ကျော်ဇေယျ
ရန်ကုန်- ၂၀၂၀ မတ် ၂၄ (မော်ကွန်း)

ညွှန်ကြားချက်မရှိသေးပေမယ့် ကိုယ်တိုင်အသွားအလာကန့်သတ် (Self-quarntine) တာတွေ လုပ်ဆောင်ပြီး ကျန်းမာ ရေးအခြေအနေကို စောင့်ကြည့်နေတယ်လို့ လှည်းကူးမှာ ကန့်သတ်ထားတဲ့ ပြည်ပက ပြန်ဝင်လာသူတွေကို သွားရောက်တွေ့ဆုံ ခဲ့သူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီနေ့ မနက်ပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။
“ အခုတော့ ကားပေါ်မှာပဲ၊ ဘယ်သူနဲ့မှ မထိ၊ မတွေ့ဘဲ Self-quarntine လုပ်နေတယ်။ ကျန်းမာရေးဘက်ကလည်း ပြောလာတာမျိုးမရှိသေးဘူး” လို့ ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးနဲ့ အတူသွားရောက်ခဲ့သူတွေ၊ ဝန်ကြီးကို Covid-19 ကာကွယ်ရေးပစ္စည်းလှူဒါန်းခဲ့သူတွေရော ဘယ်လို အခြေ အနေရှိသလဲ ဆိုတဲ့ မေးမြန်းချက်ကို “ လောလောဆယ် မသိသေးဘူး” လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။
ဝန်ကြီးဟာ မတ်လ ၂၂ ရက်တုန်းက လှည်းကူးမြို့နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့ နေရာကို သွားရောက်ကာ ထိန်းသိမ်း စောင့်ရှောက်ထားသူတွေကို အစိုးရရဲ့ ဆောင်ရွက်မှု အစီအစဉ်တွေကို ရှင်းပြခဲ့တာပါ။
မနေ့တုန်းကတော့ ဝန်ကြီးသွားရောက်တွေ့ဆုံခဲ့တဲ့ အသွားအလာကန့်သတ်စောင့်ကြည့်နေသူတွေထဲက တစ်ဦးဖြစ်တဲ့ မတ်လ ၂၂ တုန်းက အင်္ဂလန်နိုင်ငံက ပြန်လာသူ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ အခုတော့ အဲဒီအမျိုးသားကို ရန်ကုန်၊ ဝေဘာဂီ အထူးကု ဆေးရုံကို လွှဲပြောင်းကာ သီးခြားထားရှိကုသပေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒါအပြင် မတ်လ ၁၃ ရက်တုန်းက အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က အမျိုးသားတစ်ဦးမှာလည်း ရောဂါပိုးတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး သူ့ကို တော့ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိ ကုသမှုပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့ကအထိ အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ ၂၁၂ ဦးနဲ့ သံသယလူနာ နှစ်ဦးအထိ ပြည်တွင်းမှာ ရှိနေပြီး ထိုအထဲက ရောဂါပိုးမတွေ့သူ ၁၉၈ ဦး၊ ရောဂါသက်သာပျောက်ကင်းလို့ဆေးရုံဆင်းသွားသူ ၁၂၇ ဦး နဲ့ ဓာတ်ခွဲခန်းနမူနာ စောင့်ဆိုင်းလူနာ ၁၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားတယ်။ ရောဂါပိုးမတွေ့ပေမယ့် စောင့်ကြည့်လူ နာတွေထဲက အခြားရောဂါတွေနဲ့သေဆုံးသူ ၁၃ ဦးအထိ ရှိတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံများ- ဦးနိုင်ငံလင်းဖေ့ဘုတ်
#Dailynews

