ရန်ကုန် – ၂၀၂၅ ဧပြီ ၁၀ (မော်ကွန်း)
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်အတွင်းမှာရှိတဲ့ ခမောက်ကြီးမြို့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီ ရဲကားတစ်စီး ပစ်ခတ်ခံရတာကြောင့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က ညနေလေးနာရီခန့်က ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာအုပ်စု နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်လာတဲ့အချိန် ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးအရောက်မှာ ပစ်ခတ်ခံခဲ့ရတာပါ။
ဒီတိုက်ခိုက်မှုမှာ မရမ်းနယ်မြေစခန်းမှူးနဲ့ အရာရှိနှစ်ဦး သေဆုံးသွားကာ၊ တပ်ကြပ်ကြီးတစ်ဦးက ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီပစ်ခတ်မှုမှာ ၎င်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ကော့သောင်းပကဖက ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန်ထားတာပါ။
၎င်းရဲတပ်ဖွဲ့တွေဆီက Ak သေနတ်နှစ်လက်၊ ၄၀မမတစ်လက်၊ ၉မမ တစ်လက်၊ ၃၈၀တစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၄၉ တောင့်၊ ၊ ၄၀မမဗုံးသီး ခြောက်လုံး၊ လက်ပစ်ဗုံး သုံးလုံး၊ ဖုန်းလေးလုံးနဲ့ ထိုင်းဘတ် ၂၅,၀၀၀ ကို သိမ်းဆည်းလိုက်တယ်လို့ ထုတ်ပြန်ထားတာပါ။
မရမ်းကျေးရွာနယ်မြေဟာ ထိုင်းနိုင်ငံဘက်ခြမ်း ကရပူရီမြို့နဲ့ ချောင်းတစ်ခုပဲခြားပြီး ယခင်ကလည်း ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မရမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကျေးရွာက ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ပုံစာ – ပစ်ခတ်ခံရတဲ့ ရဲတွေဆီက သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းတချို့
ဓါတ်ပုံ – ကော့သောင်း ပကဖ

