ရန်ကုန် – ၂၀၂၁ အောက်တိုဘာ ၇ (မော်ကွန်း)
COVID-19 ဗိုင်းရပ်ပိုးကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးနိုင်တဲ့ Pfizer ကာကွယ်ဆေး အလုံးရေ လေးသန်းကျော်နဲ့ ၇၅ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးနိုင်တဲ့ Sinovac ကာကွယ်ဆေးအလုံးရေ နှစ်သန်းကျော် မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့ ကုလသမဂ္ဂကလေးသူငယ်ဆိုင်ရာရန်ပုံငွေအဖွဲ့ – မြန်မာ (UNICEF Myanmar) ကမော်ကွန်းကိုပြောပါတယ်။
COVAX လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးထံ ကာကွယ်ဆေးဖြန့်ဝေရေးအစီအစဉ်အောက်ကနေ မြန်မာနိုင်ငံက ဒီဆေးတွေကို ခွဲတမ်းရတာပါ။
“ ဒီကာကွယ်ဆေးတွေကို ဘေးအန္တရယ်ကင်းကင်းနဲ့ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်” လို့ UNICEF Myanmar မှ ပြန်ကြားရေးတာဝန်ခံ မထက်ထက်ဦးက ပြောပါတယ်။
ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် လူတန်းစားမရွေး၊ နိုင်ငံရေးနှီးနွယ်မှုကင်းကင်းနဲ့ ဆောင်ရွက်နိုင်အောင် UNICEF Myanmar အနေနဲ့ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ် ဇန်နဝါရီ ၂၇ ကနေ အောက်တိုဘာ ၄ အထိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ လေးသန်းနီးပါးနဲ့ တစ်ကြိမ် ထိုးထားသူ ၄ ဒသမ ၇ သန်း ရှိပြီလို့ အာဏာသိမ်းစစ်ကောင်စီ သတင်းစာတွေက ဖော်ပြတယ်။ နိုင်ငံလူဦးရေ ၅၅ သန်း ဝန်းကျင်အနက် ရှစ်သန်းကျော်ပဲ ကာကွယ်ဆေးထိုးခွင့်ရထားသေးတဲ့သဘောပါ။
Pfizer ကာကွယ်ဆေးကို အမေရိကန်အခြေစိုက် Pfizer ဆေးကုမ္ပဏီက ထုတ်လုပ်ထားဖြစ်ပြီး Sinovac ကာကွယ်ဆေးကိုတော့ အိမ်နီးချင်း တရုတ်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကာကွယ်ဆေး မျှတစွာ ရရှိရေးအစီအစဉ် COVAX ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့ (GAVI)၊ ကူးစက်ရောဂါကြိုတင်ပြင်ဆင်မှု ဆန်းသစ်တီထွင်မှုများအဖွဲ့ (CEPI) နဲ့ UNICEF တို့က ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပြီးခဲ့တဲ့ဇန်နဝါရီ လ (၂၇) ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံနေသည့် မြင်ကွင်း
#Dailynews

