မုံရွာ – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း)
စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဒီနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်၊ တပ်ရင်း (၁၆)အနီးနဲ့ ကန်သာယာမှာ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ Monywa People’s Force – MPF Support Team က မော်ကွန်းကို ပြောပါတယ်။
” လုံခြုံရေးတင်းကြပ်ပြီး အိမ်စီးကားတွေနဲ့လည်း ပတ်နေတယ်ဗျ။ မုံရွာမှာ အများစုက ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲပေးနေကြပါတယ်။ အမေအနေနဲ့ ကျန်းမာဘေးကင်းပြီး အားတင်းထားပါအုံးလို့။ ကျနော်တို့တွေ အမေဖြစ်ချင်တဲ့ဒီမိုရေကစီကို ရအောင်ဖော်ဆောင်ပေးသွားပါမယ်လို့ အမှတ်တရပြောချင်ပါတယ်” လို့ Monywa People’s Force – MPF Support Team က ပြောပါတယ်။
မြို့ထဲမှာ စစ်ကောင်စီလှည့်ကင်းတွေရှိတဲ့အတွက် ပန်းပန်ပြီး အပြင်ထွက်လူလုံးပြဖို့ မလွယ်ဘူးလို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
“လုံခြုံရေးက အတော်လေးကြပ်တာဟ။ ပန်းပန်ပြီးအပြင်ထွက်မရတော့ အိမ်တွေမှာပန်းအိုးထိုးထားကြတယ်။ ဘုရားကိုနှင်းဆီပန်းကပ်ဆုတောင်းကြတယ်” လို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်ပြီး မုံရွာမြို့ပေါ်က တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေကလည်း နည်းလမ်းမျိုးစုံနဲ့ သပိတ်မှာပါဝင်ဆင်နွှဲနေကြပြီး မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာလည်း ပန်းသပိတ်ပြုလုပ် လမ်းလျောက်ချီတက်တာမျိုးတွေ လုပ်ဆောင်နေကြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အဲဒီတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မပေါင်းများစွာနဲ့စွပ်စွဲကာ လက်ရှိမှာ ထောင်ဒဏ် ၃၃ နှစ်ချ ထားပါတယ်။
ပုံစာ-မုံရွာမြို့နယ်က ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲနေကြသူများ
ဓာတ်ပုံ – Monywa People’s Force – MPF Support Team
#Dailynews

