ထိန်းသိမ်းသင့်တဲ့ ကျေးလက် ယဉ်ကျေးမှု

ထိန်းသိမ်းသင့်တဲ့ ကျေးလက် ယဉ်ကျေးမှု

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေက နေရာ ဒေသတစ်ခုနှင့် တစ်ခု၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး မတူညီကြ။ ဆင်တူယိုး မှားရှိနိုင်သော်လည်း တစ်မျိုးတစ်ဘာသာကွဲ၍ နေတတ်ကြမြဲသာ ဖြစ် ပါသည်။

နှောင်းလူတို့အတွက် လက်ဆင့်ကမ်းထားရန်လိုအပ်မည့် လူ့အဖွဲ့ အစည်းကိုအကျိုးပြုသော တချို့ဓလေ့စရိုက်တို့ရှိနေသလို အကျိုးမရှိ၊ အချည်းအနှီးသာ ဖြစ်သည်များလည်း ရှိနေတတ်ကြသည်။ ကျွန်တော် ငယ်စဉ်က တွေ့ကြုံဖြတ်သန်းခဲ့ရသည့် ကျေးလက်တောရွာ၏ အစဉ်အလာ အလေ့အထလေးတစ်ခုသည်ကား ယနေ့တိုင် စိတ်အစဉ်တွင် စွဲထင်၍ ရှိနေဆဲသာဖြစ်သည်။

ကျွန်တော်သည် တောမှာမွေး၊ တောမှာကြီးသော မြိုင် ဟေဝန်မှ တောသားတစ်ဦးသာ ဖြစ်ပါ၏။ ကျွန်တော်ကြီးပြင်းရာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်လေး အတွင်းရှိ ကျေးရွာပေါင်း ၆ဝ ကျော်တို့မှာလည်း ယဉ်ကျေးမှု ဓလေ့စရိုက်တို့ ကူးလူးဆက်ဆံလျက်ရှိကြပြီး တစ်ရွာနှင့်တစ်ရွာ ကွာဟမှု သိပ်မရှိလှ။

ယနေ့ ကျွန်တော်အလုပ်လုပ်ရာ ရန်ကုန်မြို့ရှိ ရပ်ကွက် များတွင် ရပ်ကွက်အလိုက်သော်လည်းကောင်း၊ လမ်းအလိုက် သော်လည်းကောင်း လူကြီး၊ လူငယ်တို့စုဖွဲ့ပြီး သာရေးနာရေး အလုပ်များ လုပ်ဆောင်သကဲ့သို့ ကျေးလက်တောရွာများတွင် လည်း ယင်းကဲ့သို့သော လူငယ်မောင်မယ်အဖွဲ့လေးများ ရှိကြသည်။

ကျွန်တော်ကိုယ်တိုင်လည်း ကျေးလက်လူငယ်အဖွဲ့လေး တွင် ပါဝင်ခွင့်ရခဲ့ဖူးသည်။ မိမိနေထိုင်ရာ ကျေးရွာလေး၏ သာ ရေး၊ နာရေးနှင့် ရပ်ရွာတိုးတက်ဖွံ့ဖြိုးရေးတို့တွင် ထိုလူငယ်အဖွဲ့ က ကျရာတာဝန်ယူ၍ တစ်တပ်တစ်အားပါဝင်ကြရသည်။

ကျွန်တော်တို့ ကျေးရွာ၏ထူးခြားသော စည်းကမ်းလေး တစ်ခုက အဆိုပါ လူငယ်မောင်မယ်အဖွဲ့ဝင်တစ်ဦးသည် အမျိုး သမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အိမ်ထောင်ရှိသူ မဖြစ်ရ။ လူပျို၊ အပျိုဖြစ်ကြရသည်။ ထို့ပြင် အသက်အရွယ်အားဖြင့်လည်း ၁၆ နှစ်ပြည့်ပြီးသူဖြစ်ပါမှ အဖွဲ့ဝင်စာရင်းသို့ ထည့်သွင်းခံကြရသည်။

ထို့ကဲ့သို့ အသက်အရွယ်နှင့် အိမ်ထောင်ရှိ၊ မရှိ သတ်မှတ် ထားခြင်းသည် အခြားမဟုတ်။ အိမ်ထောင်ရှိသူများက မိသားစု စားဝတ်နေရေးအတွက် အချိန်ပိုပေး၍ ရုန်းကန်ကြရာတွင် ရပ် ရွာလုပ်ငန်းများကို လစ်ဟင်းနိုင်သောကြောင့် ဖြစ်ပါသည်။

ကျွန်တော်တို့ရွာက သာရေး၊ နာရေးအဖွဲ့လေးအကြောင်း ပြောပြီဆိုမှဖြင့် အရှေ့က ရပ်ရွာအကျိုးသယ်ပိုးခဲ့သော စီနီယာ အစ်ကိုကြီးတွေကို ချန်ထားခဲ့၍ မရ။ သူတို့အကြောင်းကို အနည်း ငယ် မိတ်ဆက်ပေးမှသာ စေ့ငုခြင်းငှာ ဖြစ်နိုင်ကောင်းပါလိမ့်မည်။

 (၂)

ကျွန်တော် လူငယ်အဖွဲ့စာရင်းအတွင်း ပါဝင်ချိန်မှစ၍ မျိုးဆက်နှစ်ဆက်အား သိမီခွင့်ရခဲ့ပါ၏။ ပထမမျိုးဆက်သည် အသက်သုံးဆယ်တန်း၊ ဒုတိယမျိုးဆက်က နှစ်ဆယ်ကျော် အစိတ်တန်းတို့ဖြစ်သည်။ ပထမမျိုးဆက်က အသက်သုံးဆယ်ခန့် အထိသာ အဖွဲ့၏ တာဝန်ကိုယူရလေ့ရှိပြီး ထိုသူများသည် ၎င်းတို့ တာဝန်သက်တမ်း ကုန်ဆုံးခါနီးအချိန်တွင် နောက်မျိုးဆက်မှ  ခေါင်းဆောင်အဖြစ် ရည်မှန်းထားသူအား ပူးတွဲတာဝန်ထမ်း ဆောင်စေခြင်းပင်ဖြစ်၏။ ထိုသို့သော ပူးတွဲတာဝန်ကို ဒုတိယ မျိုးဆက်(နောက်မျိုးဆက်) က ဆက်ခံရသည်။

မျိုးဆက်နှစ်ဆက်ဟုသာ ညွှန်းဆိုရသော်လည်း ပထမမျိုး ဆက်က ခေါင်းဆောင်နေရာ၌ တာဝန်ယူနေစဉ် ဒုတိယမျိုးဆက် ကို လက်တွဲသင်ယူ၍ ပခုံးပြောင်းတာဝန်အတွက် အုတ်မြစ်ချ သင်ပြပေးသွားခြင်းသာဖြစ်သည်။ ထို့သို့သင်ပြပေးရာတွင် လူ ငယ်ထုအားစုစည်းနိုင်ရေး၊ လုပ်ငန်းစီမံခန့်ခွဲမှု၊ ငွေကြေးထိန်း သိမ်းမှုအပါအဝင် လိုအပ်သလို အစည်းအဝေးခေါ်ယူပုံစသည့် အချက်များပါဝင်သည်။ ယင်းအပြင် အပြီးတိုင်တာဝန်လွှဲအပ်ခြင်း အား လူငယ်ထု၏သဘောဆန္ဒဖြင့် ခေါင်းဆောင်ဖြစ်ထိုက်သူကို မဲခွဲရွေးချယ်စေ၍ အများရှေ့မှောက်၌ ထင်သာမြင်သာ လွှဲအပ် ကြလေ့ ရှိပါသည်။

လွှဲပြောင်းမှု သမာသမတ်ကျရေးအတွက် ကျေးရွာလူကြီး အပါအဝင် ရပ်မိရပ်ဖလူကြီးများအား ထိုအစည်းအဝေးသို့ ဖိတ် ကြားကာ ၎င်းတို့ကို အသိသက်သေအဖြစ် ထားရှိ၍ ရှေ့လူက နောက်လူထံ ငွေကြေးစာရင်းဇယား၊ ရွာဘုံပစ္စည်းစာရင်းတို့ကို အပ်နှံကြရသည်။

ရပ်ရွာအတွင်း သာရေးဖြစ်စေ၊ နာရေးဖြစ်စေ မည်သည့် အကြောင်းကိစ္စမျိုးမဆို အထက်ပါလူငယ်များက ကျေးရွာလူ ငယ်ထုကို ဦးဆောင်ရမြဲ။ အမှုသည် ကာယကံရှင်တို့ ကိုယ် တိုင်ကလည်း လူငယ်တစ်ဦးချင်းစီကို လိုက်လံပြောဆိုနေခြင်း မပြုရ။ ဦးဆောင်သူများနှင့် ဆက်သွယ်၍သာ ကိစ္စအဝဝအား ဆောင်ရွက်စေ၏။

ပုံမှန်အားဖြင့် ကျွန်တော်တို့ အရပ်တွင် အလှူမင်္ဂလာ ဆောင်ပွဲတစ်ခု ကျင်းပတိုင်း ကာယကံရှင်များက ဆေးပေါ့လိပ် ထုပ်(သို့) စီးကရက်ဘူးအား ခေါင်းဆောင်လူငယ်ထံ အပ်နှင်း၍ ကျေးရွာအတွင်းရှိ လူငယ်မောင်မယ်တို့ထံ တစ်ဦးလျှင် ဆေးလိပ် တစ်လိပ်နှုန်းဖြင့် ဖိတ်ကြားသမှု ပြုစေသည်။ ထိုနည်းဖြင့် လူငယ် တို့လုပ်အားကို ရရှိစေ၏။

ထိုကဲ့သို့ လုပ်အားရယူရာတွင် လူအင်အားသာ မဟုတ် သေး၊ လိုအပ်သော အိုးခွက်ပန်းကန်၊ ကြမ်းခင်းဖျာအမျိုးမျိုးကို လည်း ရပ်ရွာလူငယ် ဘုံပစ္စည်းများကိုပါ ကာယကံရှင်က ငှားယူ အသုံးပြုနိုင်သည်။ ယင်းပစ္စည်းများအား ပွဲပြီးက ငှားယူထား သော အရေအတွက်အတိုင်း စနစ်တကျပြန်အပ်ရသည်။ ထို ပစ္စည်းတွေ ငှားရမ်းအသုံးပြုကြေး ကျပ်သုံးထောင်ခန့် ထည့်ရုံမျှ ဖြင့် ကိစ္စပြီးလေ၏။

သို့သော် ဤနေရာတွင် ခြွင်းချက်လေးများလည်း ထားရှိ ပါသေးသည်။ ဥပမာဆိုရသော် ရပ်ရွာလူငယ်ဘုံပစ္စည်းငှားရမ်း အသုံးပြုရာတွင် ကျေးရွာအတွင်း ချို့ငဲ့နိမ့်ပါးသူဖြစ်ပါက အသုံး ပြုကြေး ထည့်ဝင်ရန် မလိုအပ်ပေ။

ထည့်ဝင်ရသော အသုံးပြုကြေးမှာ လူငယ်များအသုံး စရိတ်အတွက်မဟုတ်။ လိုအပ်သည့်ဘုံပစ္စည်းများ ထပ်မံဖြည့် တင်းရန်အတွက်သာ အသုံးပြုကြသည်။ အဆိုပါဘုံပစ္စည်းများ စတင်ပေါ်ပေါက်လာခြင်းကလည်း ရပ်ရွာရှိအမျိုးသမီးပျိုများ နှင့်  အခြားသောကျေးရွာအုပ်စုမှ လုလင်ပျိုတို့ လက်ဆက်ကြရာမှ ရရှိလာသော ရွာဝင်ကြေးများ၏ အသီးအပွင့်များသာဖြစ်ကြ ပါ၏။

(၃)

ရွာဝင်ကြေးဆိုသည်မှာ ကျွန်တော်တို့ဒေသတွင် အမျိုး သမီးပျိုတစ်ဦးနှင့် လူပျိုတစ်ဦးတို့ လက်ထပ်ထိမ်းမြားကြလျှင် ကျေးရွာအများစု၏ တူညီသောအချက်က ရွာဝင်ကြေးခေါ် အပျို ကြေးပေးရခြင်းပင်။ အဆိုပါ ရွာဝင်ကြေးတောင်းခံရာတွင်လည်း ရပ်ရွာမှ သတ်မှတ်ထားသည့် စည်းကမ်း၊ အရပ်ဓလေ့များအတိုင်း လိုက်နာပေးဆောင်ကြရသည်သာဖြစ်ပါ၏။

ထို့သို့သတ်မှတ်ထားသော အရပ်ဓလေ့ကို ကျွန်တော့် အနေဖြင့် အနည်းငယ်ရှင်းပြလိုပေသည်။ ကျွန်တော်နေထိုင်ရာ မြို့နယ်လေးအတွင်း၌ ကျေးရွာအုပ်စုပေါင်း ၆ဝ ကျော်အထိ သက်ဆိုင်ရာမှ သတ်မှတ်ပေးထားပြီး အုပ်စုတစ်ခုလျှင် ကျေးရွာ သုံးရွာမှ ငါးရွာအတွင်း ပါဝင်သည်။

ကျေးရွာအုပ်စုတစ်ခုအတွင်း ပါဝင်သော ကျေးရွာတစ်ရွာမှ လူပျိုတစ်ဦးက အခြားအုပ်စုဝင် ကျေးရွာရှိ အမျိုးသမီးပျိုတစ်ဦး အား အိမ်ထောင်ပြုလိုသည်ရှိသော် အထက်နားတွင် မိတ်ဆက်ခဲ့ သော ရွာဝင်ကြေးကို ဒေသသတ်မှတ်ချက်အတိုင်း ပေးကြရသည် က ယဉ်ကျေးမှုတစ်ခုအလား အမြစ်တွယ်၍ ရှိနေခဲ့ပြီ။

သူသူ ငါငါ အိမ်ထောင်ပြုကြမည်ဆိုက အမျိုးသားတို့အနေ ဖြင့် မိန်းကလေးဘက်သို့ ခန်းဝင်ပစ္စည်းထည့်ရသည်သာ မဟုတ် ဘဲ ရွာဝင်ကြေး ထည့်ဝင်နိုင်ရေးကိုပါ တစ်ပြိုင်နက် စဉ်းစားထား ကြရသည်။ ကျေးရွာအများစုက ရွာဝင်ကြေးကို တွက်ချက်ရာ တွင် ခန်းဝင်ပစ္စည်းအနည်းအများ၊ ဆွေမျိုးအသိုင်းအဝိုင်းတောင့် တင်းမှု၊ ရုပ်ရည်အလှအပ စသည့် အချက်တွေပေါ် မူတည်ကာ ခန့်မှန်းပမာဏ တစ်ခု သတ်မှတ်တောင်းယူတတ်ကြမြဲဖြစ်ပါ၏။

ရရှိလာသော ငွေကြေးအနည်းအများပေါ် မူတည်၍ ရပ်ရွာ အတွက် လိုအပ်မည့်ဘုံပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း၊ ပိုလျှံ ငွေများအား စနစ်တကျ ထိန်းသိမ်းထားရှိခြင်းတို့ကို လူငယ်အဖွဲ့ မှ ရပ်ရွာလူကြီးများနှင့် တိုင်ပင်၍ ပြုလုပ်ကြသည်။

ထိုသို့ညှိနှိုင်းတိုင်ပင်ကြရာတွင် လူကြီးနှင့်လူငယ်အကြား အမြင်မတူညီမှုများ ရှိပါက လူငယ်ခေါင်းဆောင် တာဝန်ယူခဲ့ဖူး သော လူလတ်ပိုင်းများက ကြားဝင်စေ့စပ်ပေးကြသည်များလည်း ရှိသည်။ ယင်းသို့ဖြင့် လူငယ်လုပ်ငန်းစဉ်လေးမှ အစပြုသော ဆောင်ရွက်ချက်လေးကြောင့် လူငယ်၊ လူလတ်၊ လူကြီး အစရှိ သော အပိုင်းအခြားတို့မှာ ပိုမို၍ စုဖွဲ့မှု အားကောင်းလာခဲ့ပါ၏။

သည့်အပြင်လည်း လူငယ်တို့၏ အသိအာရုံများအတွင်းသို့ အသက်အရွယ်ငယ်စဉ်ကတည်းကပင် မိမိရပ်ရွာ၊ မိမိလူ့အဖွဲ့ အစည်းအား ချစ်မြတ်နိုးတန်ဖိုးထား၍ တစ်ထောင့်တစ်နေရာမှ အကျိုးပြုလိုစိတ်ကို မွေးမြူပေးလိုက်သည်ဟု ယူဆမိပါသည်။

(၄)

အဲသည်လူငယ်လေးများတွင် အဖွဲ့အစည်းနောက်ခံများ၊ အယူဝါဒ အသွေးအရောင်များ လွှမ်းမိုးခြယ်လှယ်ခံထားရခြင်း အလျဉ်းမရှိပါပေ။ ပကတိဖြူစင်သူလေးများသာဖြစ်ကြပြီး အသက်အရွယ်၏ နုပျိုခြင်းအရ ဖျတ်လတ်မှု၊ တက်ကြွမှု၊ စိတ် အားထက်သန်မှုတို့သာ အလေးကဲနေသည့်အပြင် အရာရာကို အရိုးစင်းဆုံး ရှုမြင်သူလေးများသာ ဖြစ်ကြပါပေ၏။

သို့အတွက်လည်း ကျေးရွာတိုင်းရှိ လူငယ်တို့၏ လုပ် ဆောင်နိုင်စွမ်း အင်အားများကို အချည်းအနှီးလေလွင့်မှု မရှိစေ ရန် ရပ်ရွာလူကြီးသူမတို့က ထိန်းကျောင်းပဲ့ပြင်ကြရသည်သာ။ လူငယ်အဖွဲ့အစည်းလေးများ ယိုင်နွဲ့မသွားစေရေးအတွက် လူ အများလေးစားလက်ခံသော ကျေးရွာ ရပ်မိရပ်ဖများက ကျား ကန်ပေးထားကြသည်။

ရပ်ရေးရွာရေး ဆောင်ရွက်ရာတွင် လူငယ်တို့ကြုံတွေ့ရနိုင် သော အခက်အခဲနှင့် အတားအဆီးများအတွက် အဆိုပါ ရပ်ရွာ လူကြီးများထံမှ အကြံဉာဏ်များရယူနိုင်ရန် လမ်းဖွင့်ပေးထား သကဲ့သို့ နောက်ပါးမှလည်း နှုတ်၏ဆောင်မခြင်း၊ လက်၏ ဆောင် မခြင်းတို့ဖြင့် ဝန်းရံကြသည်များလည်းရှိသည်။

အမြင်မတော်သည်ကို လူကြီးသူမတို့က တည့်မတ်ပေး သည်။ ကောင်းမွန်လမ်းမှန်သည်ကို ချီးကျူးဂုဏ်ပြုသည်။ ဆိုလို သည်မှာ ဆုံးဖြတ်ချက်များမှန်ကန်ခြင်း၊ လူငယ်ထုအား တစ်စည်း တစ်လုံးစုစည်းဦးဆောင်နိုင်ခြင်း၊ အချင်းချင်း ညီညီညွတ်ညွတ် စုပေါင်းလုပ်ကိုင်နိုင်ခြင်း အစရှိသည်တို့တွင် လူကြီးများက အသိ အမှတ်ပြုခြင်းဖြစ်သည်။ ယင်းသည်ပင် လူ့အဖွဲ့အစည်းအတွင်း ဝိရောဓိအသွင်ဆောင်သော လူကြီးနှင့် လူငယ်ပြဿနာကို ရင် ကြားစေ့နိုင်ခဲ့ပါ၏။

(၅)

မြို့ပြကို ကျွန်တော်ရောက်လာတော့လည်း ကျေးလက် လူငယ်များကဲ့သို့ သာရေးနာရေးနှင့် ရပ်ကွက်မြို့ ရွာအကျိုးတို့ကို တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်လျက်ရှိသော လူငယ်လူ လတ်တို့ကိုတွေ့ရပါ၏။ သူတို့သည်လည်း ဘော်လန်တီယာခေါ် ကိုယ်စရိတ်ကိုယ်စား၍ မေတ္တာဖြင့် လုပ်အားပေးကျသူများသာ ဖြစ်ကြပေသည်။

ဝါတွင်းကာလရောက်ပြီဆိုမှဖြင့် ရပ်ကွက်လမ်းတွေထဲ တစ်လမ်းဝင်တစ်လမ်းထွက် လှည့်လည်၍ ‘ဆွမ်းလောင်းအသင်း မှ အလှူခံပါသည် ခင်ဗျာ’ဟူသည့် မြို့ကြီးသားလူငယ်တွေ၏ အသံသာသာကို နေရာအနှံ့အပြားတွင် ကြားရလျှင် ကျွန်တော်၏ စိတ်တွင် ကျေးလက်ကို လွမ်းအားပိုရသည်။

သို့သော် ကျေးလက်နှင့် မြို့ပြလူငယ်တို့၏ စုဖွဲ့ဆောင် ရွက်ကြပုံခြင်း မတူညီကြသည်ကိုလည်း သတိပြုမိပါသည်။ ကျေး လက်လူငယ်တွေက ဦးဆောင်သူကို အများဆန္ဒဖြင့် မဲပေးရွေး ချယ်သည်။ မြို့ပြလူငယ်တွေကဖြင့် ထိုသို့မဟုတ်။ အများနှင့် စု ပေါင်းဆောင်ရွက်ရသော လုပ်ငန်းများ၌ အတွေ့အကြုံရှိသူ၊ လုပ် ငန်းတစ်ခုလုံးအား စီစဉ်နိုင်သူ၊ ကုန်ကျစရိတ်များအား မိမိကိုယ် ပိုင်ငွေဖြင့် ထည့်ဝင်သုံးစွဲနိုင်သူ အစရှိသူတို့အား ဦးဆောင်သည့် နေရာတွင် ထားတတ်ကြသည်။

ကျွန်တော်ရန်ကုန်ရောက်စ သိမ်ကြီးဈေးအနီးနေခဲ့စဉ်က ရပ်ကွက်လမ်းအတွင်းရှိ လူငယ်လူလတ်များဖြင့် မိတ်ဆွေဖွဲ့ဖြစ် သည်။ ထိုသူတို့တွင် သူတစ်ပါးလက်အောက်၌ လခစားလုပ်ကိုင် သူများပါဝင်သကဲ့သို့ မိမိ၏ကိုယ်ပိုင်လုပ်ငန်းဖြင့် ဝင်ငွေရှာသူ၊ မိဘ၊ ဘိုးဘွားထံမှ မုန့်ဖိုးတောင်းယူသူများလည်းရှိသည်။ ကျွန် တော်ကိုယ်တိုင်ကတော့ လခစားမျှသာဖြစ်သည်။

တစ်ရက်တွင် ကျွန်တော်တို့လူငယ်တစ်သိုက် လက်ဖက် ရည်ဆိုင်ထိုင်ဖြစ်ကြရင်း ပရဟိတလုပ်ငန်းလေးတွေ တစ်နိုင်တစ် ပိုင် ဆောင်ရွက်ကြရန် ဆွေးနွေးမိကြပါသည်။ တစ်ဦးလျှင် ငွေ ကြေးပမာဏ မည်မျှဟူ၍ သတ်မှတ်လိုက်ကြပြီး လကုန်ရက်တိုင်း အဖွဲ့ရန်ပုံငွေလေး ထူထောင်ဖြစ်သည်။

ယင်းရန်ပုံငွေအား ကိုယ်ပိုင်လုပ်ငန်းရှိပြီး ငွေကြေးတတ် နိုင်သူတစ်ဦးထံ အပ်နှံထားကာ လေးလတစ်ကြိမ် ဘကကျောင်း (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) များသို့ အလှည့်ကျသွား ရောက်လှူဒါန်းကြသည်။

ထိုသို့ဆောင်ရွက်ခဲ့ကြသည်ကို ယခုအချိန် ပြန်လည်သုံး သပ်မိတော့ အားနည်းချက်အချို့ကို တွေ့ရသည်။ ဥပမာအားဖြင့် ကျွန်တော်တို့စုဆောင်းငွေနှင့် ထူထောင်ထားသောရန်ပုံငွေကို ပြန်လည်အသုံးပြုသည့်နေရာတွင်ဖြစ်သည်။ ကျောင်းတစ် ကျောင်းအား ရွေးချယ်လိုက်ကာ သွားရောက်လှူဒါန်းရာတွင်  ‘တန်ဖိုးထက် လက်ခကြီး’ ဆိုသကဲ့သို့ လှူဖွယ်ပစ္စည်းအတွင်း မပါဝင်သော အသုံးစရိတ်များ၊ ဦးဆောင်သူ၏ အဆိုပြုချက်အပေါ် သင့်၊ မသင့် ဝေဖန်ဆန်းစစ်မှု ကောင်းစွာမလုပ်နိုင်ခြင်းတို့ ကြောင့် ငွေကြေးလေလွင့်မှု ပိုများသွားသည်များ ရှိသည်။

ကျွန်တော်တို့ ရွာဓလေ့တွင်တော့ လူငယ်တွေ စုပေါင်းလုပ် ဆောင်ကြသည့်အခါ ငွေကြေးလေလွင့်မှု မရှိမဟုတ်။ အထိုက် အလျောက်ရှိကြသည်သာ။ သို့သော် အကြိမ်ရေ နည်းပါး၏။ အကြောင်းက ကျေးရွာလူငယ်အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းထား သည့်အပြင် ဆုံးဖြတ်ချက်တစ်ခုအတွက် အဖွဲ့ဝင်အားလုံးကို အစည်းအဝေးခေါ်ယူကာ အများသဘောဖြင့် ဆုံးဖြတ်ရခြင်း ကြောင့် ဖြစ်ပါသည်။

ယင်းသို့မဟုတ်ဘဲ ဦးဆောင်သူက မိမိသဘောအတိုင်း ဆုံးဖြတ်လုပ်ကိုင်ခဲ့ပါက အကျိုးအပြစ်အား ထိုသူတစ်ဦးတည်း တာဝန်ယူစေ၍ ကုန်ကျငွေအား စိုက်လျော်ရသည်ရှိသလို ¤င်း အားလူငယ်အဖွဲ့မှ ထုတ်ပယ်သည်အထိ အရေးယူသည်လည်း ရှိသည်။

(၆)

မည်သို့ဆိုစေ ကျွန်တော့်အနေဖြင့် ငယ်စဉ်အခါက ကျေး လက်လူငယ်အဖွဲ့အတွင်း ပါဝင်ခွင့်ရခဲ့သောအကျိုးဆက် ကြောင့် မိမိ၏လုပ်ငန်းခွင်အတွင်း အများနှင့် သဟဇာတဖြစ်စွာ ဆက်ဆံ နိုင်ရေး၊ လူအများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု စသည့် အတတ် ပညာတို့ တိုးပွားခဲ့ရသည်ဆိုလျှင် မှားနိုင်အံ့မထင်။

ထို့ပြင်လည်း လူ့အဖွဲ့အစည်းအတွင်း တွေ့ကြုံရလေ့ရှိ သော လူငယ်အချင်းချင်းဆက်ဆံရေး၊ လူငယ်နှင့် လူလတ်၊ လူ ငယ်နှင့် လူကြီး စသည့် နယ်ပယ်အလိုက် ဆက်ဆံရေးများတွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းလာနိုင်စေပြီး ပြဿနာ နည်းပါးမှုကို ကျွန်တော်ကိုယ်တွေ့ ခံစားခွင့်ရခဲ့ပါ၏။

အလားတူ နေထိုင်ကြီးပြင်းခဲ့ရာ ကျေးရွာလေးမှ အစပြု သော အစဉ်အလာအလေ့အထနှင့် အသိတရားလေးတစ်ခုက အများအကျိုးဆောင်ရွက်လိုသော လူမှုပတ်ဝန်းကျင်သို့ ကျွန် တော့်အား တွန်းပို့ပေးနေသည်ဟု ယူဆမိပါသည်။

ထို့သို့ဖြစ်ခြင်းကြောင့် မြို့ပြရှိ လူငယ်မောင်မယ်တို့၏ ရပ် ကွက်မြို့ ရွာအကျိုး သယ်ပိုးနေသည်ကိုမြင်ရတိုင်း ရွာမှ လူငယ် တို့ လှုပ်ရှားမှုများက ကျွန်တော့်စိတ်တွင် အရိပ်ထင်၍ လာမြဲဖြစ် သည်။ ကျေးလက်လူငယ်အဖွဲ့လေးတွင် တစ်ချိန်က ပါဝင်ခွင့် ရခဲ့ခြင်း၏ အကျိုးကျေးဇူးကို လက်ငင်းခံစားနေရ၏။

အချိန်ကာလတို့ ကုန်ဆုံးလွန်မြောက်၍ ဦးဆောင်သူတွေ၊ နောက်မျိုးဆက်တွေ မည်သို့ပင်ပြောင်းလဲနေပါစေ၊  ကျွန်တော်၏ ဇာတိပုညကျေးရွာလေးမှ လူငယ်တို့ စုဖွဲ့ဆောင်ရွက်မှု ရေ အလျဉ်ကား ယနေ့အထိ ပြတ်တောက်မသွား။ စီးမြဲစီးဆင်းနေဆဲ သာ ဖြစ်၏။

ကျွန်တော်တို့ လူလားမမြောက်မီအချိန်ကတည်းက ရှိနှင့် ခဲ့သော ကျေးလက်တောရွာများမှ လူငယ်မောင်မယ်တို့၏ ချစ် စရာကောင်းသော အလေ့အထကောင်းလေးတစ်ခုကိုကား မေ့ ဖျောက်၍ ရနိုင်မည်မဟုတ်သလို အစဉ်အမြဲတည်တံ့နေပါစေလို့ လည်း ကျွန်တော် ဆုတောင်းနေမိ၏။       ။

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၀)မှ အက်ဆေး  ဖြစ်ပါသည်။

မင်းလွင် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."