ကျိုက်ဒုံ – ၂၀၂၄ ဇူလိုင် ၉ (မော်ကွန်း)
ကေအဲန်ယူ-ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို ကေအဲန်ယူက ပြန်လည်ရယူပြီးတဲ့နောက် စာသင်ကျောင်းတွေကိုပါ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(KECD) လက်အောက်ခံကျောင်းတွေအဖြစ် တဖြည်းဖြည်းပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုနှစ် မတ်လတုန်းက အာဏာသိမ်းစစ်တပ်၊ တပ်စွဲထားတဲ့ ကျိုက်ဒုံမြို့ ဗျူဟာကုန်းတပ်စခန်းတွေကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ မြို့ကိုလည်း အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။
အခုအချိန်မှာတော့ ကျိုက်ဒုံမြို့ကို မြို့ပုံစံအတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ ကေအဲန်ယူဘက်က ကြိုးစားနေပြီး ဒီအထဲမှာ ပညာရေးကဏ္ဍလည်းပါဝင်နေပါတယ်။
မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတော့ နှစ် ၃၀ လောက် ပြည်မဘက်က အစိုးရတွေ အုပ်ချုပ်ထားခဲ့တာဖြစ်လို့ စာသင်ကျောင်းတွေကို KECD အောက်ကို ပြန်လည် အသက်သွင်းတဲ့အခါ အခက်အခဲတွေရှိနေပြီး လက်ရှိမှာတော့ မူလတန်းအဆင့်ပဲ စတင်ဖွင့်လှစ်ထားနိုင်တယ်လို့ဆိုပါတယ်။
ကျိုက်ဒုံမြို့ထဲက စာသင်ကျောင်းတွေဟာ လက်ရှိမှာ KECD အောက်ကို ပြန်လည်ရောက်ရှိသွားပေမယ့် သင်ကြားရေးပစ္စည်းတွေ၊ ကလေးအတွက်အထောက်အကူပစ္စည်းတွေ လိုအပ်နေတဲ့အပြင် ကရင်ဆရာလိုအပ်ချက်တွေလည်းရှိနေပါတယ်။
“လက်ရှိပညာရေးအခန်းကဏ္ဍမှာဆိုရင် သူတို့ကလေ့လာရေး၊ သင်ရေး၊ လုပ်ရေး၊ အခါကျတော့ လိုအပ်ချက်တော့ရှိသေးတာပေါ့နော်။ အဲဒီမှာနေပြီးတော့ တောင်းခံထားတာက မြို့နယ်ထဲက လမ်းညွှန်ပေးဖို့ပေါ့။ ဥပမာ-ပညာရေးအခန်းကဏ္ဍအနေနဲ့ ဒီမှာလာပြီးတော့ သင်တန်းပေးပေးဖို့၊ ကျွန်တော်တို့ဆိုရင်လည်း အစိမ်းသက်သက်ပဲ” လို့ မြို့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆိုပါတယ်။
ကျိုက်ဒုံမှာ ၂၀၂၁ကိုဗစ်ကာလ အချိန်ကနေစတင်ပြီး ကျောင်းပိတ်တာတွေ၊ အာဏာသိမ်းပြီးနောက် လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးကျတာတွေကြောင့် ကလေးတွေပုံမှန် ကျောင်းမတက်ရတော့ဘဲ ပညာရေးနိမ့်ကျလာတယ်လို့ ကျိုက်ဒုံမြို့ခံ၊ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။
“ကလေးတွေက လေးတန်းအထိတောင်ရောက်နေပြီးတော့ ကကြီး၊ ခခွေးလည်းမခွဲတတ်ဘူး။ ပြီးတော့ KECD ကျောင်းအဖြစ် ပြန်ပြောင်းလိုက်တယ်ဆိုတော့ ယဉ်ကျေးမှုအပိုင်း ကရင်စာပေတွေသင်ဖို့လည်း လိုတယ်”လို့ ကျောင်းဆရာမက ဆိုပါတယ်။
ကျိုက်ဒုံမြို့ဟာ အခြေအနေမတည်ငြိမ်လို့ကျောင်းဖွင့်တာ နောက်ကျတာကြောင့် လက်ရှိမှာ ကျောင်းသား ၁၃၀ လောက်သာရှိပြီး ကျောင်းဆရာ/မ အနည်းငယ်နဲ့ကျောင်းကော်မတီတွေ ဦးဆောင်ပြီးလည်ပတ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားချိန်က မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေပျက်စီးခဲ့ပါတယ်။
လက်ရှိမူလတန်းကျောင်းသားတွေကိုတော့ လုံခြုံရေးအရ ဘေးကင်းစိတ်ချရနိုင်တဲ့ နေရာမှာ ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
ကျိုက်ဒုံမြို့ဟာ ကေအဲန်ယူ-တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်လက်အောက်မှာရှိပြီး ထိုင်း-မြန်မာနယ်စပ် ပိုင်ခလိုင်ဂိတ်ပေါက်နဲ့ မဝေးတဲ့ မြို့တစ်မြို့ပါ။
လက်ရှိမှာတော့ ကော့ကရိတ်တောင်ပိုင်းကစလို့ ကျိုက်ဒုံမြို့တဝိုက်ဟာ အာဏာသိမ်းစစ်တပ် ကင်းစင်နယ်မြေဖြစ်လာပါတယ်။ ကေအဲန်ယူကတော့ နွေကာလမှာ စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်ခဲ့ပြီး အခုနောက်ဆုံး ကေအဲန်ယူ-ကော့ကရိတ်လက်အောက်ခံ စုကလိမြို့ စစ်ကောင်စီဌာနဆိုင်ရာတွေကိုလည်း အပြီးသတ်ထွက်ခွာဖို့ သတိပေးထားပါတယ်။
ပုံစာ – လက်ရှိ ကျိုက်ဒုံမြို့ အထက်တန်းကျောင်း။
ဓါတ်ပုံ – Mawkun Magazine

