ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၅ (မော်ကွန်း)
စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို လုံခြုံရေးအကူအညီပေးသွားမယ်လို့ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလိုထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
“နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြည့် ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေရန် အထူးအလေးထား ကူညီဆောင်ရွက်သွားပါမည်” လို့ BGF တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကရင်ဝါရင့်တော်လှန်ရေးတပ် ကရင်အမျိုးသားအစည်း (KNU) ဗဟိုကတော့ စစ်ကော်မရှင် ကျင်ပးပမယ့်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ပြည်သူတွေလည်း အကြမ်းမဖက်တဲ့နည်းတဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ ထုတ်ပြန်ထားပေမယ့် KNU နဲ့ ဆန့်ကျင်တဲ့ သဘောထားကို BGF တပ်ဘက်က ထုတ်ပြန်လာတာပါ။
KNU အနေနဲ့ ၎င်းတို့ရဲ့ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာဆိုရင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းလိုက်ဖြစ်စေ ကူညီပံ့ပိုးတာ၊ ပူးပေါင်းပါဝင်တာမပြုလုပ်ကြဖို့နဲ့ မလိုက်နာရင် ကော်သူးလေဥပဒေနဲ့ ထိရောက်စွာအရေးယူမယ်လို့ အသိပေးထားတာပါ။
စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာထားပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီးမြို့တွေမှာ ကနဦး ကျင်းပမယ်လို့ ထုတ်ပြန်ထားတာပါ။
ကရင်ပြည်နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအနက် စစ်ကော်မရှင်တပ်တွေ အပြည့်အဝထိန်းချုပ်ထားတဲ့ ဘားအံနဲ့ သံတောင်ကြီးမြို့တွေမှာတော့ ကျင်းပဖို့ အခက်အခဲမရှိနိုင်ပေမယ့် မြဝတီမြို့မှာတော့ ရွေးကောက်ပွဲလုပ်ဖို့ နယ်ခြားစောင့်တပ် (BGF)တွေရဲ့ အကူအညီလိုအပ်တယ်လို့ ဒေသတွင်း စစ်ရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
ကရင်ပြည်နယ်ထဲမှာ စစ်ကော်မရှင်နဲ့ KNU ရဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ လက်ရှိမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းတစ်လျှောက် တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒါ့ပြင် အာရှလမ်းမကြီးကို ထိန်းချုပ်ဖို့ အဓိကျတဲ့ သင်္ကန်းညီနောင်ကိုလည်း ဒီရက်ပိုင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်လာတာကြောင့် ဒီဒေသက ခြေကုပ်နေရာတချို့ကို တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးထားရပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ခွဲထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ၂၀၀၉ မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ မြဝတီမြို့ကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လပိုင်းမှာတော့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကော်မရှင်ပေးတဲ့ လစာနဲ့ ရိက္ခာကို မယူတော့ဘဲ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး သီးခြားရပ်တည်မယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
ပုံစာ – ပြီးခဲ့တဲ့နှစ်နှစ်က အာဏာသိမ်းစစ်ခေါင်းဆောင်ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ရယူနေတဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ
ဓါတ်ပုံ – MoI

