ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၂၀ (မော်ကွန်း)
အာဏာသိမ်းပြီး နှစ်နှစ်ခွဲခန့်အတွင်း စစ်တပ်က ပြည်သူသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီထဲက ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သတ်ဖြတ်ခံခဲ့ရတယ်လို ဖော်ပြပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇူလိုင် ၁၈ ရက်ထိ စစ်ကိုင်းတိုင်းက ပြည်သူ ၁,၆၀၀ ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာဆိုလည်း ဇူလိုင် ၁၆ ရက်ကတည်းက စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင်လေးဦးသေဆုံးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရပါတယ်။
ဒါ့အပြင် ယခုလ ၁၃ ရက် နံနက် ၆:၀၀ နာရီက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ကျေးရွာကို စစ်ကောင်စီတပ်သား အင်အား ၇၀ ကျော်ပါတဲ့စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ရာ ထွက်ပြေးမရှောင်နိုင်တဲ့ အငြိမ်းစားကျောင်းဆရာ ဦးခင်မောင်ဌေးမှာ မီးလောင်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
AAPP ရဲ့စာရင်းတွေအရ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရသူ ၂၃,၀၀၀ ကျော် ရှိတယ်လို့ဆို ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး(AAPP) ရဲ့စာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူတွေ နဲ့ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူတွေအပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ဦး ရှိပြီလို့ဖော်ပြထားပါတယ်။
ပုံစာ-စစ်တပ်ကအာဏာသိမ်းအပြီး ရန်ကုန်မြို့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှေ့ဆန္ဒပြနေသည့်မြင်ကွင်း
Photo-Mawkun
#Dailynews

