မြစ်တစ်စင်း၏ ဈာပန

ဝါးဘလောက်သောက် (ဇွန်၊ ၂ဝ၁၇)

ကော့မှူးမြို့နယ်ထဲက ၁ဝ ပေသာသာမြောင်းလေးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ဝန်းကျင်လောက်ကမြစ်တွင်းသွား ခရီးသည်တင်သင်္ဘောကြီးတစ်စင်း နစ်မြုပ်ခဲ့ဖူးတယ်လို့ ဒီနေ့လိုအချိန်မှာပြောလာခဲ့ရင် ယုံတမ်းစကားလို့ မထင်လိုက်ပါနဲ့။

အဲဒီမြောင်းငယ်လေးဟာ တစ်ချိန်က ရန်ကုန်မြစ်ကမ်းဘေး သခွတ်ပင်ရွာကစလို့ အနောက်တောင်ဘက်ကို စီးဆင်းပြီးကွမ်းခြံကုန်းမြို့နယ်ထဲကနေ တိုးမြစ်ဝထဲကို စီးဆင်းခဲ့တဲ့ ဝါးဘလောက်သောက်မြစ် ဖြစ်ခဲ့ဖူးလို့ပါပဲ။

၁၉၆၈၊ နိုဝင်ဘာလတုန်းက ဝါးဘလောက်သောက် ကျေးရွာသား ဦးစိုးမြင့်ဟာ သူ့ညီမနဲ့အတူ ရန်ကုန်ကနေ သူနေထိုင်ရာကျေးရွာကို လူတစ်ရာကျော် တင်ဆောင်လာတဲ့ ‘သဇင်’အမည်ရမြစ်တွင်းသွားတစ်ထပ်သင်္ဘောကြီးနဲ့ လိုက်ပါလာပါတယ်။ သူ့ရွာနား ရောက်ခါနီး သုံးလေးမိုင်အလိုမှာတော့ ဒီရေကျသွားပြီးသင်္ဘော သောင်တင်သွားပါတယ်။ ဒီရေပြန်အတက်နဲ့အတူပါလာတဲ့ လှိုင်းလုံးကြီးတွေက သောင်တင်နေတဲ့သင်္ဘောကိုတွန်းလှဲသလို ဖြစ်သွားပြီး တိမ်းမှောက်ခဲ့ပါတယ်။

Photo- Aung Phay Kyi Soe

ဦးစိုးမြင့်လည်း မြစ်ထဲပြုတ်ကျသွားပါတယ်။ မြစ်ကြမ်းပြင်ကို ခြေထောက်နဲ့တွန်းကန်ပြီး ရေပေါ်ကိုပြန်တက်လာတဲ့အခါတိမ်းစောင်းနေတဲ့ သင်္ဘောကြီးကို တွေ့လိုက်ရပါတော့တယ်။တိမ်းစောင်းနေတဲ့ သင်္ဘောကုန်းပတ်ပေါင်ကို ကိုင်ထားပြီး အော်ဟစ်အကူညီတောင်းနေတဲ့ လူတွေကြားမှာ သူ့ညီမကို တွေ့လိုက်တာကြောင့် ညီမကိုပါ သွားကယ်တင်ရပါတော့တယ်။

ကုန်းပေါ်ရောက်တဲ့အခါမှာတော့ ”အတွင်းခံဘောင်းဘီပဲရှိတော့တယ်။ အဲဒီနားက လယ်တဲတစ်ခုက လုံချည်ငှားပြီး ရွာကိုပြန်ရတယ်”လို့ ဦးစိုးမြင့်က ဝါးဘလောက်သောက်မြစ်ထဲသင်္ဘောမှောက်စဉ်က အတွေ့အကြုံကို ပြန်ပြောပြတယ်။

ယခင်က ဝါးဘလောက်သောက်မြစ်ကတစ်ဆင့် ပုသိမ်မြို့အထိ ရေလမ်းခရီးနဲ့ သွားလို့ရတာကြောင့် ဒေသခံတွေက ‘ပုသိမ်မြစ်’လို့လည်း အရပ်အခေါ် ခေါ်ဝေါ်ခဲ့ကြပေမယ့် ဒီနေ့အချိန်မှာတော့ လှေတစ်စင်းတောင် သွားလို့မရတော့ပါဘူး။

လူတွေရဲ့ပယောဂတွေကြောင့်ရော ပြုပြင်ထိန်းသိမ်းမှုမရှိခဲ့တာကြောင့်ပါ ဝါးဘလောက်သောက်မြစ်ကောသွားသလို မြန်မာနိုင်ငံက အခြားမြစ်တွေကိုလည်း အချိန်မီမထိန်းသိမ်းနိုင်လျှင်ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ မြစ်ချောင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

လူ့ပယောဂဆိုတာ မြစ်ရေကို အလွန်အကျွံအသုံးချပြီးစိုက်ပျိုးရေးလုပ်တာတွေ၊ မြစ်လမ်းကြောင်းကိုပိတ်ပြီး ငါးဖမ်းဆီးတာတွေ၊ မြစ်ထဲ အမှိုက်နဲ့ အညစ်အကြေးတွေ စွန့်ပစ်တာတွေနဲ့ မြစ်ကြောင်းကို ထိန်းသိမ်းမှုမရှိခဲ့တာတွေကို ဆိုလိုတယ်လို့ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနက ပါမောက္ခဌာနမှူးဒေါက်တာထွန်းကိုက သုံးသပ်ပါတယ်။

”ဒီမြစ်(ဝါးဘလောက်သောက်) ကြီး ဘာကြောင့် လျင်မြန်စွာ ကောသွားလဲဆိုတော့ လူတွေကြောင့်ပဲ”လို့ သူက ဆိုပါတယ်။

ယနေ့အချိန်မှာတော့ ဝါးဘလောက်သောက်မြစ်ဟာ ရန်ကုန်မြစ်ကနေ စပြီး ခွဲထွက်လာတဲ့ သခွတ်ပင်ရွာကနေ နှစ်မိုင်ခွဲကျော်မှာရှိတဲ့ ကမာကနီးကျေးရွာလောက်အထိသာ ၁၅ ပေခန့်အကျယ်ရှိတဲ့ ချောင်းရိုးလေးအဖြစ် ကျန်ရှိနေခဲ့ပြီး ဒေသခံတွေက သခွပ်ပင်ချောင်းလို့ ခေါ် ကြပါတယ်။ ကမာကနီးကျေးရွာကျော်လာတဲ့အခါမှာတော့ ချောင်းဟာ ကွယ်ပျောက်သွားပြီးမြေပြင်အတိသာ ဖြစ်သွားတာ တွေ့ရပါတယ်။

ကမာကနီးကျေးရွာကနေ အနောက်တောင်ဘက်ကိုဆက်သွားတဲ့အခါ ဝါးဘလောက်သောက်ကျေးရွာ တည်ရှိပါတယ်။ အဲဒီရွာကို အစွဲပြုပြီး ဝါးဘလောက်သောက်မြစ်လို့ ခေါ်ကြတာပါ။ ဝါးဘလောက်သောက်ကျေးရွာကနေ အနောက်တောင်ဘက်ကို ဆက်သွားတဲ့အခါ တိုးမြစ်ဝဘက်ကိုမရောက်ခင်သုံးမိုင်ခွဲလောက်မှာ ပြန်လည်စတင်ပြီး ၁၅ပေခန့် အကျယ်ရှိတဲ့ချောင်းရိုးလေးအဖြစ် ပြန်လည်ပေါ်ပေါက်လာပါတယ်။ ယခင်တည်ရှိခဲ့တဲ့ မြစ်တစ်ခုလုံး အစအဆုံးအရှည်ဟာ မြေပုံပေါ်မှာတွက်ချက်မှုအရ မိုင် ၃ဝ ခန့်ရှိပါတယ်။

ရန်ကုန်မြို့ကနေ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ရေကြောင်းနဲ့ သွားလာရတဲ့ အဝင်လမ်းကြောင်းသုံးခုရှိခဲ့ပြီး အဲဒီဝင်ပေါက်တွေကတော့ တွံတေးတူးမြောင်း၊ ပန်းလှိုင်မြစ်နဲ့ ဝါးဘလောက်သောက်မြစ်တွေပဲဖြစ်တယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးစိန်ထွန်းက ပြောပြပါတယ်။ ယနေ့ခေတ်မှာတော့ပန်းလှိုင်မြစ်ဟာလည်း ကောတဲ့အဆင့်ဖြစ်နေပြီး တွံတေးတူးမြောင်းတစ်ခုပဲ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြစ်၊ ချောင်းတွေ အရေအတွက်နဲ့ကောလာတဲ့မြစ်၊ ချောင်းတွေရဲ့ အရေအတွက်ကို ပထဝီဝင်ဌာနနဲ့ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က စာရင်းပြုစုထားတာမရှိသေးပါဘူး။ အဓိကမြစ်ကြီးလေးခုဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်းမြစ်တွေကိုပဲမှတ်တမ်းတင်ထားနိုင်ပါသေးတယ်။

Photo- Aung Phay Kyi Soe                    ဒလမှ နှစ်ဆယ်မိုင် တစ်ဖိုင်လုံအကွာ ဒလ-လက်ခုပ်ကုန်း ကားလမ်းဘေးရှိ ဝါးဘလောက်သောက်မြစ် မြင်ကွင်း

မြစ် ဘာကြောင့်ကော

မြစ်တွေရဲ့ လမ်းကြောင်းပုံစံတွေကို လက်ယှက်ထိုးစီးကြောင်း၊ အဖြောင့်သွားစီးကြောင်းနဲ့ ကွေ့ကောက်သော စီးကြောင်းဆိုပြီး သုံးမျိုးသတ်မှတ်ထားတယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက သတ်မှတ်ထားပါတယ်။ လက်ယှက်ထိုးမြစ်စီးကြောင်းကတော့ ကျန်တဲ့ စီးကြောင်းတွေထက် အနည်ပို့ချနှုန်း ပိုများတာကြောင့် မြစ်ကောတွေ ဖြစ်လာရတယ်လို့မြစ်ကြောင်းထိန်းသိမ်းရေးပညာရှင်ဦးစိန်ထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဝါးဘလောက်သောက်မြစ် ကောသွားရတဲ့အကြောင်းရင်းဟာ လက်ယှက်ထိုးမြစ်စီးကြောင်းကြောင့်မဟုတ်ဘဲ မြစ်ရဲ့ ရေစီးရေလာ မကောင်းတဲ့အတွက် နုန်းမြေတွေအလျင်အမြန်အနည်ပို့ချတာနဲ့ မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းတာကြောင့် ကောသွားရတာလို့ သူက သုံးသပ်ပါတယ်။

မြစ်ချောင်းများ၏ ဘူမိရုပ်သွင်ပညာရှင်၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)ဒေါက်တာမောင်မောင်အေးက မြစ်တစ်စင်းဟာ မူလဆောင်ရွက်နေကျလုပ်ငန်း တာဝန်သုံးခုဖြစ်တဲ့ တိုက်စားခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ နုန်းပို့ချခြင်းတွေကိုမဆောင်ရွက်နိုင်တော့တဲ့အခါ ကောလာနိုင်တယ်လု့ိ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ သူဟာ လက်ရှိ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ(Myanmar Environment Institute) မှာ နာယကနဲ့ အဓိကအကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီရဲ့ အချိန်ပြည့် အကြံပေးအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

မြစ်တစ်စင်းမှာအခြေခံအားဖြင့် စီးဆင်းနိုင်ဖို့ ချိုင့်၊ ဆင်ခြေလျှော၊ ရေစီးဆင်းဖို့လမ်းကြောင်း၊ ရေနဲ့အနည် စတဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ လိုအပ်ပြီး အဲဒီအချက်တွေ မပြည့်စုံတော့ဘူးဆိုရင်သူရဲ့ မူလလုပ်ငန်းဆောင်ရွက်မှု အားနည်းလာပြီး မြစ်လမ်းကြောင်းကျဉ်းလာတာ၊ ရေအနက်တိမ်လာတာနဲ့ အနည်ပို့ချမှုများလာတာတွေကို ကြုံတွေ့လာရမယ်လို့ ၎င်းက ဆိုပါတယ်။

”ရေစီးဆင်းရာလမ်းကြောင်း (Channel) ကလည်း ရှိတယ်။ ဒါပေမဲ့ တသွင်သွင်စီးဆင်းမှုမရှိဘူး။ အဲဒီလိုမျိုးဖြစ်နေလို့သူ့ကို ကောတဲ့မြစ်လို့ ပြောလို့ရပါတယ်”လို့ သူက သုံးသပ်ပါတယ်။

မြစ်အနီးမှာ နေထိုင်တဲ့သူတွေ မြစ်ထဲကို အညစ်အကြေးနဲ့အမှိုက်တွေ စွန့်ပစ်နေတာ၊ လှေသမ္ဗန်တွေ သွားလာနိုင်အောင်တူးမြောင်းငယ်တွေကို ကိုယ်ဖောက်ချင်သလိုဖောက်လုပ်ကြတာနဲ့ မြစ်ချောင်းတွေပေါတဲ့နေရာတွေမှာ လမ်းတွေ ဖောက်လုပ်တာကြောင့် မြစ်၊ ချောင်းတွေရဲ့ ရေစီးရေလာကိုပြောင်းလဲစေပြီးပျက်စီးသွားစေတာဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ ပါမောက္ခဌာနမှူးဒေါက်တာထွန်းကိုက ”ကျွန်တော်တို့နိုင်ငံကမြစ်၊ချောင်းအင်မတန်ပေါများတဲ့နိုင်ငံပါ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ၊ လူမျိုးရဲ့ဓလေ့စရိုက်က မြစ်၊ ချောင်းကို ဘယ်လိုမြင်လဲဆိုတော့ အညစ်အကြေးစွန့်တဲ့နေရာ၊ မကောင်းတဲ့နေရာလ့ိုပဲ မြင်ကြတယ်။ အဲဒီ အမြင်ကို ပြောင်းဖို့တော့လိုပါတယ်”လို့ သုံးသပ်ပါတယ်။

ဒေါက်တာထွန်းကိုဟာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲက ဝါးရခိုင်မြစ်ရဲ့ ပထဝီရုပ်သွင် အခြေအနေကို ၂ဝ၁၆ က ကွင်းဆင်းလေ့လာခဲ့ပါတယ်။ မြစ်ရေဟာ လူတွေစွန့်ပစ်တဲ့ အညစ်အကြေးတွေကြောင့် မည်းညစ်နေပြီး ရေထဲမှာအောက်ဆီဂျင်ပါဝင်မှု မရှိတော့တာကြောင့် မြစ်ကြမ်းပြင်က နုန်းတွေဟာ ပြာနေပြီး မကြာခင် မြစ်ကောလာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လယ်ယာချဲ့ထွင်တာတွေနဲ့ မြို့ပြလူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာတာတွေကြောင့် မြေအသုံးချမှုပုံစံ ပြောင်းလဲသွားတာတွေကလည်း မြစ်ချောင်းတွေကို ကောလာနိုင်စေတယ်လို့ ဆိုပါတယ်။

 ဝါးဘလောက်သောက်မြစ် ယခင်မြစ်ကြောင်းတည်ရှိပုံနှင့် ယခုမြစ်ကောသွားသည့် အခြေအနေပြပုံ

နောက်တစ်ချက်က စိုက်ပျိုးရေးမှာ ဓာတ်မြေသြဇာတွေအလွန်အကျွံသုံးစွဲတာတွေကလည်းမြစ်ကြောင်းတွေကို ကောစေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးမြေတွေက ထွက်ရှိလာတဲ့ ဓာတ်မြေသြဇာအကြွင်းအကျန်တွေဟာမြစ်ရေကို ပြန်လည်သန့်စင်ပေးတဲ့ အပင်မွှားလေးတွေ (Phytoplankton)နဲ့ အကောင်မွှားလေးတွေ (Zooplankton) တွေကို သေဆုံးစေပါတယ်။ အပင်မွှားနဲ့ အကောင်မွှားလေးတွေ သေဆုံးသွားတဲ့အခါ မြစ်ရေတွင်းရှိတဲ့ အောက်ဆီဂျင်နည်းပါးလာပြီး မြစ်ကောတာတွေ စတင်လာတယ်လို့ ဒေါက်တာမောင်မောင်အေးက ရှင်းပြပါတယ်။

”အခြေခံအကျဆုံးဖြစ်တဲ့ ဒီသက်ရှိလေးတွေ မရှင်သန်နိုင်တဲ့မြစ်ရေ၊ ချောင်းရေဖြစ်နေပြီဆိုရင် ဇီဝဗေဒနည်းအရ မြစ်က သေသွားပြီ”လို့ ဒေါက်တာမောင်မောင်အေးက မော်ကွန်းကိုရှင်းပြပါတယ်။

”လူတွေရဲ့ လူမှုစီးပွားရေး လုပ်ဆောင်ချက်တွေကြောင့်အခုလို အရည်အသွေး လျော့နည်းကျဆင်းမှုက ခပ်မြန်မြန် ဖြစ်ပေါ်လာတာပါ။ ပုံမှန်နှုန်းနဲ့ အရည်အသွေးကျဆင်းတာ မဟုတ်ဘဲနဲ့ လျင်မြန်တဲ့နှုန်းနဲ့ မြစ်ရဲ့ အရည်အသွေးကျဆင်းတာပါ”လို့သူက ဆက်ပြောတယ်။

ဝါးဘလောက်သောက်ရွာသား အသက် ၇၉ နှစ်ရှိ ဦးအေးကျော်ကတော့ လယ်မြေတွေထဲကို ရေငန်နဲ့ ရေဆိုးတွေ မဝင်ရောက်အောင်ဆိုပြီး မြစ်အတွင်းကို စီးဝင်တဲ့ ချောင်းလက်တက်၁ဝ ခုလောက်ကို ဆည်မြောင်းဦးစီးဌာနက ပိတ်ပစ်လိုက်တာကြောင့် မြစ်ကောခဲ့ရတာဖြစ်တယ်လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောပြတယ်။

တချို့ဒေသခံတွေကလည်း ဝါးဘလောက်သောက်မြစ်အလျင်အမြန်ကောသွားတာဟာ ပင်လယ်ဒီရေနဲ့ပါလာတဲ့ နုန်းမြေတွေ ပို့ချတာနဲ့အတူ မြစ်ဝနှစ်ခုက ဝင်ရောက်လာတဲ့ ဒီလှိုင်းတွေ ဆုံတွေ့တဲ့ ဒီဆိုင်တွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။ (ဒီဆိုင်ဆိုတာ မြစ်ဝတစ်ဖက်က တက်လာတဲ့ ဒီလှိုင်းနဲ့ တခြားမြစ်ဝတစ်ဖက်က တက်လာတဲ့ ဒီလှိုင်းနှစ်ခု မြစ်ရဲ့ တစ်နေရာမှာ ဆုံတွေ့ဖြစ်ပြီး နုန်းများ အနည်ထိုင်သွားတဲ့နေရာကိုဆိုတာပါ။)

၁၉၈၈ ဝန်းကျင်မှာ ဝါးဘလောက်သောက်မြစ်အတွင်းလှေငယ်တွေ သွားလာနိုင်သေးပေမယ့် ၁၉၉ဝ နောက်ပိုင်းမှာတော့ လှေငယ်တွေတောင် ဝင်ထွက်မရတော့ဘဲ လုံးဝကောသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

မြစ်တစ်စင်းရဲ့ လူမှုစီးပွား

ဝါးဘလောက်သောက်မြစ်မကောခင်က အကျယ် ပေ၃ဝဝ လောက်ရှိပြီး ၁၆ တောင်လောက် အနက်ရှိခဲ့တာကြောင့်သွားလာရေးနဲ့ ရေလုပ်ငန်း ကောင်းမွန်တယ်လို့ဆိုပါတယ်။ ထွက်ရှိလာတဲ့ ငါး၊ ပုစွန်တွေကို ရန်ကုန်မြို့ကိုတောင် တင်ပို့ရောင်းချခဲ့ကြတယ်လို့ ဝါးဘလောက်သောက်မြစ် စတင်စီးဆင်းတဲ့သခွတ်ပင်ကျေးရွာမှ အသက် ၆၆ နှစ်ရှိ ဦးစိန်ရှင်က ပြောပြပါတယ်။

”ဒီမြစ်ကြီးရှိနေရင် ကိုယ့်အတွက်စားရေးသောက်ရေး မပူရဘူးလို့ ယူဆထားကြတာ”လို့ သူ့အမြင်ကိုပြောပြတယ်။

ဝါးဘလောက်သောက်မြစ်ကို ဖြတ်သန်းပြီး ရန်ကုန်ကနေကွမ်းခြံကုန်းကိုလည်း နှစ်ထပ်သင်္ဘောတွေနဲ့ ပြေးဆွဲခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ်။

တင်မိုးနိုင်၊ သဇင်၊ ဝင်းနိုင်ကြီး၊ မိဘမေတ္တာ၊ ဇေယျာညွန့်စတဲ့ ပုဂ္ဂလိကပိုင် တစ်ထပ်သင်္ဘောတွေက ဝါးဘလောက်သောက်မြစ်မကောမီ အများဆုံး ပြေးဆွဲပေးခဲ့တဲ့ သင်္ဘောတွေဖြစ်တယ်လို့ဒေသခံတွေက ဆိုပါတယ်။

မြစ်ရှိခဲ့တုန်းက ဒေသခံ ၈ဝ ရာခိုင်နှုန်းလောက်ဟာ မြစ်ကိုမှီခိုပြီး လယ်ယာ၊ ရေလုပ်ငန်းနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။

မြစ်ကောသွားတဲ့အခါ မြစ်ကိုမှီပြီး လုပ်ငန်းတည်ထောင်ခဲ့သူတွေ စီးပွားရေးရပ်တန့်ခဲ့လို့ အခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေကိုလည်း ပြောင်းလဲခဲ့ရပါတယ်။ အရင်က ရန်ကုန်မြို့ကိုတောင် ငါး၊ပုစွန်တွေ တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ တခြားဒေသကပါပြန်လည်ဝယ်ယူရတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

”ဒီမြစ်ကြီး ကောလာတဲ့အခါကျတော့ လုပ်ကိုင်စားသောက်ရတာတွေက ကျပ်လာတယ်ပေါ့။ ဆိုးကျိုးနစ်နာမှုကတော့ ကျွန်တော်တို့ ဒီမြစ်ထဲမှာ လုပ်စားလို့ မရတော့ဘူး။ ရန်ကုန်မြစ်ဝကိုထွက်ပြီးတော့ မျှောပိုက်လောက်ပဲ လုပ်စားလို့ရတော့တာပေါ့”လို့ အသက် ၂ဝ အရွယ်ကတည်းက တံငါသည်အဖြစ် အသက်မွေးလာတဲ့ ဦးစိန်ရှင်က ညည်းတွားပါတယ်။

Photo-Aung Phay Kyi Soe          ဝါးဘလောက်သောက်ကျေးရွာရှိ မြစ်အတွင်း လက်ရှိတည်ဆောက်ထားသည့် လူနေအိမ်များ

ဒါ့အပြင် ငွေကြေးကုန်ကျမှုတွေ သက်သာလို့ ရေကြောင်းကို အားကိုးပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ဒေသခံတွေမှာလည်း မြစ်ကောလာတာကြောင့် များစွာထိခိုက်ခဲ့တဲ့အပြင် မိုးတွင်းကာလတွေမှာ ရေကြီးရေလျှံမှုတွေကြုံလာရတယ်လို့ ဆိုပါတယ်။

ဒေသခံလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့နည်းတူ ကောခါနီးမြစ်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုအဖြစ် မြစ်အရည်အသွေးကျဆင်းတာတွေကလည်း လူတွေကို ထိခိုက်စေပါတယ်။

ဇီဝဖြစ်စဉ်သေဆုံးနေတဲ့ မြစ်ထဲက ရေသတ္တဝါတွေကို လူတွေစားမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်လို့ ဒေါက်တာထွန်းကိုက ဆိုပါတယ်။

”မြစ်ကျန်းမာရေးထိခိုက်တာက ကျွန်တော်တို့ လူသားတွေကိုပါ အကုန်ထိတာပဲ။ အခုအချိန်မှာ တောရောမြို့ပါ ရေကိုသာ သန့်စင်အောင်လုပ်နိုင်ပြီးရေသန့်ကိုသုံးစွဲနေပေမယ့် ရေထဲက ငါးတွေ၊ ပုစွန်တွေကို သန့်အောင် ထိန်းလို့ မရသေးဘူး”လို့၎င်းက ပြောပါတယ်။

ဒါ့အပြင် ကောလုဆဲဆဲမြစ်တွေကြောင့်လည်း ရေကြီးရေလျှံမှုတွေ ဖြစ်လာပါတယ်။ အခုဆိုရင်မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ ယခင်က မဖြစ်ဖူးခဲ့တဲ့ ရေကြီးရေလျှံမှုတွေဟာမြစ်ကြောင်းထိန်းသိမ်းမှု အားနည်းတာတွေကြောင့် ဖြစ်တယ်လို့ဒေါက်တာထွန်းကိုက ထောက်ပြပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးလေးခုအနက်ရေကြောင်းနှင့် အဓိက သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေတဲ့ ဧရာဝတီနဲ့ချင်းတွင်းမြစ်နှစ်ခုမှာပဲမြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်နေရတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ထွန်းက မော်ကွန်းကို ရှင်းပြပါတယ်။

အခုလိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း သင်္ဘောတွေသွားလာနိုင်အောင် ရေလမ်းကြောင်းနက်အောင်နဲ့ မြစ်ကမ်းပါးပြိုကျမှုမဖြစ်အောင် ကာကွယ်တားဆီးတာလောက်ပဲ လုပ်နိုင်တာပါ။

မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ရေလမ်းကြောင်းကောင်းမွန်စေဖို့ သောင်တူးတဲ့လုပ်ငန်းကို ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်ရပြီးမြစ်ကမ်းပါး ပြုပြင်ထိန်းသိမ်းရတဲ့ လုပ်ငန်းတွေကိုတော့ တိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်နေရတယ်လို့ရန်ကုန်တိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူးက မော်ကွန်းကို ရှင်းပြပါတယ်။

နိုင်ငံရဲ့ ဘတ်ဂျက်အနေအထားအရ အခြားအရေးကြီးကဏ္ဍတွေ ရှိနေတာကြောင့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေအတွက် လိုသလောက် ဘတ်ဂျက်မရဘူးလို့ သူက ဆိုပါတယ်။

Source-ရန်ကုန်တိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သူတို့ဌာနအနေနဲ့ မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးတွေလုပ်တဲ့နေရာမှာ လတ်တလော ကမ်းပြိုနေတဲ့နေရာတွေကို ပိုဦးစားပေးနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပန်းလှိုင်မြစ်ဟာလည်းမြစ်ကောတစ်ခုဖြစ်နေပြီး ငမိုးရိပ်ချောင်းဟာလည်း အနည်းငယ်ကောစပြုလာတဲ့အခြေအနေဖြစ်နေသလို ကျောက်တန်းမြို့နယ်ထဲက မှော်ဝန်းချောင်းဟာလည်း မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ သူက သုံးသပ်ထားပါတယ်။

ပန်းလှိုင်မြစ်ဘေးက စက်ရုံဧရိယာတိုးချဲ့လာတာတွေကိုအရေးယူစိစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး ငမိုးရိပ်ချောင်းရဲ့နုန်းပို့ချမှု အခြေအနေတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ လေ့လာမှုတွေလည်း ပြုလုပ်နေပြီလို့ဆိုပါတယ်။ ဘာကြောင့် ဝါးဘလောက်သောက်မြစ် ကောသွားရတာလဲ ဆိုတာကိုပါ လေ့လာမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

 မြစ်များကို ဥပေက္ခာပြုထားသောအခါ

ဘတ်ဂျက်အလုံအလောက်မရှိတာနဲ့ အချိန်ကိုက်မဆောင်ရွက်နိုင်ခဲ့တာတွေကြောင့် မြစ်တွေရဲ့ ကျန်းမာရေးထိခိုက်လာရတယ်လို့ ဒေါက်တာမောင်မောင်အေးက သုံးသပ်ပါတယ်။

မြစ်ချောင်းတွေ ပြန်လည်တူးဖော်ရခြင်းဟာ ငွေကြေးအမြောက်အမြားကုန်ကျတာကြောင့် မြစ်ဝှမ်းတွေ ပြုပြင်ထိန်းသိမ်းတာနဲ့ ရေကြီးရေလျှံမှုမဖြစ်အောင် ရေအရင်းအမြစ်စီမံ ခန့်ခွဲမှုတွေကို အမြော်အမြင်ရှိရှိနဲ့ ကြိုတင်ပြင်ဆင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။

”ရေကိုကောင်းစွာ စီမံအုပ်ချုပ်ဖို့ မပြုလုပ်ရင်၊ စီမံအုပ်ချုပ်မှု ပြုလုပ်သော်လည်း အားနည်းရင်၊ အားမနာတမ်းပြောရရင် ရေအရင်းအမြစ် စီမံခန့်ခွဲမှု ညံ့ဖျင်းရင်၊ လုံးဝမရှိရင် ရေအရင်းအမြစ်တွေ လျော့နည်းမယ်၊ မြစ်ချောင်းတွေ ပျက်စီးလာမယ်”လို့ဒေါက်တာမောင်မောင်အေးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးဦးအောင်ကျော်မှူးက မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာတက္ကသိုလ်တွေဟာ နည်းပညာအသစ်ပိုင်း၊ သီအိုရီအပိုင်းမှာ ပိုမို အကျွမ်းတဝင်ရှိပေမယ့် လက်တွေ့ဆောင်ရွက်နေရတဲ့ သက်ဆိုင်ရာဌာနများနဲ့ ချိတ်ဆက်မှုတွေမှာအရမ်းအားနည်းနေတယ်လို့ ဝေဖန်ထားပါတယ်။

Photo- Aung Phay Kyi Soe     ရန်ကုန်မြစ်ကမ်းဘေး သခွတ်ပင်ကျေးရွာအနီးမှ စတင်ဖြတ်သန်းစီးဆင်းနေသည့် ဝါးဘလောက်သောက်(သခွတ်ပင်) မြစ်

”သူတို့ဘက်(တက္ကသိုလ်)က အသိပညာနဲ့ ဒီဘက် (ဌာနဆိုင်ရာ)က အတွေ့အကြုံတွေ ပေါင်းစပ်လိုက်မှ ပြဿနာကဘာ၊လုပ်သင့်တာက ဘာ၊ ဒါမျိုးသုတေသနတွေက ဘာလုပ်သင့်ပါတယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်လာပြီဆိုရင် လူကြီးတွေကိုအဆင့်ဆင့် တင်ပြပြီးတဲ့အခါ တကယ်နည်းစနစ်ကျနတဲ့ Master Plan တွေပေါ်ပေါက်လာမယ်”လို့ သူက မှတ်ချက်ပြုထားပါတယ်။

မြစ်ချောင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေဟာကိုယ့်ဌာနအလိုက် လုပ်ငန်းတွေသာ ဆောင်ရွက်နေပေမယ့်အခြားသက်ဆိုင်ရာ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကလည်း မြစ်ချောင်းတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

မြစ်ချောင်းတွေအတွင်းမှာ တံတားတည်ဆောက်တာ၊ မြစ်ကမ်းနားတွေမှာ လူနေထိုင်ဖို့မြေနေရာပေးတဲ့အခါ၊ ချောင်းဖျားမှာ ဆည်တမံတွေ ပြုပြင်တည်ဆောက်တဲ့အခါ သက်ဆိုင်ရာဌာနတွေဖြစ်တဲ့ စည်ပင်၊ ဆောက်လုပ်ရေး၊ ဆည်မြောင်းဌာနနဲ့ ရေအရင်းအမြစ်ဌာနတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကို ထောက်ပြပါတယ်။

မည်သည့်ဌာနမဆို မိမိတို့ဌာနနဲ့ ကိုက်ညီမယ့် လုပ်ငန်းတွေကို အကောင်အထည်ဖော်တာတွေ ရှိပေမယ့် အခြားတစ်ဖက်မှာဘေးထွက်ဆိုးကျိုး (Impact) တွေ ဖြစ်သွားပြီဆိုရင် ရေရှည်တည်တံ့စေတဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)မဟုတ်တော့ဘူးလို့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူးကပြောပါတယ်။

ဒေါက်တာထွန်းကိုကလည်း လက်ရှိမှာ မြစ်ချောင်းတွေနဲ့ပတ်သက်လို့ အဓိက ဆောင်ရွက်ပေးနေတဲ့ ဌာနဟာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတစ်ခုတည်းသာ ရှိတာကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်မှာလည်း မြစ်ချောင်းတွေနဲ့ပတ်သက်ပြီး အခန်းကဏ္ဍ (Sector) တစ်ခု ထည့်သွင်းဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

”သစ်ပင်တွေ ပြုန်းသွားတာက မြင်ရပေမယ့် မြစ်ကြီးကောတာ ချက်ချင်းကြီးမှ မတွေ့ရတာ။ ကျွန်တော်တို့ကပြဿနာရဲ့ နောက်ကို နောက်က လိုက်တာ၊ ပြဿနာရဲ့ ဇာစ်မြစ်ကို မလိုက်ဘူး ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

Photo- Aung Phay Kyi Soe      အစိုးရသစ်လက်ထက်တွင် ဒလ-လက်ခုပ်ကုန်း မိုင်တိုင် ၃၄ရှိ ကော့ဒွန်းကျေးရွာအစပ် ဝါးဘလောက်မြစ်ကြောင်း ဟောင်းပေါ် တူးဖေါ်ပေးထားသည့် တူးမြောင်း

ဝါးဘလောက်သောက်မြစ်က ကောနိုင်ခြေရှိတဲ့အတွက်ပြန်လည်တူးပေးဖို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာတုန်းက ဒေသပါတီဥက္ကဋ္ဌဆီကို ဝါးဘလောက်သောက်ကျေးရွာဒေသခံ ဦးအေးကျော်က တင်ပြခဲ့ဖူးပေမယ့် ”တူးလည်းကောမှာပဲ။ ဘတ်ဂျက်မတတ်နိုင်ဘူးလို့ ပြန်ဖြေသွားတယ်”လို့ပြောပါတယ်။

ကွမ်းခြံကုန်းဒေသခံတွေက စိုက်ပျိုးရေးအတွက် ရေလိုအပ်တာကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့လို့ ယခုနှစ် မတ်လဆန်းကစပြီး ဝါးဘလောက်သောက်မြစ်ကြောင်းဟောင်းအတိုင်း တူးမြောင်းတစ်ခုကို တိုင်းဒေသကြီးအစိုးရက စီစဉ်ပြီး တူးပေးခဲ့တယ်လို့ကော့ဒွန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ရှိန်က ပြောပါတယ်။

ဒီတူးမြောင်းဟာ ကွမ်းခြံကုန်းမြို့နယ်၊ မြိုင်သာယာရွာ၊ပုသိမ်မြစ်(သခွတ်)ဟောင်းက ဒလ-ကော့ဒွန်းကျေးရွာအစပ်ထိအကျယ်ပေ ၄ဝ၊ အနက်ခြောက်ပေနဲ့ ခြောက်မိုင်ကျော်ရှည်ပြီးမြစ်တစ်ခုလုံးအရှည်ရဲ့ ငါးပုံတစ်ပုံခန့် ရှိပါတယ်။

‘သဇင်’သင်္ဘောမြုပ်ခဲ့တဲ့နေရာကို ဝါးဘလောက်သောက်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ဦးအေးကျော်က ဆိုင်ကယ်နဲ့လိုက်ပို့တယ်။

”အရင်မြစ်ပြင်ပေါ်ကနေ ဆိုင်ကယ်နဲ့ ဖြတ်မောင်းနေတာ”လို့ သူက ပြောပြပြီး ဝါးဘလောက်သောက်မြစ်နဲ့ ပတ်သက်ပြီး သူသိမီခဲ့သမျှ လမ်းတစ်လျှောက် ပြောပြလာတယ်။

ဦးစိုးမြင့်တို့မောင်နှမနှစ်ယောက် သေကံမရောက် သက်မပျောက် ကူးခတ်ခဲ့ရတဲ့ မြစ်ပြင်ကျယ်ကြီးနေရာဟာ အခုအချိန်မှာတော့ ရွှံ့ရေတွေနဲ့ ငြိမ်သက်နေတဲ့ ၁ဝ ပေသာသာ မြောင်းငယ်လေးအဖြစ်သာ ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ လယ်ကွင်းတွေက နေရာယူထားကြပါတယ်။

ဦစိုးမြင့်တို့မောင်နှမနှစ်ယောက်ဟာ ယခုအချိန်ထိ သက်ရှိထင်ရှားရှိနေကြသေးပေမယ့် သူတို့ကို သေမင်းတံခါးဝဆီ ခေါ်ဆောင်ဖို့ ကြိုးစားခဲ့တဲ့ မြစ်ကြီးကတော့ သေဆုံးသွားခဲ့ပါပြီ။   ။

၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

အောင်ဖေကြည်စိုး ရေးသည်။

ဟေမာန်ပြည့် ကူညီပံ့ပိုးသည်။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."