ကနီ – ၂၀၂၁ နိုဝင်ဘာ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဥ်ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီနယ်ခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ကနီမြို့အထွက် တဇယ်ချောင်အုပ်စုအတွင်း
ကနီ-ချောင်းမ လမ်းပိုင်း အနီးတဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ရဟတ်ယာဉ်နှစ်စီး ပျံသန်းခြင်းများရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မွန်းလွဲ ၃းဝဝ နာရီလောက်မှာတော့ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် တစ်စီးဟာ ကနီမြို့နယ် ရှမ်းမြောင်းရွာ၊တဇယ်ချောင်ရွာ ၊ မင်းကုန်းရွာ ၊ ညောင်ပင်ဝန်းရွာတွေမှာ လှည့်ပတ်ပျံသန်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လတ်တလော ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တခြားပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနိုင်ကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကောင်စီ တပ်ဘက်မှာ ပျူစောထီး နဲ့ ဒလန်သတင်းပေးတွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်နေစဥ် သံဃာတစ်ပါးနဲ့ ပြည်သူနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်နှစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး သုံးဦး မစိုးရိမ်ရဒဏ်ရာ ရရှိထားကြောင်း၊ စစ်ကောင်စီဘက်က ငါးဦး ဒဏ်ရာရရှိထားကြောင်း ကနီ PDF က ထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူ (၁၀၀၀) ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ် ၊ ပျူစောထီး၊ ဒလန်သတင်းပေးတွေဟာ ကနီမြို့နယ် တဇယ်ချောင်ရွာ ဘုရားကုန်းမှာ တပ်ချထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။
ပုံစာ – လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ ရဟတ်ယာဥ်
ဓါတ်ပုံ-ဒေသခံ
#Dailynews

