ရွာတွေကိုမီးရှို့ခဲ့တဲ့စစ်ကြောင်း ခင်ဦးမြိုထဲကိုဝင်ပြီး နေရာယူထားတယ်လို့ ဒေသခံတွေပြော

ရွာတွေကိုမီးရှို့ခဲ့တဲ့စစ်ကြောင်း ခင်ဦးမြိုထဲကိုဝင်ပြီး နေရာယူထားတယ်လို့ ဒေသခံတွေပြော

ရွှေဘို – ၂၀၂၃ ဇွန် ၈ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ရွာတွေကို ဒီလအစပိုင်းကတည်းက ဝင်စီး၊ မီးရှို့တာတွေလုပ်ခဲ့တဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြို့ထဲကို ဝင်ရောက်နေရာယူထားပြီး မြို့အဝင်အထွက်အပေါက်တွေမှာ စစ်ဆေးနေတယ်လို့ ခင်ဦးမြို့ခံတွေကပြောပါတယ်။

“ ဒီနေ့မနက်မှာ မဒေါင်းလှရွာကနေ ခင်ဦးမြို့ပေါ်ကို ရောက်လာတာပေါ့။ လမ်းတစ်လျှောက်မှာ ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့တယ်။ ထိခိုက်မှုကတော့မရှိဘူး။ အခုမြို့ပေါ်မှာတော့ စစ်ဆေးရေး တင်းကြပ်တာမျိုးတော့ ရှိတယ်။ မြို့ဝင်ပေါက် ထွက်ပေါက်တွေအားလုံး သူတို့စစ်ဆေးရေးရှိတယ်။ ပြီးတော့ ရွှေဘိုမြို့ပေါ်လည်း စစ်ဆေးရေးတွေကြပ်နေတယ်လို့ သိရတယ်။ ဘာတွေလုပ်ဖို့လည်းတော့ မသိသေးဘူး။ မြို့ပေါ်မှာတော့ စာသင်ကျောင်းရယ်၊ ရဲစခန်းရယ်၊ တိုက်အမြင့်တွေပေါ်မှာ နေရာယူထားတယ်” လို့ ခင်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေကတော့ လက်နက်အင်အားမမျှတာကြောင့် ဒီစစ်ကြောင်းကို ခုခံတိုက်နိုင်တဲ့အခြေအနေ မရှိသေးဘူလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သူတို့စစ်ကြောင်းကနေ လွတ်လာတဲ့ဓားစာခံတွေပြောကြားချက်အရ သူတို့မှာပါလာတဲ့ ကိရိယာတွေက တော်တော်လေးကို အဆင့်မြင့်လွန်းတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ ဘာလုပ်နေတယ်ကအစ သူတို့သိတယ်။ ပြီးတော့ လက်နက်ကအစ အပြတ်သတ်ပေါ့နော်။ စစ်ကြောင်းပြန်ထွက်သွားတောင် တိုက်ပွဲဖြစ်နိုင်ဖို့ ခက်ခဲတယ်။ NUG ကချပေးထားတဲ့ တပ်ရင်းတွေ ပေါင်းတိုက်နိုင်ရင်တော့ တစ်မျိုးပေါ့” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲက ရွာသစ်၊ ကျီးအိုင်၊ ကံသစ်စတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကြောင်းလာလို့ ထွက်ပြေးရင်း မရမ်းအင်းကျေးရွာကဒေသခံအဖွားအိုတစ်ဦး အမောဖောက်သေဆုံးခဲ့ပြီး ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့ အသက်၅၀ အရွယ်အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော်ရှိကာ စစ်ကိုင်းတိုင်းက စစ်ပြေးဒုက္ခသည် တစ် ဒဿမ သုံးသန်းကျော်နဲ့ ထွက်ပြေးရသူ အများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပုံစာ-ခင်ဦးမြို့နယ်ထဲက လေးကြိမ်မြောက်မီးရှို့ခံရတဲ့ ကံသစ်ရွာ
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."