ဗညားအေးကျော်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၁၀ (မော်ကွန်း)
ပြီးခဲ့သည့်နှစ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲပေါင်း တစ်ထောင်ဝန်းကျင်ရှိပြီး ကျဆုံးသူတပ်သားပေါင်းနှစ်ထောင်ကျော် ရှိသည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု၏နှစ်စဉ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုံးသပ်ချက် ၂၀၂၀ အစီရင်ခံစာက ဆိုသည်။
ပြီးခဲ့သည့်နှစ်အတွင်း တပ်မတော်ဘက်မှ ကျဆုံးသူတပ်သားဦးရေ ၁,၇၀၀ ဝန်းကျင်ရှိပြီး ARSA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ကျဆုံးသူတပ်သားဦးရေ ၉၀၀ ဝန်းကျင်ရှိသည်ဟုဖော်ပြထားသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ဘက်တပ်သားအကျအဆုံး အများဆုံးတိုက်ပွဲ မှာ ရခိုင့်တပ်တော် (AA) နှင့် တအောန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဖြစ်သည်။
တပ်မတော်နှင့် AA တိုက်ပွဲတွင် တပ်မတော်မှတပ်သား ၁,၅၀၀ ဝန်းကျင်ကျဆုံးပြီး AA မှ တပ်သား ၈၀၀ ဝန်းကျင် ကျဆုံးသည်ဟု ဖော်ပြထားသည်။ တပ်မတော်နှင့် TNLA တိုက်ပွဲတွင် တပ်မတော်မှ ၁၂၀ ဝန်းကျင်ကျဆုံးပြီး TNLA မှ တပ်သား ၈၀ ဝန်းကျင်ကျဆုံးပြီးသည်ဟု ဆိုသည်။
ARSA နှင့် တပ်မတော်တိုက်ပွဲတွင် ARSA မှ သုံးဦးနှင့် တပ်မတော်မှ ခြောက်ဦး ကျဆုံးသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် အရပ်သား ၁၅၁ ဦးသေဆုံးပြီး ၃၈၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း ၎င်းအစီရင်ခံစာတွင်ဖော်ပြသည်။
ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးဝပ်ဆိုက် ပုံစာ- ပြီးခဲ့သည့် မတ်လတွင် AA အဖွဲ့ထံမှ တပ်မတော်် သိမ်းဆည်းရမိသည့် လက်နက်များကိုတွေ့ရစ်
#Dailynews