ရွေးကောက်ပွဲနှင့် လုပ်ကြံသတင်းတုဘေး ဘယ်လိုပြေးတွေ့ကြမလဲ

ရွေးကောက်ပွဲနှင့် လုပ်ကြံသတင်းတုဘေး ဘယ်လိုပြေးတွေ့ကြမလဲ

အောင်ပိုင်ရေးသည်။

COVID ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားသော်လည်း အမျိုးသားစီမံခွန့်ခွဲမှုပညာဒီဂရီကောလိပ်ဝင်းထဲရှိ သတင်း စာပညာဌာနမှူးရုံးခန်းတွင် ပါမောက္ခဒေါက်တာဇင်မာကျော်သည် သတင်းတု၊ သတင်းမှားများကို သုတေသနလုပ်နေ သည်မှာ သီတင်းပတ်များစွာ ကြာပြီဖြစ်သည်။

မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် အွန်လိုင်းကနေ သင်ခန်းစာများပို့ချရန် ပြင်ဆင်နေရသည့်အပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်သည့် လမ်းညွှန်များ၊ ဥပဒေများ၊ စာတမ်းများကို ရှာဖွေဖတ်ရှုလေ့လာရင်း၊ အင်တာနက်မှ တစ်ဆင့် ကွန်ဖရန့်များတွင် ပါဝင်ဆွေးနွေးရင်း သတင်းတု၊ သတင်းမှား အန္တရာယ်ကို လျှော့ချရန် အဖြေရှာနေခြင်း ဖြစ်သည်။

“လူမှုကွန်ရက်ပေါ်က သတင်းတု၊ သတင်းမှားတွေက ရွေးကောက်ပွဲမှာ Voter Decision (မဲပေးသူတွေရဲ့ ဆုံးဖြတ်ချက်) ကို ပြောင်းလဲအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရပါတယ်” ဟု လေ့လာနေဆဲ စာအုပ်၊ စာတမ်း များစွာ စီရီထားသော ရုံးစားပွဲမှာထိုင်ရင်း ၎င်းကပြောသည်။

ရွေးကောက်ပွဲကာလတွင် Facebook ပေါ်မှ သတင်းတု၊ သတင်းမှားများသည် မလွဲမသွေရင်ဆိုင်ရမည့် အန္တရာယ်ဖြစ်နေ သည်ဟု မော်ကွန်းက မေးမြန်းခဲ့သည့် သတင်းစာပညာရပ် တတ်ကျွမ်းနားလည်သူ၊ သတင်းအချက်အလက် စစ်ဆေးရေး အဖွဲ့ ၊ လူမှုကွန်ရက်လေ့လာစောင့်ကြည့်သူ၊ Facebook ကုမ္ပဏီနှင့် နိုင်ငံရေးပါတီများက ဆိုကြသည်။

ထို့ကြောင့် သတင်းဖြစ်ရပ်မြန်ဆန်သည့် ရွေးကောက်ပွဲကာလတွင် သတင်းတု၊ သတင်းမှားများသည် ပုံစံအမျိုးမျိုးနှင့် အများ အပြားပေါ်ထွက်လာနိုင်သောကြောင့် လူမှုကွန်ရက်မှ သတင်းအချက်အလက်များကို အလွယ်တကူ မယုံကြည်ကြရန် ၎င်းတို့က သတိပေးသည်။

သတင်းအချက် အလက်စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ‘ဟုတ်တယ် Vs မဟုတ်ဘူး’ ၏ မန်နေဂျာ ကိုငြိမ်းချမ်းအောင်က “သတင်းအမှန်ကို ချပြတာထက်၊ သတင်းအမှားကို ဖန်တီးတာတွေက ပိုများနေတယ်။ ရွေးကောက်ပွဲလို သတင်း ဖြစ်ရပ်မြန်တဲ့အချိန်မှာ သတင်းတု၊ သတင်းမှားတွေကို ဖော်ထုတ်ပေးနိုင်ဖို့က အချိန်နဲ့တပြေးညီ မလွယ်ဘူး။ ဒါကြောင့် သတင်းအမှားလို့ သံသယရှိရင် ဆက်မဖြန့်မှပဲ ထိန်းနိုင်မယ်” ဟု ပြောသည်။

ယင်းအဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် သတင်းတု၊ သတင်းမှားများကို စိစစ်ရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ၎င်းတို့ထံသို့ သတင်းအချက်အလက်များ စိစစ်ပေးရန် လူမှုကွန်ရက် အသုံးပြုသူများက လာရောက် ပေးပို့သည့် သတင်းအပုဒ်အရေအတွက်မှာ နေ့စဉ် ၅၀ နှင့် ၁၀၀ ကြားရှိပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအမှားများ ပါဝင်လာသည်ဟု ၎င်းကဆိုသည်။

စိုးရိမ်စရာ သတင်းတု သတင်းမှား ပြဿနာ

သတင်းတု သတင်းမှားများ လုပ်ကြံဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ ငွေကြေးကြောင့်သော်လည်းကောင်း၊ နိုင်ငံရေး အကျိုးအမြတ်ကြောင့်သော်လည်းကောင်း လုပ်ကြခြင်းဖြစ်ပြီး ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို ဦးတည်သည့် သတင်းအမှားများကို Facebook ပေါ်တွင် တွေ့နေရပြီဟု လူမှုကွန်ရက် လေ့လာစောင့်ကြည့် သုံးသပ်သူ ကိုမြတ်သူက ဆိုသည်။

“ပြီးခဲ့တဲ့သုံးလလောက်အထိ COVID – 19 နဲ့ သက်ဆိုင်တဲ့ သတင်းမှားတွေပဲ များနေခဲ့ရာကနေ ဇွန်လလယ်လောက် မှာ ထိုးကျသွားပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေကို စနစ်တကျ ပစ်မှတ်ထား ဖြန့်နေတာကို တွေ့နေရတယ်။ Facebook အသုံးပြုသူကလည်း နှစ်လအတွင်းမှာ သိသိသာထိုးတက်သွားတယ်။ ဘာကြောင့်မှန်း မသိပေမယ့် ဒါက သံသယဖြစ်စရာကောင်းတယ်” ဟု သူက NapoleonCat. က ပြုစုထားသည့် စာရင်းကို ကိုးကား ပြောသည်။

မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ အရေအတွက်သည် ၂၀၂၀ နှစ်ဦးပိုင်းတွင် လစဉ်တစ်သန်းဝန်းကျင်စီသာ တိုးလာရာမှ ဇွန် နှင့် ဇူလိုင် နှစ်လအတွင်း သုံးသန်းအထိ သိသိသာသာ တိုးသွားခဲ့သည်ကို NapoleonCat. က ပြုစုထားသည့်စာရင်းတွင် တွေ့ရသည်။

NapoleonCat. သည် ပိုလန်နိုင်ငံ၊ ဝါဆော အခြေစိုက် Facebook ၏ Marketing Partner ၊ Social Media Analytics အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ယင်းစာရင်းအရ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူသည် ဇန်နဝါရီလက ၂၂ သန်းကျော်ရှိပြီး ဇူလိုင်တွင် ၂၈ သန်းကျော်အထိရှိလာခဲ့ရာ ခုနစ်လအတွင်း ခြောက်သန်းအထိ တိုးလာခြင်းဖြစ်သည်။

NapoleonCat. က ထုတ်ပြန်ထားသည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဖေ့စ်ဘွခ်သုံးစွဲသူအရေအတွက် နှိုင်းယှဉ်ပြဇယား

Facebook တွင် ပျံ့နှံနေသည့် သတင်းတု သတင်းမှားများကို ကြည့်ခြင်းအားဖြင့် လာမည့်ရွေး ကောက်ပွဲကာလတွင် သတင်းတု၊ သတင်းမှားသည် လ့ူအဖွဲ့အစည်းတစ်ခုလုံးအပေါ် အန္တရာယ်ကျရောက်စေမည်ကို ပြည်သူ့ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က စိုးရိမ်သည်။

“ရွေးကောက်ပွဲမှာ ပိုပြီးတော့ စိုးရိမ်စရာကောင်းတယ်။ သတင်းတု သတင်းမှားတွေကြောင့် တစ်ဦးချင်းဆီမှာ နစ်နာမှု ဖြစ်စေနိုင်သလို ရွေးကောက်ပွဲရလဒ်ကို ပုံပြောင်းသွားစေနိုင်တဲ့အထိ ဖြစ်မယ်ဆိုရင် ဒါကျွန်တော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဝင်ထိပါးတာပဲပေါ့နော်။ အဲ့လောက်ထိ ကျွန်တော်တို့က ဆက်တွေးလို့ရတယ်” ဟု ၎င်းက ပြောသည်။

လက်တလောတွင် သတင်းအမှားများကြောင့် ရွေးကောက်ပွဲရလဒ်ပြောင်းလဲသည်ကို မြင်တွေ့ရဦးမှာမဟုတ် သေး သော်လည်း ရွေးကောက်ပွဲကို ဦးတည်သည့် သတင်းတု၊ သတင်းမှားများကို ‘ဟုတ်တယ် Vs မဟုတ်ဘူး’ အဖွဲ့က ရှာဖွေဖော်ထုတ် လျက်ရှိသည်။

ဥပမာအနေဖြင့် ‘အစ္စလာမ်ဘာသာဝင် တက်ကြွလှုပ်ရှားသူ မဝေဝေနု နှင့် ဖခင်ဖြစ်သူတို့ NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်စေမည်’ ဆိုသည့် သတင်းအမှားဖြစ်သည်။ ထိုသတင်းမှားကို သတင်းစာ၊ဂျာနယ် အစရှိသည့် ပုံနှိပ်မီဒီယာတစ်ခုက သတင်းစာမျက်နှာပေါ်မှာ ဖော်ပြထားသည့်ပုံစံဖြင့် ဖန်တီး ထားခြင်းဖြစ်သည်။

သတင်းအမှားဖြစ်ကြောင်း ‘ဟုတ်တယ် Vs မဟုတ်ဘူး’ က ကြေညာထားပုံ

“သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းဆိုရင် ဘယ်နေ့၊ ဘယ်အချိန်မှာ မေးမြန်းထား တယ်ဆိုတာကို အတိအကျ ဖော်ပြပေးရမှာ။ ဒါပေမဲ့ ဒီသတင်းမှာတော့ ခိုင်မာ တိကျတဲ့သတင်း အချက်အလက်တွေ မပါဘဲ ရေးသားထားတာ တွေ့ရပါတယ်” ဟု ‘ဟုတ်တယ် Vs မဟုတ်ဘူး’ အဖွဲ့က ဖော်ပြခဲ့သည်။

ထ့ိုအပြင် လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများ လည်း ထိုစဉ်က ကြေညာထားခြင်းမရှိသေးသည့်အပြင် သတင်းအမှားတွင်ပါဝင်သည့် မဝေဝေနုက သူ၏ လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook, Instagram, Twitter များတွင်လည်း ဖော်ပြထားခြင်းမျိုး မရှိသည်ကို ၎င်းတို့က စစ်ဆေးတွေ့ရှိခဲ့သည်။

နောက်ထပ်တစ်ပုဒ်မှာ ‘တောင်ကိုရီးယားရောက် မြန်မာတွေရဲ့ ကြိုတင်မဲအရေအတွက်မှာ NLD ဦးဆောင်နေပြီ’ ဆိုသည့် သတင်းအမှားဖြစ်သည်။

ယင်းသတင်းအကြောင်းအရာကို “နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရွှေရောင်မျိုးဆက်မျိုးဆက်သစ်များ” ဆိုသည့် Facebook group တွင် အကောင့်တစ်ခုက NLD ပါတီ၊ USDP ပါတီနှင့် PPP ပါတီတို့၏ ကြိုတင်မဲအရေအတွက်ဆိုသည့် Screenshot နှင့်အတူ ထင်မြင်သုံးသပ်ချက်များကို ရေးထားခြင်းဖြစ်သည်။

သတင်းအမှားဖြစ်ကြောင်း ‘ဟုတ်တယ် Vs မဟုတ်ဘူး’ က ကြေညာထားပုံ

ယင်းပို့စ်သည် ဩဂုတ် ၁၈ ရက် ည ၈ နာရီအထိ Like and React ပြုလုပ်သူ ၂,၄၀၀ ကျော် ရှိပြီး ပြန်လည်မျှဝေသူမှာ ၁,၁၀၀ ကျော်အထိ ရှိသည်ကို တွေ့ရသည်။

သတင်းမီဒီယာလုပ်ငန်း စဉ်အတိုင်း ဆောင်ရွက်နေသည့် Mizzima TV, 7Day TV စသည့် တရားဝင်သတင်းဌာနများ၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများသည် ကြိုတင်မဲပေးရန် လျှောက်ထားသည့် ကာလတွင်သာ ရှိနေသေးသောကြောင့် သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်သည်ဟု ‘ဟုတ်တယ် Vs မဟုတ်ဘူး’ က ဆိုသည်။

“ကျွန်တော်တို့ အဖွဲ့က လူထုအသိပညာပေးကိုသာ လုပ်တာဖြစ်တဲ့အတွက် မှားတယ်လို့သာ ဖော်ထုတ်ပေးတယ်။ အလွန်ဆိုးစေတဲ့ သတင်းအမှားတွေကျ Report လုပ်တယ်။ ဒီသတင်းတွေကို ဖြုတ်ချဖို့က Facebook ရဲ့အပိုင်းသာဖြစ်တယ်” ဟု ကိုငြိမ်ချမ်းအောင်က ပြောသည်။

ရွေးကောက်ပွဲအတွက် Facebook က ဘာတွေပြင်ဆင်နေလဲ

လာမည့်ရွေးကောက်ပွဲကာလတွင် ကြုံရမည့် သတင်းတု၊ သတင်းမှားများကို တာဝန်ယူပြင်ဆင်ထားခြင်းနှင့် ပတ်သက်၍ Facebook ၏ မြန်မာပြည် ပြည်သူ့ရေးရာ မူဝါဒအကြီးအကဲ ခိုရယ် (Khoe Reh) ကို အီးမေးလ်ဖြင့်မေးမြန်းခဲ့ရာ Facebook ၏ မြန်မာပြည်ဆက်ဆံရေးအေဂျင်စီ ရန်ကုန်အခြေစိုက် Chilli Agency မှ တစ်ဆင့် အီးမေးလ်ပြန်ခဲ့သည်။

Facebook ကုမ္ပဏီ၏ ဖြေကြားချက်အရ Facebook သည် သန်းပေါင်းများစွာသော အကြောင်းအရာများထဲမှ အချက်အလက်များကို စစ်ဆေးနိုင်ရန် အချက်အလက်စစ်ဆေးသည့် အဖွဲ့ပေါင်း ၇၀ ကျော်ဖြင့် လက်တွဲ လုပ်ကိုင်နေ သည်။ သို့သော် ဘယ်နှစ်နိုင်ငံကို လွှမ်းခြုံလုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်ကိုတော့ ထည့်သွင်း မဖော်ပြပေ။

ယင်းအဖွဲ့ထဲတွင် မြန်မာဘာသာဖြင့် အကြောင်းအရာများကို တိကျမှန်ကန်မှု အဆင့်သတ်မှတ်ပေးရန် ဘက်လိုက်မှု ကင်းပြီး ထောက်ခံချက်ရထားသော အချက်အလက် စစ်ဆေးသည့် အဖွဲ့နှစ်ဖွဲ့နှင့် လက်တွဲလုပ်ကိုင်လျက်ရှိကြောင်း Facebook ကုမ္ပဏီကဆိုသည်။

မြန်မာနိုင်ငံအတွက် Facebook ၏ အချက်အလက်စစ်ဆေးသည့် ပြင်ပအဖွဲ့အစည်းအဖြစ် BOOM နှင့် Agence France-Presse (AFP) တို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့နောက် Facebook ဝန်ဆောင်မှုတွင် သတင်းအမှားပျံ့နှံမှုကို ကာကွယ်ရန် ‘လျှော့ချခြင်း၊ ဖယ်ရှားခြင်း၊ အသိပညာပေးခြင်း’ စသည့် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နေသည်ဟု အီးမေးလ်တွင် ဖော်ပြထားသည်။

အသိပညာပေးသည့်အပိုင်းတွင် မည်သည့်အရာများကို ယုံပြီး၊ မည်သည့်အရာများကို မျှဝေသင့်သည်ဆိုသည်ကို ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် မည်မျှထိရောက်မှုရှိသည်ကို ရွေးကောက်ပွဲကာလတွင် စောင့်ကြည့်ရမည်ဖြစ်သည်။

Facebook ၏ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒ ညွှန်ကြားရေးမှူး ဒေါက်တာရာဖေရယ်ဖရန်ကယ် (Dr Rafael Frankel) က မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်းတို့ဘက်မှ ပြင်ဆင်ထားမှုကို ဆောင်းပါးရေးသားပြီး ပြည်တွင်းသတင်းဌာနအသီးသီးသို့ ပေးပို့ခဲ့ရာ မော်ကွန်းကိုလည်း ပေးပို့ခဲ့သည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် Facebook သည် လူအင်အား၊ နည်းပညာနှင့် နည်းစနစ်ပိုင်းများတွင် သိသိသာသာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို စုံစုံလင်လင်ရရှိပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်အောင် ပံ့ပိုးပေးနိုင်သည့် ပလက်ဖောင်း တစ်ခုဖြစ်အောင် ကြိုးစားသွားမည်ဟု ဆောင်းပါးထဲတွင် ဖော်ပြထားသည်။

“အွန်လိုင်းပေါ်ကနေ စည်းရုံးလှုံ့ဆော်တဲ့ နည်းနာနိဿယတွေက တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲလာတော့ Facebook လိုမျိုး ပလက်ဖောင်းတွေအနေနဲ့လည်း သူ့တို့တွေထက် မဖြစ်မနေ ခြေတစ်လှမ်းသာနေရတော့မှာပါ။ ဒါပေမဲ့ ဘယ်လောက်ထိတော့ဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေးမယ်၊ ဘယ်အတိုင်းအတာထိဆိုရင်တော့ စာစုတွေကို ထိန်းချုပ်ပါမယ်ဆိုတဲ့ကြားမှာ အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေရပါတယ်” ၎င်းကပြောသည်။

၂၀၁၇ ကစ၍ ရွေးကောက်ပွဲပေါင်း ၂၀၀ ကျော်တွင် ကြားဝင်နှောင့်ယှက်သည့် ပြဿနာများကို Facebook က ဖြေရှင်းခဲ့ရာ သတင်းအမှားများကို လျှော့ချနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း အကောင့်တု ကွန်ရက် ခြောက်ခုဝန်းကျင်ကို ဖယ်ရှားခဲ့သည်ဟုလည်း ရေးသားထားသည်။

အဆိုပါ အကောင့်တုကွန်ရက်များသည် မြန်မာနိုင်ငံတွင် အများပြည်သူနှင့်ဆိုင်သည့် ထုတ်ပြန်ပြောကြားချက်များကို ထင်ယောင်ထင်မှား ဖြစ်စရာ သတင်းအမှားများ၊ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားသည့် အချက်အလက်အမှားများထည့်ပြီး လိမ်ညာလှည့်စားရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ကမ္ဘာတစ်ဝန်းတွင် Facebook က သတင်းများ၏ အရည်အသွေးများ ပိုကောင်းလာစေရန်၊ သတင်းအမှား ပျံ့နှံ့မှုများ လျှော့ချနိုင်ရန် Poynter Institute ၏ ဘက်လိုက်မှုကင်းပြီး နိုင်ငံတကာ အချက်အလက်စစ်ဆေး ရေးကွန်ရက် (IFCN) မှ ထောက်ခံချက်ရသည့် အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Facebook နှင့် ရွေးကောက်ပွဲကာလ မည်သို့ချိတ်ဆက်ဆောင်ရွက်မည်ကို မေးမြန်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုရန်တာဝန်ရှိသူ ဦးမြင့်နိုင်ကို မော်ကွန်းက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လာမယ့်ဘေး ဘယ်လိုပြေးတွေ့ကြမလဲ

သတင်းအမှားသည် သတင်းအမှန်ထက် ပျံ့နှံ့နှုန်းများစေသည့် အကြောင်းအရင်းမှာ သတင်းတု သတင်းမှားသည် လူများကို ဆွဲဆောင်နိုင်စေရန် အချက်အလက်အမှားများကို အခြေပြုရေးသားခြင်း၊ စိတ်လှုပ်ရှားလွယ်အောင် လှုံ့ဆော်သည့် အရေးအသားမျိုးဖန်တီးခြင်းနှင့် ပစ်မှတ်ထားဖြန့်ဝေခြင်းတို့ကြောင့် ဖြစ်သည်ဟု လူမှုကွန်ရက်လေ့လာစောင့်ကြည့်သူ ကိုမြတ်သူက သုံးသပ်သည်။

“ခုဖြစ်နေတာက သတင်းအမှားတွေ၊ လုပ်ကြံဖန်တီးတဲ့ သတင်းတွေက လူတွေဆီရောက်တာ အရမ်းမြန်နေပြီး သတင်း လုပ်ငန်းစဉ်အတိုင်း ကျင့်ဝတ်ရှိရှိရေးသားထားတဲ့ သတင်းတွေက သတင်းအမှားတွေထက် ပျံ့န့ှံတဲ့နှုန်းက အရမ်း နည်းနေတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲကာလတွင် သတင်းတု၊ သတင်းမှား အန္တရာယ်ကို လျှော့ချမည်ဆိုပါက အစိုးရတာဝန်ရှိ သူများက သတင်းဌာနများ၊ အချက်အလက်စစ်ဆေးသူများ၏ သတင်းအချက်အလက်အတည်ပြုရန် မေးမြန်းမှုများကို လျင်မြန်စွာတုံ့ပြန်ပေးရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“ဥပမာ မနက်ဖြန် ရွေးကောက်ပွဲကျင်းပမယ့်နေ့၊ ဒီညမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းတယ်လို့ သတင်းကပျံ့လာမယ်။ အဲ့အခါမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုခွင့်ရှိသူတစ်ယောက်တည်း၊ သတင်းသမားတွေက ဖုန်းဝိုင်းဆက်ပြီး အတည်ပြုကြပြီ၊ ဖုန်းမအားတော့ရင်၊ ဖုန်းမကိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးမဖြစ်အောင် ကြိုစီစဉ်ထားဖို့မလိုဘူးလား” ဟု ၎င်းက မေးခွန်းထုတ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးတည်းကိုသာ ခန့်အပ်ထားပြီး ယခုအချိန်အထိ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းကိစ္စများအတွက် ဆောင်းပါးရှင်က ၁၀ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ သော်လည်း တစ်ကြိမ်တစ်ခါမျှ လက်ခံဖြေကြားခြင်းမရှိသေးပါ။

ထိုသို့ တာဝန်ရှိသူများက သတင်းအချက်အလက်များဖြေကြားရန် တာဝန်ပျက်ကွက်နေသည့် အခြေအနေမျိုးနှင့် သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်နေသည့် ယနေ့ခေတ်တွင် သတင်းဌာနများသည်ပင်လျင် ဖြစ်ပေါ်လာသည့် သတင်းများကို အတည်ပြုရန်မှာ မလွယ်သောကြောင့် လူတစ်ဦးချင်းစီ၏ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု (Media Literacy) က အဓိကကျသည်ဟု ဒေါက်တာဇင်မာကျော်က ဆိုသည်။

‘ဟုတ်တယ် Vs မဟုတ်ဘူး’က သတင်းတစ်ပုဒ်ကို အလွယ်တကူ စစ်ဆေးနိုင်မည့် နည်းလမ်းတစ်ခုကို သရုပ်ဖော်ပုံဖြင့်ဖြန့်ဝေထားသည်။ ထိုနည်းလမ်းတွင် အဆင့် ငါးဆင့်ပါရှိပြီး ၁) သတင်းရေးသူကို စစ်ဆေးခြင်း ၊ ၂) သတင်းရင်းမြစ်များနှင့်တိုက်ဆိုင် စစ်ဆေးခြင်း၊ ၃) ရက်စွဲကို စစ်ဆေးခြင်း၊ ၄) သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုခြင်း၊ ၅) အကြောင်းအရာနှင့် ပတ်သက်သော ကျွမ်းကျင်ပညာရှင်များကို မေးမြန်းခြင်းဖြစ်သည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် သတင်းတု၊ သတင်းမှားများကို တိုက်ဖျက်ရန် အကောင်းဆုံးနည်းလမ်းကို ဒေါက်တာဇင်မာကျော်က ယခုလို အကြံပြုသည်။

“သတင်းအမှန်ကို အချိန်နဲ့တပြေးညီ များများစီးဆင်းအောင်လုပ်တာပါပဲ။ ဒါဆို သတင်းအမှားရဲ့ အကျိုးသက်ရောက်မှုက လျော့နည်းသွားလိမ့်မယ်”


#Article

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."