ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်တွေအတွက် နေရာဘယ်မှာ ရှာတွေ့မလဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်တွေအတွက် နေရာဘယ်မှာ ရှာတွေ့မလဲ

ဓာတ်ပုံ- လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ဟာ သူ့လက်ထက်မှာ နှစ်သစ်တွေကို မိန့်ခွန်း စကားခြွေပြီး ကြိုဆိုခဲ့ပါတယ်။ ယခုနှစ်မှာ တော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ပြီး၂ဝ၁၇ စာမျက်နှာကို ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေး စကားဝိုင်း)ကို ဇန်နဝါရီ ၁ ရက်က နေ ပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်နယ်နဲ့ တိုင်းအသီးသီးက လူငယ်တွေနဲ့ ကြမ်း တစ်ပြေးတည်းထိုင်ပြီး ပြည်တွင်းငြိမ်း ချမ်းရေးကိစ္စတွေကို အပြန်အလှန် ဆွေး နွေးခဲ့သလို လူငယ်တွေ အွန်လိုင်းမှ တစ်ဆင့် မေးမြန်းခဲ့တဲ့ မေးခွန်းအချို့ကို လည်း ဖြေကြားခဲ့ပါတယ်။

လူငယ်တစ်ယောက်က မေးတဲ့ ” လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့် ဆင့်မှာ လူငယ်တွေရဲ့ ပါဝင်ခွင့် အခန်း ကဏ္ဍကို ဖော်ထုတ်ပါဝင်ခွင့်ပေးပါ ” ဆို တဲ့မေးခွန်းကိုတော့ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ်က ‘ပါဝင်ခွင့်’ဆိုတဲ့ အသုံးအနှုန်း တွေကို သူစိတ်ပူပြီး ” ဘာရနိုင်မလဲ ဆိုတာထက် ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားပေးစေချင်တယ် ” လို့ ဖြေကြား ခဲ့ပါတယ်။

သူက လူငယ်တွေဟာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC)၊ ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UDPJC) စတဲ့ နိုင်ငံတော် အဆင့် အဖွဲ့အစည်းတွေမှာ ပါဝင်ဖို့ ” လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး ” လို့ လည်း ပြောခဲ့ပါတယ်။ ဘာကြောင့် မဖြစ် နိုင်တာလဲဆိုတာကိုတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မပြောခဲ့ပါဘူး။

အမျိုးသားလူငယ်ကွန်ဂရက်၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ရန်ကုန် လူငယ် ကွန်ရက်ဥက္ကဋ္ဌ မသဉ္ဇာရွှန်းလဲ့ရည်က တော့ အဲဒီ စကားဝိုင်းဟာ လူငယ်တွေ အတွက် မျှော်လင့်ချက်အများကြီး ဖြစ်စေ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ် တွေ ပါဝင်ခွင့်အပေါ် မြင်တဲ့အမြင်ဟာ လူငယ်တွေ ဖြစ်ချင်တဲ့အမြင်မျိုး မဟုတ် ဘူးလို့ ဆိုပါတယ်။

အနာဂတ်ငြိမ်းချမ်းရေးကို လက် ဆင့်ကမ်းထိန်းသိမ်းသွားကြရမယ့် လူ ငယ်တွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်မှာ ပါဝင်ချင်ကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာ လူငယ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်နည်းပါးနေ ပြီး လူငယ်တွေကို မဖြစ်မနေ ပါဝင်ခွင့် ပေးဖို့ လိုအပ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လူငယ်အရေးလှုပ်ရှားသူတွေက ပြောဆို ကြပါတယ်။

” အခုလောလောဆယ်က သူတို့ (လူကြီးတွေ)ဆွေးနွေးတာကို လူငယ် တွေ ခန်းမထဲဝင် နားထောင်လို့ မရတဲ့ ပြဿ      နာပဲ ” လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေကို ရပ်တန့်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ဖို့ ယခင် ဦးသိန်းစိန် အစိုးရ လက် ထက်ကစတင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အဆင့် ဆင့်ကို အကောင်အထည်ဖော် ကြိုးပမ်းနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနရဲ့ ၂ဝ၁၆ ကိန်းဂဏန်းတွေအရ လူဦးရေ ခြောက် သိန်းကျော်ဟာ ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်နေရပြီး လူဦးရေ ၄ဝ ရာခိုင်နှုန်း ဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေ ထိုင်နေကြရ ပါတယ်။

ဇန်နဝါရီ ၁၆ ရက် ရန်ကုန်မြို့တွင် ဘတ်စ်ကားစနစ်သစ် စတင်ပြေးဆွဲစဉ်က ဝိုင်းဝန်းကူညီနေသော လူငယ်တစ်ဦး။ ဓာတ်ပုံ- လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

ငြိမ်းချမ်းရေးနဲ့ လူငယ်

မြန်မာနိုင်ငံမှာ လူငယ်အသက် သတ်မှတ်ချက်ဟာ ၁၆ နှစ်ကနေ ၃၅နှစ် အထိ ဖြစ်တယ်လို့ ၂ဝ၁၆၊ နိုဝင်ဘာက ကျင်းပတဲ့ လူငယ်မူဝါဒဆိုင်ရာ တစ်နိုင်ငံ လုံးအဆင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူထားကြပါတယ်။

ဒါပေမဲ့ လူငယ်မူဝါဒကို ရေးဆွဲနေ တုန်းဖြစ်လို့ လူငယ် အဓိပ္ပာယ်ဖွင့်ဆိုချက် နဲ့ အသက်အပိုင်းအခြား သတ်မှတ်ချက် တွေ တစ်ပြေးညီ တရားဝင်မသတ်မှတ်ရ သေးပါဘူး။ လူငယ်အသက်အပိုင်းအခြား သတ်မှတ်ချက်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကွဲပြားကြပါတယ်။ ကမ္ဘာ့ ကုလ သမဂ္ဂရဲ့ သတ်မှတ်ချက်ကတော့ ၁၅ နှစ် ကနေ ၂၄ နှစ်အထိ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းခန့်ဟာ လူငယ်တွေ ဖြစ် ကြပါတယ်။

လူငယ်ဆိုတာ ကလေးအဖြစ်ကနေ လူကြီးအဖြစ်ကို ပြောင်းလဲဖြတ်သန်းတဲ့ အသက်အပိုင်းအခြားလို့ လူငယ်အရေး လှုပ်ရှားသူတွေက နားလည်လက်ခံကြပြီး သူတို့ဟာပြည်တွင်းစစ်ပွဲတွေရဲ့ အကျိုး ဆက်တွေကို ဦးဦးဖျားဖျား ခံစားကြရ သူတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။

တိုက်ပွဲတစ်ခုဖြစ်လာပြီဆိုရင် လူ ကြီးတွေရဲ့ အမိန့်အာဏာတွေအပေါ် အခြေတည်ပြီး စစ်တိုက်ရတာဟာ နှစ် ဖက်တပ်တွေမှာ စစ်မှုထမ်းတဲ့ လူငယ်လူ ရွယ်တွေ ဖြစ်လို့ ရှေ့ဆုံးက သေရမယ်ဆို ရင် လူငယ်တွေပဲ သေရတယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။

” ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုရင် သူတို့ ရဲ့ သဘောထားဆန္ဒတွေ ထည့်သွင်း စဉ်း စားခြင်းမခံရတော့ဘူး။ ဒါတွေက မတရားဘူး ” လို့ သူက ထောက်ပြတယ်။

ကချင်ပြည်နယ်လူငယ်မူဝါဒဖြစ် မြောက်ရေးအဖွဲ့ လူငယ် ကိုယ်စားလှယ် ကိုဝေါ်လေးကတော့ အဖွဲ့အစည်းတိုင်းက လူကြီးတွေဟာ နိုင်ငံတော်မှာ လူငယ်တွေ အရေးကြီးကြောင်း ပြောကြပေမယ့် တကယ်လက်တွေ့မှာ သတ်သတ်မှတ်မှတ် နေရာပေး ဆွေးနွေးတာ မရှိသေးဘူးလို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက် ရောက်ဖို့ ကိုယ်စားလှယ်တွေ ခေါ်ယူတဲ့ အခါ ပါတီ၊ လူမျိုးစု ကိုယ်စားပြု အသက် ငယ်ရွယ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင် ပေမယ့် လူငယ်ဆိုတဲ့ သီးခြားခေါင်းစဉ် တစ်ခုအောက်က တက်ရောက် နား ထောင်ခွင့်၊ ဆွေးနွေးအကြံပြုခွင့် မရှိ သေးဘူးလို့ သူက ပြောပါတယ်။

တကယ်တမ်း အနာဂတ်မှာ ငြိမ်း ချမ်းရေးကိစ္စတွေကို ရင်ဆိုင်ကြရမယ့် သူတွေဟာ လူငယ်တွေဖြစ်လို့ ဆွေးနွေး ဝိုင်းတွေမှာ လူငယ်တွေအသံ ပါဝင်နိုင်မှ ရေရှည်အတွက် အကျိုးရှိမယ်လို့ ကိုဝေါ် လေးက ယုံကြည်ပါတယ်။

” လူကြီးတွေ တွေးခေါ်ပြီး ဆုံးဖြတ် တာတွေက နောက်တက်လာမယ့် လူငယ် တွေအတွက် သဟဇာတဖြစ်ချင်မှ ဖြစ် မှာ ” လို့ ပြောပါတယ်။ ဒါကြောင့် လူငယ် တွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ် အစအဆုံး ပါဝင်ရမယ်လို့ သူက ပြောပါတယ်။
ဘယ်လိုပါဝင်ကြမလဲ

လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေး ကိစ္စတွေမှာ လူငယ်တွေ ပါဝင်နိုင်မှုကို တိုင်းတာနိုင်တဲ့ စနစ်တစ်ခုကိုတော့ လူမှု ဗေဒပညာ ရှင် ရော်ဂျာဟတ်ထ် (Roger Hert)က ၁၉၉၇ မှာ ရေးဆွဲခဲ့ပါ တယ်။

အဲဒါကို လူငယ်ပူးပေါင်းပါဝင်မှု လှေကား (Ladder of Youth Participation) လို့ခေါ်ပြီး လူငယ်တွေ ကြိုးကိုင် ခြယ်လှယ်ခံရတဲ့ အဆင့်၊ လူငယ်တွေကို အလှပြရုံပါခွင့်ပြုတဲ့အဆင့် (Tokenism)၊ လူငယ်တွေ ပါဝင်နိုင်ပေမယ့် တင်ပြချက် တွေ အရာမရောက်သေးတဲ့အဆင့် စတာ တွေအပြင် နောက်ဆုံးမူဝါဒ ရေးရာကိစ္စ တွေမှာ လူကြီးတွေနဲ့အတူ ဆုံးဖြတ်ချက် ချနိုင်တဲ့ အဆင့်အထိ အဆင့်ရှစ်ဆင့် ပါ ဝင်ပါတယ်။ နောက်ဆုံးအဆင့်ဟာ အမြင့် ဆုံးဖြစ်ပြီး လူငယ်နဲ့ လူကြီး ညီတူ မျှတူ ဖြစ်တဲ့ အဆင့် ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်တွေ ပါဝင်ခွင့်ဟာ အလှပြရုံ ပါဝင်ခွင့်ရတဲ့ အဆင့် (Tokenism) သာ ရှိသေးပြီး လူ ငယ်တွေက ” နောက်ဆုံးအဆင့်ကို လို ချင်တာ ” လို့ အမျိုးသားလူငယ်ကွန်ဂရက်၊ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်တဲ့ ရန် ကုန်လူငယ်ကွန်ရက်ဥက္ကဋ္ဌ မသဉ္ဇာရွှန်းလဲ့ရည်က သုံးသပ်ပါတယ်။

” ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လူငယ် တွေကလည်း ပြောဆိုခွင့်ရှိရမယ်။ ပြော တာကိုလူကြီးတွေက နားထောင်နိုင်ရ မယ်။ နားထောင်ဖို့လည်း ယန္တရားရှိရ မယ်။ အဲဒီလိုဖြစ်သွားလို့ လူငယ် တွေက ဆရာကြီးဆိုတာမျိုးမဟုတ်ဘူး။ လူကြီး တွေက ပြောတဲ့ ဟာကိုလည်း လေးစားမှုနဲ့ ညှိနှိုင်းရမယ် ” လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အစိုးရသစ်တက်ခါစတုန်းက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ တိုင်း ပြည်ရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ လူငယ်ထုရဲ့ရပိုင်ခွင့်၊ အခွင့်အလမ်း၊ အခွင့် အရေးတွေကို ထုတ်ဖော်တင်ပြစေနိုင်ဖို့နဲ့ အခြားကျန်းမာရေး၊ ပညာရေးစတဲ့ကဏ္ဍတွေနဲ့ ချိတ်ဆက်ဖော်ဆောင်နိုင်ဖို့ လူငယ် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာစေရေး အတွက် အားပေးမယ်လို့ ကြွေးကြော်ခဲ့   ပါတယ်။

အခုချိန်မှာတော့ လူငယ်တွေက သူတို့ရဲ့အသံ၊ သူတို့ရဲ့ အခွင့်အရေးတွေကို ဖော်ထုတ်နိုင်မယ့် လူငယ်ဦးစီးဌာနတွေ၊ ဝန်ကြီးဌာနတွေ ထားရှိပေးဖို့ တောင်းဆို နေကြပါတယ်။

လက်ရှိမှာ လူငယ်နဲ့ပတ်သက်တဲ့ အလုပ်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနက ကိုင်တွယ်ဆောင်ရွက်နေပါ တယ်။ ဒါပေမဲ့ အဲဒီဝန်ကြီးဌာနက တာဝန် ယူရတဲ့ မသန်စွမ်းသူတွေအရေး၊ အမျိုး သမီးတွေ အရေး၊ ကယ်ဆယ်ရေးစတဲ့ ကဏ္ဍတွေများတဲ့အတွက် လူငယ်ကဏ္ဍကို ထိထိရောက်ရောက် မဆောင်ရွက်နိုင် ဘူးလို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ လူငယ်တွေက ယုံကြည်ကြပါတယ်။ လူ ငယ်ရေးရာ ဆောင်ရွက်မယ့် ဝန်ကြီးဌာန ရှိမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အခြားကဏ္ဍတွေကို ထိထိရောက်ရောက် လုပ်ဆောင် နိုင်မယ်လို့ သူတို့က ယူဆကြတာပါ။

ဒါကြောင့် အစိုးရသစ်တက်ခါစက ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့တဲ့အခါ လူငယ်ရေးရာဝန်ကြီးဌာန ထားရှိပေးဖို့ တင်ပြတောင်းဆိုခဲ့ကြပေ မယ့် ” ဒေါ်စုကိုယ်တိုင် လက်မခံခဲ့ ဘူး ” လို့ ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌ မသဉ္ဇာ ရွှန်းလဲ့ရည်က ပြောပြပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက လည်း လူငယ်တွေဟာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိစ္စတွေမှာ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တစ်ခု ကို ၂ဝ၁၅ နှစ်ကုန်ပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါ တယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို မြှင့်တင်ပေးရမယ်ဆိုတဲ့ အချက်တွေပါ ပါတယ်။

လူငယ်မူဝါဒရေးဆွဲရာမှာ ပူးပေါင်း ကူညီနေတဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ လူငယ်ရေးရာစီမံကိန်း အရာရှိ ဒေါက်တာစည်သူဆွေက လူငယ် တွေဟာ လူကြီးတွေနဲ့စာရင် အချိန်ပေး နိုင်တာ၊ လေ့လာနိုင်စွမ်းပိုရှိတာ၊ လူကြီး တွေလောက် ခံစားမှုအစိုင်အခဲ မကြီးမား သေးတာတွေကြောင့် ယုံကြည်မှုပြန် လည်တည်ဆောက်ဖို့ လူငယ်တွေကြားမှာ ပိုလွယ်ကူနိုင်တယ်လို့ သူ့အမြင်ကို ပြော ပါတယ်။

” လူငယ်တွေက အကောင်းဆုံး ကြားဝင်ညှိနှိုင်းသူတွေ “လို့ သူက ဆိုပါတယ်။

လက်ရှိလူငယ်မူဝါဒမူကြမ်း ရေးဆွဲ တဲ့အခါမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီး တောင်းဆိုတင်ပြချက်တွေဟာ တိုက်ပွဲဖြစ်ပွားရာ ပြည်နယ်တွေတင် မက ဘဲ တိုက်ပွဲတွေကို တိုက်ရိုက် မခံစားရတဲ့ ရန်ကုန်၊ မ္တနလေးလို တိုင်းဒေသကြီးတွေ က လူငယ်တွေရဲ့ ဆွေးနွေးချက်တိုင်းလိုလို မှာ ပါဝင်နေတာတွေ့ရတယ်လို့ သူက ပြောပါတယ်။ ဒါဟာ လူငယ်တွေရဲ့ ငြိမ်း ချမ်းရေးကိစ္စတွေ အပေါ် စိတ်ဝင်စားမှုကို ဖော်ပြနေတာဖြစ်တယ်လို့ သူက သုံးသပ် ပါတယ်။

ဇန်နဝါရီ ၁၁ ရက်က ပြည်တွင်းစစ်ရပ်တန့်ရေး တောင်းဆိုရန် အကြိုဆွေးနွေးနေကြသည့် လူငယ်များကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

သမိုင်းအဆက်ဆက်က လူငယ်တွေ

လူငယ်တွေ နိုင်ငံရေးဖြစ်စဉ်တွေကို စိတ်ပါဝင်စား လှုပ်ရှားကြတာဟာ လက် ရှိပစ္စုပ္ပန်မှာတင်မဟုတ်ပါဘူး။ မြန်မာ နိုင်ငံ လွတ်လပ်ရေးဖခင်လို့ တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာသူကျဆုံးတဲ့အချိန်မှာ အသက် ၃၂ နှစ်ပဲ ရှိသေးတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို တစ်ဆစ် ချိုး ပြောင်းလဲပစ်ခဲ့တဲ့ ၈၈၈၈ အရေးတော် ပုံကိုလည်း အဲဒီတုန်းက ကျောင်းသား လူငယ်တွေကပဲ ဦးဆောင်ခဲ့ကြတာပါ။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ကာလ မှာလည်း လူငယ်တွေ ပါဝင်ခဲ့ကြသလို ဦးသိန်းစိန်အစိုးရလက်ထက် ပညာရေး ဥပဒေကို ကန့်ကွက်ခဲ့ကြတာလည်း ကျောင်းသားလူငယ်တွေပါပဲ။

၂ဝ၁၆ ဇွန်က ကျင်းပခဲ့တဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာလူငယ် တွေ့ဆုံဆွေးနွေး ပွဲမှာလည်း လူငယ်တွေက ကဏ္ဍကြီး ငါး ရပ်ကို ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီ အထဲမှာ လူငယ်နဲ့ ငြိမ်းချမ်းရေးကဏ္ဍလည်းပါဝင်ပါတယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီးက လူငယ် ၉ဝ ကျော်ဟာ ဒီ ခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြပြီး သဘော ထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ ကြပါသေးတယ်။

ကြေညာချက်မှာ လက်ရှိဖြစ်ပွား နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ပေး ဖို့၊ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးခြင်း နဲ့သာ ဖြေရှင်းဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်မှာ ပါဝင်ပတ်သက်သူတွေနဲ့ လူငယ်တွေ ပုံမှန်တွေ့ဆုံဆွေးနွေးခွင့်ရရှိ ဖို့အပြင် ငြိမ်းချမ်း ရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာညီလာခံတွေမှာ လူငယ်ကိုယ် စားလှယ်များ ပါဝင်ဆွေးနွေးလေ့လာခွင့် ရရှိဖို့ စတဲ့ တောင်းဆိုချက်တွေ ပါဝင်ခဲ့ ပါတယ်။

ဒါပေမဲ့ ၂ဝ၁၆၊ စက်တင်ဘာက ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ လူငယ်တွေဟာ လူငယ်ကဏ္ဍအနေနဲ့ သီးခြား ဖိတ်ကြားမခံခဲ့ရပါဘူး။

တကယ်တမ်းတော့ စစ်ပွဲတွေရပ်ဖို့ တက်တက်ကြွကြွ တောင်းဆိုကြသူ အများစုဟာ လူငယ်တွေ ဖြစ်ကြပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်၂ဝ၁၂ က လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့မှာ လူငယ်တွေဦးဆောင်ပြီး စစ်ပွဲတွေ ရပ်ဖို့ လမ်းလျှောက်တောင်းဆိုမှုတွေ ပြု လုပ်တဲ့အခါ လူထောင်ချီ ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက လူငယ်တချို့ ပုဒ်မ ၁၈ နဲ့ တရားစွဲခံခဲ့ရပြီး လပေါင်းများစွာ တရား ရင်ဆိုင်ခဲ့ကြရပါတယ်။

လူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရသစ် လက် ထက်တိုင်အောင် ငြိမ်းချမ်းရေးတောင်းဆို လှုပ်ရှားမှုတွေကို ဦးဆောင်နေကြဆဲပါ။ ၂ဝ၁၇ ဇန်နဝါရီ ၁၁ ရက်ကလည်း ပြည် တွင်းစစ်ရပ်တန့်ပေးရေးအတွက် လူထု ပါဝင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ အစီအစဉ်တွေကို ရန်ကုန်တက္ကသိုလ်ဝင်း ထဲမှာ လူငယ်တွေက ဦးဆောင် ဆွေးနွေး ခဲ့ကြပါတယ်။ လူမှုရေးအဖွဲ့အစည်း ကိုယ် စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ လည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်ပွဲတွေ ရပ် ပေးဖို့၊ စစ်ဘေးသင့်ပြည်သူတွေကို ကူညီ ခွင့်ပေးဖို့၊ စစ်အသုံးစရိတ်လျှော့ချဖို့နဲ့ တပ်မတော်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာပေးဖို့ စတဲ့ အချက်တွေကို ပြည်ထောင်စုနေ့မတိုင်ခင် တောင်းဆိုသွားမယ်လို့ သူတို့က ဆုံးဖြတ် ခဲ့ကြပါတယ်။

လူငယ်တွေဟာ ငြိမ်းချမ်းရေးကိစ္စ တွေတင်မဟုတ်ပါဘူး။ အခြားပရဟိတ ကိစ္စတွေမှာလည်း ပါဝင်ကြတာပါပဲ။ ရန် ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင် ရေးစနစ် အပြောင်းအလဲမှာလည်း လူ ငယ်တွေ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြ တာတွေ့ရပါတယ်။ ဘတ်စ်ကားစနစ်သစ် မှာ အသားမကျသေးတဲ့ ခရီးသွား ပြည်သူ တွေကို လူငယ်လေးထောင်ကျော် လောက်ဟာ စေတနာ့ ဝန်ထမ်းအနေနဲ့ နေပူကြဲကြဲအောက်က ဘတ်စ်ကား မှတ် တိုင်တွေမှာ ရပ်ပြီး လမ်းပြပေးခဲ့ကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲ ရေး၊ ငြိမ်းချမ်းရေး၊ ဖက် ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးကိစ္စတွေမှာ လူကြီး တွေက လူငယ်တွေကို ယုံယုံကြည်ကြည် လက်တွဲခေါ်တာ အားနည်းနေ တယ်လို့ လူငယ်အရေးလှုပ်ရှားသူတွေက ပြောကြ ပါတယ်။

ဆူးလေလူကူးခုံးတံတားပေါ်တွင် တွေ့ရသော လူငယ်အမျိုးသမီးနှစ်ဦး။ ဓာတ်ပုံ- လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

လူငယ်လူကြီး သဟဇာတဖြစ်ဖို့

ကချင်ငြိမ်းချမ်းရေးကွန်ရက်က လူငယ်တစ်ဦးဖြစ်တဲ့ ဘီအက်စတာဇေ နောကတော့ လူငယ်တွေဟာ မြေပြင်က တကယ့် တိုက်ပွဲအကြောင်းတွေ၊ ရှုပ်ထွေး တဲ့နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက် ပြီး အတွေ့အကြုံတွေ နည်းသေးလို့ ငြိမ်း ချမ်းရေးစားပွဲဝိုင်းမှာ ဝင်ရောက်ဆွေးနွေး ဖို့ ကန့်သတ်မှုတွေ ရှိနေသေးပေမယ့် လူ ငယ်တွေအသံကိုတော့ အများကြီး နား ထောင်သင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လည်း လူငယ်တွေကို ဆွေးနွေးခွင့်မပေး ဘူးဆိုရင်တောင် လေ့လာသူတွေအဖြစ် နားထောင်ခိုင်းသင့်တယ်လို့ သူက ဆို ပါတယ်။

” ဆွေးနွေးပွဲတွေမှာ အပြင်က အသံတွေကို နားထောင်ပြီး သဘော ပေါက်နားလည်ရတာနဲ့ အတွင်းထဲမှာ တကယ်တမ်း စကားဝိုင်းထဲမှာ ဆွေးနွေး ကြတာကို ကြည့်ပြီး နားလည်သဘော ပေါက်မှုတွေက မတူပါဘူး ” လို့ ဘီအက် စတာဇေနောက ပြောပါတယ်။

လူငယ်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်တဲ့ စစ်ဘေးဒုက္ခ သည်တွေ နေရပ်ပြန်ရေး၊ ပြန်လည် ထူ ထောင်ရေး၊ အပစ်အခတ်ရပ်စဲမှု စောင့် ကြည့်ရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေး စတဲ့ ကဏ္ဍတွေမှာ လူအား၊ နည်းပညာအားနဲ့ ကူညီနိုင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် လူငယ်တွေဘက်ကလည်း ” နောင်တစ် ချိန်မှာ ပါလာမယ့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်သင့်တယ်” လို့ သူက အကြံပြုပါတယ်။

လက်ရှိမှာ လူကြီးတွေအနေနဲ့ လူ ငယ်တွေကို လက်တွဲခေါ်ဖို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေ ကြပေမယ့် ” လူကြီးတွေဘက်က တွဲခေါ် မှုတော်တော်လေး အားနည်းနေပါသေး တယ် ” လို့ ပြောပါတယ်။

ကုလသမဂ္ဂလူဦးရေဆိုင်ရာရန်ပုံ ငွေအဖွဲ့က လူငယ်ရေးရာ စီမံကိန်းအရာရှိ ဒေါက်တာစည်သူဆွေကတော့ အစိုးရ သစ်လက်ထက်မှာ လူငယ်တွေ ပါဝင် ပြောဆိုခွင့်တွေ သိသိသာသာ နေရာပေး ခံလာရတယ်လို့ သုံးသပ်ပါတယ်။ လူငယ် တွေဘက်က ပါဝင်နိုင်မှုစွမ်းရည်တွေ တိုး တက်လာကြသလို လူကြီးတွေကလည်း ပါဝင်ခွင့်တွေ ပေးလာတာတွေ့ရတယ်လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ အပြည့်အဝပါဝင်ဖို့ ထိုက်သင့် တဲ့အချိန်တစ်ခုပေးပြီး စောင့်ဆိုင်း တောင်းဆိုဖို့လိုသလို လူကြီးတွေဘက် ကလည်း လူငယ်တွေကို ကတိတွေ၊ မျှော် လင့်ချက်တွေ လွယ်လွယ်မပေးမိဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။

လူကြီးတွေက လူငယ်တွေ တောင်း ဆိုလာတဲ့အခါ တကယ်လိုအပ်တာကို လုပ်ပေးရမှာဖြစ်ပေမယ့် မဖြစ်နိုင်တာ၊ မလုပ်ပေးနိုင်တာကို တောင်းဆိုလာခဲ့ရင် လည်း လူငယ်တွေ ခဏတာ စိတ်ကျေနပ် အောင် ကတိလွယ်လွယ်ပေးတာမျိုး၊ မျှော်လင့်ချက်အမှားတွေ မပေးဖို့ လို တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

” မျှော်လင့်ချက်အမှားပေးခဲ့ရင် အရင်က ဘယ်လောက်တွေကောင်း အောင်လုပ်ပေးခဲ့ လုပ်ပေးခဲ့ မျှော်လင့် ချက် အမှား တစ်ချက်တည်းနဲ့ အားလုံးက ပျောက်သွားနိုင်တယ် ” လို့ သူက သတိ ပေးပါတယ်။

ရန်ကုန်လူငယ်ကွန်ရက်က မသ္တွာ ရွှန်းလဲ့ရည်ကတော့ ငြိမ်းချမ်းရေးဆိုတာ ခက်ခဲတယ်ဆိုတာ မှန်ပေမယ့် ဘာ ကြောင့် ခက်ခဲလဲ လူငယ်တွေက သိချင် နေကြတယ်လို့ ပြောပါတယ်။ သူက ” ခက်ခဲမှန်းသိမှ အလွယ်တကူ မချိုး ဖျက် ကြမှာ ” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လူ ငယ်တွေ ဘာကြောင့် ပါဝင်သင့်သလဲဆို တဲ့ မေးခွန်းကိုတော့ သူက ခုလိုဖြေ ပါတယ်။

” ဘာတွေဆွေးနွေးတယ်ဆိုတာကို လူငယ်တွေက မသိထားရင် ငြိမ်းချမ်း ရေးဖြစ်စဉ်ကြီးကို တန်ဖိုးမထားတော့ဘူး။ တန်ဖိုးမထားရင် စောင့်ထိန်းမှာလည်း မဟုတ်ဘူး ” ။     ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."