ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့နေတဲ့ ပို့ကုန်တွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေပဲ ပြောင်းလဲတင်ပို့ရတော့မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကုန်သွယ်မှုမူဝါဒအပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနဟာ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက်သွန်နီ တို့အပါအဝင် ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို ယခုလကစပြီး စစ်တွေကုန်သွယ်ရေးစခန်းကပဲ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ပို့ကုန်အများစုဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးတဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကနေ အများဆုံးတင်ပို့နေတာကြောင့် လက်ရှိမှာ စစ်တွေကိုပြောင်းလဲတင်ပို့ဖို့ အခက်အခဲတွေရှိနေတယ်လို့ နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ယခုလကစပြီး မောင်တောနယ်စပ် ကညင်ချောင်းကုန်သွယ်ရေးဇုန်ကနေ ပို့ကုန်လိုင်စင် လက်ကျန်ရှိသူတွေပဲ တင်ပို့ခွင့်ပေးထားပြီး လိုင်စင်အသစ်ထုတ်မပေးတော့ဘူးလို့ မောင်တောနယ်စပ်ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခု ဒီလကစပြီး မောင်တောနယ်စပ်က ကုန်သွယ်ရေးက မရှိသလောက်ဖြစ်သွားပြီ။ လိုင်စင်လက်ကျန်ကုန်တွေလောက်ပဲ ပို့တာရှိတော့တယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကုန်သွယ်မှု မူဝါဒအပြောင်းအလဲကြောင့် ပုံမှန်ကုန်သွယ်နေကျ ကုန်သည်တွေအတွက် အခက်အခဲတွေဖြစ်နေပြီး စစ်တွေဆိပ်ကမ်းကတစ်ဆင့် တင်ပို့ရတဲ့အတွက် ကုန်ကျစရိတ်လည်း ပိုလာတယ်လို့ ရေချိုငါးတင်ပို့သူတစ်ဦးက ပြောပါတယ်။
“မောင်တောဘက်က နီးလည်းနီးတယ်လေ။ စက်လှေအသေးလေးတွေနဲ့ အလွယ်တကူ ဖြတ်သွားလို့ ရတယ်။ နာရီပိုင်းလောက်ဆို ရောက်တယ်။ အချိန်တိုအတွင်း ပို့လို့ရတော့ ပုပ်သိုးနိုင်တဲ့ငါးတွေက အဲ့ဒီကနေပို့ရတာ ပိုအဆင်ပြေတယ်။ အခုတော့ ကျွန်တော်တို့ စစ်တွေကနေဆို ပင်လယ်ပြင်ကြီးပတ်ပို့ရတယ်။ အချိန်တော်တော်ကုန်တယ်။ စက်လှေအကြီးတွေလိုတယ်။ အလုပ်သမားခတွေလည်း စရိတ်တွေ ပိုတက်ကုန်တယ်။ နှစ်ခါကုန်သလိုဖြစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။
အငူမော်-မောင်တောလမ်းကြောင်း၊ ဘူးသီးတောင်-မောင်တော လမ်းကြောင်းတို့ကနေ ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို မောင်တောကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ လစဉ် ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် ပုံမှန်ကုန်သွယ်မှုရှိနေတာပါ။
ယခုဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ငါးလတာကာလအတွင်း မောင်တောနဲ့ စစ်တွေ ဆိပ်ကမ်းနှစ်ခုကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ထားတယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဆိုပါ ငါးလတာကာအတွင်းမှာ ရေချိုငါးတွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးနီတူခြောက် တို့အပြင် ကွမ်းသီး၊ ချင်း(ဂျင်း) အစရှိတဲ့ ထွက်ကုန်တွေကို အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကုန်သွယ်မှု လျော့ကျနေတာဖြစ်ပြီး ယခင်နှစ် ကာလတူ ပမာဏထက် ၆၀ ရာခိုင်နှုန်းထိ ကုန်သွယ်မှုကျဆင်းခဲ့တယ်လို့ ကုန်သွယ်မှုအချက်အလက်တွေအရ သိရပါတယ်။
ပုံစာ – မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း
Photo – RSCCI

