈ အခြေခံဥပဒေ အထိပါးမခံရေး သဘောထားရပ်တည်ချက်အောက်မှာ ဒီအခြေခံဥပဒေပြုပြင်ရေး မပြောနဲ့၊ လက်ဖျားနဲ့တောင် ထိလို့ ရနိုင်ခြေ မရှိပါဘူး။ ၂ဝဝ၈ အခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံဖြစ်အောင် မပြုပြင်နိုင်ဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အနေအထားကို သုံးသပ်အကဲဖြတ်ဖို့ဆိုတာ လုံးဝ သဘာဝမကျပါဘူး။

ဗဟိုချုပ်ကိုင်မှု စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ ယေဘုယျစီးပွားရေးမူဝါဒတွေသာ ချမှတ်နိုင်ခဲ့ပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ စီးပွားရေးမဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် လျှောဆင်းနိမ့်ကျနေတဲ့ အနေအထားတစ်ရပ်ဆီ ဦးတည်နေပါတယ်။ အရင်အစိုးရအဆက်ဆက်ရဲ့ စီးပွားရေးအမွေဆိုးတွေကို ဆက်ခံလှည့်ပြောင်းနေရတဲ့အလျောက် ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးအခြေအနေထက် ပိုမိုနိမ့်ပါး အားနည်းတဲ့ ဖော်ပြချက်တွေ တွေ့မြင်နေရပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှု၊ ငွေကြေးဖောင်းပွမှု၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးထွားမှု စတဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေ တိုးပွားလာသလို အခြားတစ်ဖက်က ကုန်ထုတ်ပမာဏလျော့ပါး ကျဆင်းမှု၊ တစ်ဦးချင်းဝင်ငွေ လျော့ပါးမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုစတဲ့ စီးပွားရေးပြဿနာတွေကလည်း ကြီးထွားလျက် ရှိပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု အတိုင်းအတာဟာ လူထုခံနိုင်ရည်ရှိမှု၊ စိုးရိမ်ရေမှတ်ကို ကျော်လွန်ဖို့ နီးကပ်လာနေလို့ သတိထားရမယ့် အနေအထားကို ရောက်ရှိနေပါပြီ။ ဒီလိုအနေအထားမှာ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းမှုဟာ ၅ဝ ရာခိုင်နှုန်းအထက် ကျော်လွန်အောင်မြင်နေပြီလို့ ကောက်ချက်ချဖို့ အတော်ခက်ခဲပါတယ်။

စစ်ပွဲမှ ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကြီး နှစ်ကြိမ်တိုင် ပြီးမြောက်အောင်မြင်ခဲ့ပေမယ့် သေနတ်သံတွေတော့ မတိတ်နိုင်သေးပါဘူး။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို လေးနေရာခွဲ ကျင်းပနိုင်ခဲ့ပေမယ့် တစ်ပြည်လုံးလက္ခဏာ ဆောင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာဖို့ အတော် ကြိုးပမ်းကြရဦးမှာပါ။ NCA ငြိမ်းချမ်းရေး လမ်းပြမြေပုံကို အကောင်အထည်ဖော်ရင်း UNFC အဖွဲ့ဟာ လက်မှတ်ထိုးသူ၊ လက်မှတ်မထိုးသူနဲ့ မြောက်ပိုင်းအဖွဲ့ဆိုပြီး သုံးပိုင်းကွဲသွားခဲ့ရပါပြီ။ UWSA (ဝအဖွဲ့) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကလည်း NCA နဲ့ မတူတဲ့ လမ်းကြောင်းအတိုင်း သွားဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ခါးပြတ် အကျပ်ရိုက်နေပါပြီ။ ဒီလိုအနေအထားအောက်မှာ စစ်ပွဲကနေ ငြိမ်းချမ်းရေးသို့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ထက်ဝက်ကျော် အောင်မြင်နေပါပြီလို့ မှတ်ချက်ချဖို့လည်း ခက်ပါတယ်။

ခြုံပြောရရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် သုံးသပ်ကြရာမှာ ဘယ်အဆင့်ရောက်လို့ ဘယ်နှရာခိုင်နှုန်း အောင်မြင်ပြီလို့ အတိအကျ ကောက်ချက်ချဖို့ ခက်ပါတယ်။ အလွန်ဆုံး တတိယအဆင့်နဲ့ ၅ဝ ရာခိုင်နှုန်းဝန်းကျင် အောင်မြင်တယ်ဆိုရင် လုံလောက်ပါတယ်။ အသင့်လျော်ဆုံးက MDRI အဖွဲ့မှ ဦးတင်မောင်သန်း မှတ်ချက်ချသလို ‘အခုအချိန်မှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ။ အကောင်းဘက်ကို ဦးတည်နေတဲ့ အရွေ့’ဆိုရင် ပြည့်စုံပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီလို သုံးသပ်၊ အကဲဖြတ်တဲ့ ဆွေးနွေးပွဲတွေ များများ လုပ်နိုင်လေ ကောင်းလေပါပဲ။   ။

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀) မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."