မြိုင်မြို့သို့ အဝင်

မြိုင်မြို့သို့ အဝင်

အညာဒေသတွေကို ခရီးတွေ ထွက်တိုင်း ကျွန်တော် ဘယ်တော့မှ ပျင်းရိငြီးငွေ့တယ်လို့ မရှိခဲ့။ ရောက်ဖူးတဲ့ ဒေသတွေကို အကြောင်းတိုက်ဆိုင်လို့ ပြန်သွားရတဲ့ ခရီးတွေမှာလည်း ပေါ့ပေါ့ပါးပါး သွားလိုက်တာပါပဲ။ မရောက်ဖူးသေးတဲ့ ဒေသတွေဆိုရင်တော့ ပျော်ရတဲ့အပြင် ရင်ခုန်သံမြန်တယ်လို့ တင်စားချင်တယ်။ မြိုင်မြို့ခရီးကတော့ ကျွန်တော့်အတွက် အစိမ်းသက်သက်။ မြိုင်မြို့က ကျွန်တော့်အတွက် သူစိမ်းမြို့ဆိုပေမယ့် စိတ်ထဲမှာ အလိုလို ရင်းနှီးနေရတဲ့ အညာဒေသဖြစ်တယ်။ မြိုင်မြို့သား စာရေးဆရာတွေဖြစ်တဲ့ ဆရာမြသန်းတင့်၊ ဆရာကျော်အောင်၊ ဆရာအောင်လင်းတို့က မြန်မာစာပေလောကမှာ နေလိုလလို ထင်ရှားတဲ့ဆရာတွေ မဟုတ်လား။

မြိုင်မြို့အဝင် ရေးဖို့ အညာဒေသ မြိုင်ကို သွားမယ်ဆိုတော့ ကျွန်တော်နဲ့စိတ်တူကိုယ်တူ သွားမယ့် ကားဆရာကို ရှာရတယ်။ သူငယ်ချင်း ကားဆရာကို မြိုင်မြို့အဝင် သွားမယ့်အကြောင်းပြောတော့ သူ့စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားပုံရတယ်။ သူက သေချာအောင် ထပ်မေးတယ်။ ကျွန်တော်ကလည်း မြိုင်မြို့ အဝင်လမ်းကိုသာ သွားမှာ ဖြစ်တဲ့အကြောင်း ထပ်လောင်း ပြောပြလိုက်တယ်။ မြို့အကြောင်းရေးမှာလည်း မဟုတ်၊ မြို့ပေါ်က ထင်ရှားကျော်ကြားသူတွေအကြောင်း ရေးမှာလည်း မဟုတ်၊ မြို့အဝင်လမ်းကိုသာ ရေးမယ်ဆိုတော့ သူ ဇဝေဇဝါ ဖြစ်မယ်ဆိုလည်း ဖြစ်စရာ။

မြိုင်မြို့အဝင် လမ်းလေးအကြောင်း ရေးရတာက ဆရာမြသန်းတင့်ရဲ့ တမာနုချိန်စစ်တမ်း အက်ဆေးကြောင့်ပါ။ ဆရာမြသန်းတင့်က တမာနုချိန်စစ်တမ်းမှာ မြိုင်မြို့အဝင်လမ်းလေးကို တခုတ်တရ ထည့်သွင်းဖော်ပြခဲ့တယ်။ ကျွန်တော်ကလည်း မြိုင်မြို့ အဝင်လမ်းလေးကိုပဲ ရေးမှာပါပဲ။ ဆရာမြသန်းတင့် အဲဒီအက်ဆေးရေးချိန်နဲ့ ကျွန်တော်ရေးချိန် နှစ်အားဖြင့် ၃ဝ နီးပါး ကွာဟခဲ့ပြီမို့ ဆယ်စုနှစ် သုံးစုအတွင်း မြိုင်မြို့အဝင်လမ်းလေး ဘာတွေဘယ်လို ပြောင်းလဲသွားလဲ ကျွန်တော် သိချင်တယ်။ ဆရာ့အက်ဆေးက အညာဒေသ မရောက်ဖူးတဲ့သူတွေကို သူ့မြို့လေးဆီ စကားလုံးလှလှလေးတွေနဲ့ ဆွဲခေါ်သွားနိုင်ခဲ့တယ်။ ဆရာကိုယ်တိုင်က အဲဒီစာမူကို ရေးသားချိန်မှာ ခေတ်အမျိုးမျိုး စနစ်အထွေထွေကို ဖြတ်သန်းခဲ့ပြီးပြီ။ ဓားတောင်တွေကို ကျော်ခဲ့ပြီး မီးပင်လယ်တွေလည်း ဖြတ်ခဲ့ပြီးပြီ။ မြောက်ဘက်တောင်ကုန်းဒေသကပြန်လို့ တောင်ဘက်ပင်လယ်တွေဆီ ရောက်ခဲ့ပြီးပြီ။

ကျွန်တော်တို့ မြိုင်ကို သွားတဲ့အချိန်က နွေအလွန် မိုးဦးဝင်ချိန် မေလရဲ့ နောက်ဆုံးပတ်ဖြစ်တယ်။ မြိုင်မြို့ကို ကားဆရာရော ကျွန်တော်ပါ တစ်ခေါက်မှ မရောက်ဖူးပါ။ မုံရွာကနေ မြိုင်ကို သွားမှာဆိုတော့ လမ်းကြောင်းနှစ်ကြောင်း ရွေးချယ်စရာ ရှိတယ်။ ဘုတလင်ကနေ ချင်းတွင်းမြစ်ကူးတံတားဖြတ်ပြီး ကူးမလား၊ ချောင်းဦးမြို့မှာ ရှိတဲ့ ချင်းတွင်းမြစ်ကူးတံတားက ဖြတ်ကြမလား။ ကျွန်တော်တို့ ဒုတိယလမ်းကြောင်းဖြစ်တဲ့ ချောင်းဦးလမ်းကို ရွေးချယ်လိုက်ကြတယ်။

ကျွန်တော်တို့ကား ချင်းတွင်းတံတား ဆင်ဖြူရှင်(ချောင်းဦး)ကို ဖြတ်ချိန်မှာ နေ့လယ်ပိုင်းကို ရောက်ပြီ။ အညာမွန်းတည့်ချိန်တွေက နေပြင်းလှတယ်။ ချင်းတွင်းတံတားကျော်ချိန်မှာ မကွေးတိုင်းထဲက ရေစကြိုမြို့နယ်ထဲ ဝင်လာတယ်။ အညာရနံ့တွေ၊ အညာမြင်ကွင်းတွေက မကွေးတိုင်းထဲ အရောက်မှာ ပိုပြီးပီပြင်လာတယ်။ ခြောက်သယောင်းနေတဲ့ ယာခင်းတွေ၊ လမ်းဘေးရေချမ်းစင်တွေ၊ လမ်းဘေးဝဲယာက ဆူးဖြူပင်၊ ကုက္ကိုပင်၊ တမာပင်၊ စိန်ပန်းပင်၊ ငုပင်တွေကို ကျွန်တော်တို့ စီးလာတဲ့ ကားလေးက တရိပ်ရိပ် ဖြတ်ကျော်ခဲ့တယ်။

နွေနှောင်းကာလ အညာနေ့လယ်ခင်း အချိန် ကားလမ်းမဟာ တံလျှပ်တွေကြောင့်လက်လက်ထနေတယ်။ ရေစကြိုက သနပ်ခါး ထွက်တဲ့နယ်မို့ စနစ်တကျ စိုက်ပျိုးထားတဲ့ သနပ်ခါးခြံ ကျယ်ကြီးတွေလည်း တွေ့ရတယ်။ ကျောက်စရစ်မြေမှာ ပေါက်တဲ့ ကျန်ကောင်းကျန်ရာ သဘာဝသနပ်ခါးပင်တွေကတော့ ပင်စည်ရိုးတံတွေ တွန့်လိမ်ကောက်ကွေးနေတယ် နေတယ။် ချောင်းဦးမှာ ထမင်းစားပြီး ထွက်လာကြတာမို့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခဏတဖြုတ်နားကြဖို့ ကားဆရာကို အဖော်ညှိတယ်။ ကားဆရာကလည်း အခေါ်စောင့်နေပုံရတယ်။ နှစ်ခါမပြောရဘဲ ချက်ချင်း ခေါင်းညိတ် သဘောတူတယ်။

ကျွန်တော်တို့ ကားခဏနားတာက ရေစကြိုမြို့နယ်ထဲကအောင်သဇင်ဆိုတဲ့ လက်ဖက်ရည်ဆိုင်။ ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ်ရှိလှတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်တယ်။ ထန်းရွက်တွေမိုးထားတဲ့ အညာက တောလက်ဖက်ရည်ဆိုင်လေးပေမယ့် ထိုင်ရတာ သက်သောင့်သက်သာ ရှိတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ရေငတ်နေကြလို့ ရေအေးအေးတစ်ဘူး မှာသောက်ကြတယ်။ ကားပေါ်မှာ ရေသန့်ဘူးတွေ ပါပေမယ့် ရေဘူးတွေက ပူနေပြီလေ။ ကားဆရာက ရေသောက်ပြီးတာနဲ့ မြိုင်နဲ့ ဘယ်လောက် လိုသေးလဲလို့ မေးခွန်းထုတ်တယ်။ ဆိုင်ရှင်က ကားဆရာရဲ့အမေးကို တိုက်ရိုက်ပြန်မဖြေဘဲ မုံရွာက ဆိုင်ကယ်ကယ်ရီသမား အကြောင်း ပြောပြတယ်။

”ခင်ဗျားတို့လိုပဲ မြိုင်သွားမယ့် သူက မုံရွာကနေ ဆိုင်ကယ်ကယ်ရီ ငှားလာတယ်။ သူတို့တွေ ကျွန်တော့်ဆိုင်မှာ နားကြတယ်။ ဆိုင်ကယ်ကယ်ရီသမားကတော့ သူ့ဆိုင်ကယ် ယူသွားပြီး သူ့ကို ဒီဆိုင် (အောင်သဇင်လက်ဖက်ရည်ဆိုင်)မှာသာ ထားခဲ့ပါ။ အပြန်မှ ဝင်ခေါ်ပါတော့ဆိုပြီး အိပ်နေတော့တာပါပဲ”

ဆိုင်ရှင်စကားကြောင့် ကားဆရာက ဘယ်လိုလဲဆိုတဲ့သဘောနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်ကတော့ဘာမှ ပြန်ပြောမနေပါဘူး။ မြိုင်ကို သွားရမယ့် လမ်းကြောင်းကိုသာ လက်ဖက်ရည်ဆိုင်ရှင်ကို မေးမိတယ်။

လက်ဖက်ရည်ဆိုင်မှာ ခဏတဖြုတ်နားပြီးတော့ ကားမောင်းထွက်ခဲ့ကြတယ်။ ကျွန်တော်တို့ကား ဆယ်မိနစ်လောက်မောင်းလိုက်ရင်ပဲ လမ်းဆုံကို ရောက်တယ်။ အင်္ဂလိပ်အက္ခရာ T ပုံစံ လမ်းဆုံ။ ဘယ်ဘက်ကို ချိုးရင် ရေစကြို၊ ပခန်း၊ ပခုက္ကူရောက်မှာ ဖြစ်ပြီး အောင်မိုးလမ်းဆုံလို့ ခေါ်တယ်။ ဦးအောင်မိုး ဆိုသူက ခရီးသည်တွေ နားနားနေနေ နေရအောင် ဇရပ်ကြီးဆောက်လုပ်လှူဒါန်းထားလို့ အောင်မိုးလမ်းခွဲ၊ အောင်မု ိးလမ်းဆုံလို့ ဒေသခံတွေက ခေါ် ကြတာပါ။

ကျွန်တော်တို့ကား အောင်မိုးလမ်းခွဲကနေ ညာဘက်ကိုချိုးကွေ့ခဲ့ကြတယ်။ ဟိုးတောင်ဘက် ခပ်လှမ်းလှမ်းမှာ ရှင်မတောင်ကို မြင်နေရတယ်။ ရှင်မတောင်က သနပ်ခါးချစ်သူတွေရဲ့တောင်။ ရှင်မတောင်က မြိုင်နဲ့ ရေစကြိုနယ်နိမိတ်မျဉ်းကြောင်းပေါ်မှာ ရှိတဲ့ တောင်။ လမ်းခင်းကြတဲ့ လုပ်သားတွေ နေပူကျဲတောက်မှာ ချွေးဒီးဒီးကျအောင် လုပ်နေကြရတယ်။ လမ်းခင်းကြသူတွေထဲမှာ အမျိုးသမီးငယ်တွေက အများစု ဖြစ်ကြတယ်။ သူတို့အားလုံး အပူဒဏ်ခံနိုင်အောင် ဖျင်လက်ရှည်အင်္ကျီတွေ ဝတ်ပြီး ခမောက်တွေ ဆောင်းထားကြတယ်။

ခဏအကြာမှာ ကျွန်တော်တို့ကား ရောက်ကြတယ်။ ဘယ်ဘက်ကို ချိုးဝင်ရင် မြိုင်၊ တည့်တည့်ဆက်သွားရင် ဆားလင်းကြီး၊ ပုလဲ၊ မင်းတိုင်ပင်တွေဆီ ရောက်မယ်။ လင်းကတောမှာ ခဏတဖြုတ်ရပ်ပြီး ဓာတ်ပုံမှတ်တမ်းတင်တယ်။ လမ်းဆုံရွာဖြစ်လို့ စည်ပင်ဖွံ့ဖြိုးတယ်။ လင်းကတောလမ်းညွှန် ဆိုင်းဘုတ်အလိုအရ မုံရွာက ၃၇ မိုင် ၆ဖာလုံ၊ မြိုင်က ၁၆ မိုင် ၁ ဖာလုံ ကွာဝေးတယ်။ ကျွန်တော်တို့ စီးလာတဲ့ ကား မြိုင်ရိပ်ကိုနင်းပြီ။

မြိုင်မြို့အဝင်လမ်းက မြိုင်သား ဆရာမြသန်းတင့် ရေးခဲ့သလိုပါပဲ။ ဆရာက အညာသားပီပီ လွမ်းမောတတ်သူ ဖြစ်ပြီး သူ့စာတွေထဲမှာလည်း အလွမ်းဓာတ်ခံ ရင့်သန်သူဖြစ်ကြောင်း ထည့်ရေးလေ့ရှိတယ်။ အထူးသဖြင့် ဆရာရဲ့ တမာနုချိန်စစ်တမ်းမှာ ငယ်လွမ်းဝေဒနာတွေကို ဖွင့်ဟထားတာ တွေ့နိုင်တယ်။

‘ကျွန်တော်သည် တပို့တွဲအကုန် တပေါင်းအကူး အညာကို လွမ်းနေသည်။ နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော်လွမ်းတတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်း ပေးလိမ့်မည် ထင်သည်။ အညာသားက အညာကို လွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်း ခေါ်နိုင်လိမ့်မည် ထင်ပါ၏။ ပြောခွင့်ရပုဂ္ဂိုလ် မဟုတ်သည့်အတွက် သူများတွေအတွက်တော့ ကျွန်တော် မပြောတတ်။ ကျွန်တော်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏ နိမိတ်ပုံ။ အညာနွေ၏ အလင်္ကာ။

တမာနုချိန်သည် ကျွန်တော့်နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက် ဖြစ်ပါသည်။ ကျွန်တော့်အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်း ဖြစ်ပါသည်’

ဆရာမြသန်းတင့်က ပခုက္ကူမြို့ဘက်က လာရတဲ့ မြိုင်မြို့အဝင်အကြောင်း တခုတ်တရ ရေးဖွဲ့ ခဲ့တယ်။ ကျွန်တော်တို့ကားက လင်းကတောလမ်း (ရေစကြိုနယ်)က မြိုင်ကို ဝင်ခဲ့ကြတယ်။ တမာတွေ၊ ထနောင်းတွေ၊ ရှေးဟောင်းအုတ်ဘုရားတွေ လမ်းခရီးမှာ တွေ့ ခဲ့ရတယ်။ မင်းကျောင်းဆိုတဲ့ ဘုန်းတော်ကြီးကျောင်းကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ဒေသခံတွေ အဆိုအရ ဗိုလ်ချုပ်အောင်ဆန်းသည်ပင် မင်းကျောင်းမှာ ရဟန်းဝတ်ခဲ့ဖူးပါသတဲ့။

ပခုက္ကူဘက်က လာတဲ့ မြိုင်မြို့အဝင် တမာတန်းအကြောင်း ဆရာမြသန်းတင့်က သူ့စာထဲမှာ အခုလို ထည့်ရေးခဲ့တယ်။

‘ကျွန်တော်တို့ မြို့အဝင်က တမာတန်းနှင့် ပတ်သက်၍ ကျွန်တော့်တွင် သတိရစရာတွေ ရှိပါသေးသည်။ မြိုင်က အဓိကရ ဘုရားပွဲကြီးတစ်ပွဲဖြစ်သည့် ရွှေမြင်တင်ဘုရားပွဲသည် ကဆုန်လဆန်း ၈ ရက် နေ့လောက်စပြီး ကဆုန်လပြည့်အထိ ကျင်းပတတ်သည်။ ရွှေမြင်တင်ဘုရားဈေးပွဲကြီးသည် ထိုတမာတန်းတွင်ပင် ခင်းကျင်းတတ်ရာ ကျွန်တော်တို့တစ်သိုက်သည် တမာတန်းကို နေ့တိုင်း ရောက်နေကြသည်။

ဘုရားပွဲဈေးမစခင်ကတည်းက တောကလာသည့် ဈေးသည်တွေ ပြည့်နေလေပြီ။ ထိုဈေးလှည်းများတွင် ထွန်တုံး၊ ခွတ်သန်၊ ဝါး၊ ဖျာ၊ မန်ကျည်း၊ ထန်းလျက်၊ ပဲ၊ ပြောင်းဆန်၊ ကြိမ်စသည့် လယ်ယာနှင့် သစ်တောထွက်ပစ္စည်းတွေ ပါလာတတ်သည်။ မြို့က လာသည့် ဈေးလှည်းများမှာ အထည်အလိပ်၊ အလှကုန်ပစ္စည်း၊ အဖျော်ယမကာ၊ အိမ်တွင်းဖြစ် အလှကုန်ပစ္စည်း၊ ငါးပိ၊ ငါးခြောက် စသည့် ကုန်ခြောက်ပစ္စည်းများ ပါလာတတ်သည်။ တောဘုရားပွဲသည် မြို့နှင့် တောတို့၏ ပေါင်းဆုံရာ နေရာတစ်ခု ဖြစ်ပါသည်။ စက်မှုလုပ်ငန်း အသေးစားနှင့် လယ်ယာတို့ ဈေးကွက်ပြိုင်ရာလည်း ဖြစ်သည်။

နောက် သတိရနေသေးသည့် ရှုခင်းမှာ တမာတန်းနားက တမာပင်တစ်ပင်ပေါ်တွင် မိန်းကလေးတစ်ဦး ကြိုးဆွဲချ၍ သေနေသည့် ရုပ်ပုံဖြစ်သည်။ ထိုမိန်းကလေး၏ အမည်ကို ကျွန်တော်မမှတ်မိတော့။ ထိုစဉ်က ကျွန်တော်က ဆယ်နှစ်သားအရွယ်။ မိန်းကလေးက အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ်။ မိန်းကလေးသည် အရှက်ထက် အသက်ကို မငဲ့နိုင်တော့ဘဲ ကြိုးဆွဲချ သေသွားခဲ့သည်။ သူ့အရှက်ကို ထိန်းသိမ်းပုံမှာ အံ့သြလောက်ပါသည်။ မိန်းကလေးသည် သေပြီးသည်၏ အခြားမဲ့မှာပင် သူ့အရှက်ကို ထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးက ထဘီကို သေသေသပ်သပ် စည်းသွားခဲ့သည်။

တမာတန်းကို လွမ်းစရာ ကျန်သေးသည်။ ငယ်ငယ် ခုနစ်နှစ်သားလောက်တုန်းက ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်မှ ထွက်ပြေးခဲ့ဖူးပါသည်။ အိမ်က ထွက်ပြေးခြင်းမှာ ဘာအကြောင်းမျှ မရှိပါ။ တမာတန်းသို့ သူငယ်ချင်းနှစ်ယောက် ငှက်ဥသွားနှိုက်ကြရင်း မရည်ရွယ်ဘဲနှင့် ထွက်ပြေးကြခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် နောက် ကြီးပြင်းလာသောအခါတွင် အိမ်မှ နှစ်ခါလောက် ထွက်ပြေးဖူးပါသေးသည်။ တမာတန်းက ပေါ်ခဲ့သော အိမ်ပြေးစိတ်သည် ကြီးသည်အထိ ပါလာသလား မဆိုနိုင်ပါ။ တမာတန်းနှင့် ပတ်သက်၍ နောက်တစ်ချက် ကျွန်တော် သတိရစရာ ကျန်သေးသည်။ ယင်းမှာ ဂျပန်တော်လှန်ရေးအတွင်းက ဂျပန်တို့ အသတ်ခံသွားရသော ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေး ရဲဘော်ကိုတင်ဦး၏ သချုႋင်းရှိသောကြောင့် ဖြစ်ပါသည်။ ကိုတင်ဦးသည် မြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ရွာတစ်ရွာတွင် ဂျပန်မိသွားပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်းကာ ကျင်းဝတွင် ဒူးထောက်ခိုင်းပြီး ဓားဖြင့် ခုတ်သတ်လိုက်ပါသည်။ သူ့အလောင်းကို ထိုရွာအနီးက ကျင်းထဲတွင် ဂျပန်က မြှုပ်ပစ်ခဲ့ပါသည်’။

မြိုင်က အညာဒေသ ကုန်းခေါင်ခေါင် မြို့ဆိုပေမယ့် မြို့သက်က ရင့်လှပြီ။ ပါတော်မူပြီး နှစ်နှစ်အကြာ ၁၈၈၈ ခုနှစ်မှာ မြို့နယ်ဖြစ်လာတယ်။ မြို့သက်ရင့်ပေမယ့် ဆူညံပွက်လောရိုက်နေခြင်း မရှိ။ မြို့တွင်းမှာ ဆိုင်ကယ်တွေ၊ ကားတွေ ဥဒဟို မောင်းနှင်နေတယ် ဆိုသည့်တိုင် လောလော လောလော မရှိ။ အားလုံး အေးအေးသက်သာ ခရီးနှင်နေခြင်းသာ ဖြစ်တယ်။ သက်တမ်းရင့် အပင်ကြီးတွေ သက်တမ်းရင့် အဆောက်အအုံကြီးတွေ ရှိနေဆဲ ဖြစ်တယ်။ ကျွန်တော်တို့ကားမြိုင်က ပြန်ထွက်တော့ မှောင်ရီဖျိုးဖျရောက်ပြီ။ နောက်တစ်ခေါက် မြိုင်ကို သွားဖြစ်ခဲ့ရင် ပခုက္ကူဘက်က ဝင်တဲ့ လမ်းအတိုင်း တမာတန်းကို ငေးမောရင်း ဝင်ဖို့ ဆုံးဖြတ်ထားတယ်။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉) မှ Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."