ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်း

၂၀၁၅၊ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၂)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွှဲရေးသည်။

ခုတလော အယ်ဒီတာမင်းတို့က သတင်းထောက် ရန်လို ကျွဲကို အထူးအော်ဟစ်ငေါက်ငမ်းနေကြသည်။ ”မင်းရေးတဲ့ ထူး မခြားနားသတင်းတွေကို ဘယ်သူတွေဖတ်မှာလဲ”ဟု အယ်ဒီတာ ချုပ်က ဆူသည်။ ”အလုပ်ချိန်နောက်ကျတာ တစ်လကို အကြိမ် ၂ဝ ရှိနေပြီ။သတိထားပါ”ဟု လက်ထောက်အယ်ဒီတာက လက်ထောက်ပြီး လှမ်းသတိပေးသည်။    ခေါင်းပေါ်က ဆံပင်အထိ လာခလုတ်တိုက် သူလည်း ရှိ၏။ မင်းရဲ့ ဆေးဆိုးပန်းရိုက်ခေါင်းက  ကြည့်ရဆိုးလိုက်တာကွာ ဟု အယ်ဒီတာတစ်ယောက်က မှတ်ချက်ပြု၏။

          ရုံးတွင်းစည်းကမ်းချက်တွင် ”သတင်းထောက်တို့ ဆံပင် ဆေးဆိုးခွင့်မရှိ”ဟူသော အချက် ဖြည့်စွက်ရန်ပင် သူက ကြိုးပမ်းလိုက်သေး၏။ သို့သော်လည်း အသက် ၄ဝ ကျော်ပြီဖြစ်သော၊ ဆံပင်ကို အမည်းရောင် ပုံမှန် ဆိုးနေရသော အယ်ဒီတာတစ်ဦးက ဗီတိုအာဏာသုံးပြီး ဟန့်လိုက်သဖြင့် ရန်လိုကျွဲ၏ ရွှေအိုရောင်ဆံပင်တို့ အသက်ချမ်းသာရာ ရသွားသည်ဟုဆိုရမည်။ သို့သော်လည်း ချမ်းသာခွင့်မရသည်ကတော့ ”အရေးအသားညံ့ဖျင်း သည်”ဟု နေ့စဉ်နှင့်အမျှ အဆူခံနေရခြင်းပင်။

          ရေးခြင်း၊ သားခြင်း အားနည်းလျှင် ပြင်ပေး၊တည်းဖြတ်ပေး ရမည်က အယ်ဒီတာတို့အလုပ် မဟုတ်တုံလောဟု မေးလိုက်ချင် သော်လည်း မမေးရဲ။ ”ဟုတ်ကဲ့…ကြိုးစားပါ့မယ်”ဟုသာ ကတိ ပေးလိုက်ရ၏။ ထိုသို့ အကြိမ်တစ်ထောင်ခန့် ကတိပေးပြီးနောက်တွင် အရေးအသားသင်တန်း ရှာပုံတော် မဖြစ်မနေ ဖွင့်ရလေ၏။ ထိုသင်တန်းကို ရှာသည်၊ ရှာသည်၊ ဒုက္ခသီရိနေပြည်တော်တွင် ရှာသည်။ သို့သော် ထမင်းထုပ်သာ သိုးသွားသည်၊ အရေး အသားသင်တန်းကို ရှာမတွေ့။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအောင်ရေး  ဦးစားပေးသော သင်တန်း၊ ကျူရှင်တို့သာ တွေ့နေရသည်။

          သင်တန်းကို တွေ့မှဖြစ်မည်။  သင်တန်းတက်ပြီး လေ့လာဖို့ အရေးတကြီးလိုသည်။ အရေးအသား မတိုးတက်လျှင် ရာထူးတိုး ပေးမည်မဟုတ်ဟု အယ်ဒီတာချုပ်က ရာဇသံထုတ်ထားသည် မဟုတ်လော။ ထို့ကြောင့် သင်တန်းကို ရှာသည်၊ ရှာသည်။ရန်လိုကျွဲ၏ ရှာဖွေရေးသတင်းမှာ အေးအေးဆေးဆေး စာဖတ်နေသည်ဟုဆိုသော ဝါရင့်ချိုကုပ်ဒူးကြီး၏နားသို့ပင် ရောက် လေ၏။ ”အရေးအသားသင်တန်းအတွက် ပူပန်မနေတော့နဲ့၊ ငါစာဖတ်နေတာ လေးနှစ်ကြာပြီ။ စာရေးဆရာပေါင်းစုံရဲ့ အရေး အသားပေါင်းစုံကို လေ့လာထားတယ်။ ငါ့ဆီမှာ သင်တန်းလာ တက်လှည့်”ဟု ဖုန်းဆက်ခေါ်သဖြင့် ဝါရင့်ချိုကုပ်ဒူးကြီး စံမြန်း ရာနန်းတော်သို့ ချီတက်လိုက်သည်။

          (ဝါရင့်ချိုကုပ်ဒူးကြီး ပညာအပေးကောင်းပုံကို ဂလိုဘယ်လ်ဘဘ၊ သင်တန်းဆရာဘဘ ခေါင်းစဉ်ဖြင့် မော်ကွန်း မဂ္ဂဇင်း အမှတ် ၁၅ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

          နန်းတော်သို့ရောက်လျှင် ဝါရင့်ချိုကုပ်ဒူးကြီးကို အဆင်သင့် တွေ့ရလေ၏။  ခရီးရောက်မဆိုက်ပင် အရေးအသားသင်ခန်းစာကို ချက်ချင်းပို့ချမည်ဟု ဆိုလေ၏။

ဒူးကြီး။  ။ ”ငါက စာဖတ်နေသူကြီး ဆိုတော့ အရေးအသားတွေကို လည်း အထူးပြုစောင့်ကြည့်ဖြစ်ပါတယ်။ မင်း ဒီကိုရောက်လာတာ မှန်တယ်။ မင်းတို့ သတင်းသမားတွေ တက်သင့်တာက မိခင်ဘာ သာစကားသင်တန်းပဲကွ”

ကျွဲ။  ။ ”ဟုတ်ကဲ့…အားကိုးပါတယ်။ လိုအပ်မယ်ထင်တာတွေ သင်ပေးပါ”

ဒူးကြီး။  ။  ”ကောင်းတယ်၊ ပညာလို အိုသည်မရှိ၊ ပညာဆိုတာ ဆည်းပူးလို့ မကုန်ဘူး။ သိတယ်မဟုတ်လား၊ ပညာဆာကူရာ ပွဲ လယ်တင့်ပေါ့ကွာ”

ကျွဲ။  ။ ”ဗျာ…ပညာဆာကူရာဆိုတာ ဘာလဲဗျ။ ပညာရဲရင့်မဟုတ်ဘူးလား၊  ကျောင်းမှာ သင်ခဲ့ရတာ ပညာရဲရင့်ပါ”

ဒူးကြီး။  ။ ”အရင်တုန်းကတော့ ဟုတ်တယ်၊ နိုင်ငံတစ်နိုင်ငံမှာ ရဲရင့်ဆိုတဲ့ ရုပ်ရှင်ရုံကြီး ရှိခဲ့ဖူးတယ်။ ရန်ကုန်ဆိုတဲ့ မြို့မှာပေါ့ကွာ။အဲဒီ ရဲရင့်ရုပ်ရှင်ရုံကြီးကို ဖျက်ပြီး အသစ်ဆောက်တော့ ဆာကူရာတာဝါလို့ နာမည်ပေးလိုက်တာ။ အခု ဘယ်သူမှ ရဲရင့်လို့ မခေါ် တော့ဘူး။ ဆာကူရာလို့ပဲ ခေါ်တော့တယ်”ရန်လိုကျွဲလည်း မှတ်ဖွယ်မှတ်ရာတို့ကို လိုက်လံမှတ်သား ရလေ၏။

ဒူးကြီး။  ။ ”စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ ဗန်းစကားတွေကို သုံး တာ၊ မသုံးတာ အပထား၊ သိထားရမယ်။ စာရေးတဲ့အခါ ထည့် ရေးရမယ်။ ကိုယ်မသုံးရင်တောင်မှ တခြားသူဆီက ဒီလိုစကား လုံး ထွက်လာရင် ဘာပါလိမ့်ဆိုပြီး အံ့သြစရာ မလိုတော့ဘူးပေါ့ ကွာ။ ဥပမာကွာ…ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ဆိုတဲ့ အသုံး ကွာ။ အဲဒါ ဘာကို ဆိုလိုတာလဲ မင်းသိလား” ခက်ပြီ။ လက်ချာ အစမှာပင်သင်တန်းဆရာဘဘ မေးခွန်း ထုတ်ပြီ။

ကျွဲ။  ။ ”သင်တန်းတက်တယ်ဆိုတာ သင်တန်းသားက သူသိချင် တာကို မေးခွန်းထုတ်ရတာ မဟုတ်ဘူးလား။ အခု သင်တန်းစစ ချင်းမှာပဲ မေးခွန်းထုတ်ခံနေရတာတော့ တစ်ခုခုမှားနေပြီ ထင် တယ်”

ဒူးကြီး။  ။ ”ဟေ့ကောင်…ခေတ်ပြောင်းလာပြီကွ။ သင်တန်းပုံစံ တွေလည်း ပြောင်းလာပြီ။ မသိရင်လည်း မသိဘူးလို့ ရိုးရိုးသား သားဖြေကွာ။ ကဲ…ငါမေးတာကို ဖြေ။ ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်တယ်ဆိုတာကို မင်း ဘယ်လို နားလည်သလဲ”

ကျွဲ။  ။ ”အဲဒါက ဟိုလေ…ဟို…ငါးကြင်းကြော် ပိုအရသာရှိ၊ ပိုပြီး စားလို့ကောင်းအောင် ငါးကြင်းဆီကို သုံးသင့်တဲ့သဘောလို့ထင် ပါတယ်”

ဒူးကြီး။  ။ ”ဟိုက်…သောက်ကျိုးနည်းပါပြီ။ မင်း ဘာကြောင့် အကြီးတန်းသတင်းထောက်ရာထူး ရနေတာလဲ”

ကျွဲ။  ။ ”အသက်ကြီးလာတာကြောင့် အကြီးတန်းသတင်းထောက် ဖြစ်လာတာပေါ့ဗျာ”

ဒူးကြီး။  ။ ”ဟုတ်ပါပြီလေ၊ မင်းနဲ့ငါတော့ ဒီငါးကြင်းကိစ္စတစ်ခုနဲ့ပဲ ဒီနေ့ တစ်နေကုန်မှာ သေချာတယ်။ ကဲ…ငါးကြင်းဆီဖွင့်ဆိုချက် အကြောင်း ခဏထားလိုက်။ မင်းရှင်းသွားအောင်၊ သဘောပေါက် အောင် တစ်ခုထပ်မေးမယ်။  ပြည်သူဗဟိုပြု မီဒီယာဆိုတာကိုရော ဘယ်လို နားလည်သလဲ”

ကျွဲ။  ။ ”ပြည်သူကို ပစ်မှတ်ထားတဲ့ မီဒီယာပေါ့ဗျာ၊ ဟဲ ဟဲ ဟဲ”ရန်လိုကျွဲက တဟဲဟဲ ရယ်လိုက်စဉ်တွင် ဝါရင့်ချိုကုပ်ဒူးကြီးကလည်း တဟဲဟဲ ရယ်လေ၏။

ဒူးကြီး။  ။ ”ဟဲ ဟဲ ဟဲ….မင်းရဲ့ ဖွင့်ဆိုချက်က မပြည့်စုံသေးဘူး။ ငါတို့ဆီမှာ ဒုက္ခသီရိအလင်းဆိုတဲ့ သတင်းစာနဲ့ ပေါင်ကားတံဆိပ် ရုပ်မြင်သံကြားဆိုတာ ရှိတယ်။ ဒါတွေဟာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ လည်ပတ်နေတဲ့ မီဒီယာလုပ်ငန်းကြီးပေါ့ကွာ”

ကျွဲ။  ။ ”ပြည်သူကိုပစ်မှတ်ထားတယ်၊ ပြည်သူ့ပိုက်ဆံနဲ့ လည်ပတ်တယ် ဆိုတော့  ပြည်သူဗဟိုပြုမီဒီယာပေါ့ဗျာ။ ရှင်းပါပြီ”

ဒူးကြီး။  ။ ”ဟေ့…ဟေ့….ရှင်းပါပြီ၊ ဟုတ်ပါပြီလို့ အလွယ်တကူ မပြောနဲ့ဦး။ ကျောင်းတုန်းက အကျင့်တွေ ကျောင်းမှာ ထားခဲ့။ အဲဒီမီဒီယာက ပြည်သူကို ဘယ်လိုပစ်မှတ်ထားသလဲ၊ ဘယ်လို ရည်ရွယ်ချက်တွေ ရှိသလဲ ဆိုတာ ငါပြောပြဦးမယ်”

          ရန်လိုကျွဲလည်း ခေါင်းတညိတ်ညိတ်နာယူရလေ၏။ ဒီလူကြီးက သတင်းသမား မဟုတ်သော်လည်း ဒီကိစ္စတော့ အထူး ကျွမ်းကျင်လိမ့်မည်။ သူ မိုးကောင်းစဉ်က ထိုမီဒီယာကို ကောင်းကောင်း အသုံးချခဲ့သူမဟုတ်လော။ သူ လူရှေ့ထွက်ပြီဆိုလျှင် မျက်နှာဖုံးသတင်း ဖြစ်ခဲ့သေးသည်မဟုတ်လော။

ဒူးကြီး။  ။ ”အလုပ်သမား၊ ကျောင်းသား၊ လယ်သိမ်းခံရလို့ ဆန္ဒ ပြတဲ့သူ စသဖြင့် ပြည်သူတွေရဲ့လှုပ်ရှားမှုကို သေးသိမ် မှေးမှိန် အောင်ရေးတယ်။ ထုတ်လွှင့်တယ်ကွာ။ ဥပဒေချိုးဖောက်တယ် ဘာညာဆိုပြီး ခပ်တည်တည် အော်ချက်ထုတ်လိုက်သေးတယ်။စာဖတ်သူကို သောက်ဂရုကိုမစိုက်တာကွာ။ အရေးကြီးသတင်း တွေဆိုရင်လည်း ခပ်တည်တည်ပဲ။ ထည့်ကို မထည့်ဘူး။ ဘယ်သူ ဘာပြောရဲမလဲ၊ ပြောစမ်း။ ဂရုမစိုက်ဘူးကွာ”

ကျွဲ။  ။ ”အဲဒီ မီဒီယာက ပြည်သူ့ပိုက်ဆံနဲ့ ရပ်တည်နေတာဆို”

ဒူးကြီး။  ။ ”အေး…ဟုတ်တယ်။ ပြည်သူ့ပိုက်ဆံသုံးပြီး  ပြည်သူကိုပဲ ပြန်နှိပ်ကွပ်တယ်။ ဟီဟိ…။ ဒီတော့ ပြည်သူဗဟိုပြု မီဒီယာ ပေါ့ကွာ။ ကဲ…ဒီကိစ္စနဲ့ ငါးကြင်းဆီကိစ္စကို မင်း ဆက်စပ်စဉ်းစား လို့ ရပြီလား”

          ရန်လိုကျွဲ ရေးတေးတေးသဘောပေါက်သလိုရှိသော်လည်း စဉ်းစားလို့ မရသေးကြောင်း ပြောလိုက်သည်။

ဒူးကြီး။  ။ ”ညံ့ပါပေ့ အကြီးတန်းသတင်းထောက်ရယ်၊ ဒါဆိုရင် လည်း ဟိုတလောက  ဒုက္ခသီရိမှာ လူသိထင်ရှားဖြစ်သွားတာလေး ကို ဥပမာပေးမယ်။ အလုပ်သမားတွေ၊ ကျောင်းသားတွေ ဆန္ဒပြ တာကို ရဲက ဟန့်တားတယ်ကွာ။ အဲဒီအကြောင်း မင်း သတိထား မိရဲ့လား”

ကျွဲ။  ။ ”သတိမထားမိလို့ ဘယ်ဖြစ်မလဲ။ ဂျာနယ်တွေ၊ သတင်းစာ တွေ အားလုံး ဒါပဲ ဝိုင်းရေးကြတာ”

ဒူးကြီး။  ။ ”ဟုတ်ပြီ၊ ဆန္ဒပြတာတွေ ဘယ်လိုဆက်ဖြစ်သလဲ”

ကျွဲ။  ။ ”ရဲက ကိုင်တာပေါ့၊ ဘာပြောကောင်းမလဲ။ သတင်းသွား ယူတဲ့ သတင်းထောက်တွေကိုလည်း ကိုင်လိုက်တာပဲ။ ပြီးတော့ လူဆိုးလူမိုက်တွေကို ရာနဲ့ချီ ခေါ်ထားပြီးသုံးတော့ သူတို့ ပိုပြီး အင်အားကောင်း၊ စွမ်းအားရှိသွားတာပေါ့”

ဒူးကြီး။  ။ ”ဟေ့…ဟေ့… လူဆိုးလူမိုက်ဆိုတာကတော့ အရပ် သားစကားကွ။ တရားဝင်အသုံးအနှုန်းဖြစ်တဲ့ တည်ငြိမ်အေးချမ်း မှုကို လိုလားသူဆိုတာကို သုံးသင့်တယ်။ ရပ်မိရပ်ဖ ဆိုတဲ့ စကား လုံးလည်း လှပါတယ်။ ရပ်မိရပ်ဖဆိုတော့ တာဝန်အရ ဝင်ပြီး ဟန့် တားရတာပေါ့ကွာ၊ မဟုတ်ဘူးလား”

ကျွဲ။  ။ ”အဲဒီ တာဝန်ဆိုတဲ့သူတွေကလည်း တည်ငြိမ်အေးချမ်းမှု အင်မတန်လိုလားတဲ့ပုံရတယ်။ ဆန္ဒပြတဲ့သူတွေကို ကိုင်တွယ် လိုက်တာ ခပ်ကြမ်းကြမ်းပဲခင်ဗျ”

ဒူးကြီး။  ။ ”ဟဲ ဟဲ… ကြမ်းတယ်ဆိုတာက မင်းထင်လို့ပါ။ အဲဒါ အတွင်းအား မထည့်သေးဘူး။ စနစ်တကျလုပ်ထားတာ မဟုတ် သေးဘူး။ သို့သော်လည်း မင်းတို့တွေ မျက်လုံးပြူးသွားရတဲ့အထိ တော့ ကြမ်းတယ်ဆိုပါတော့ကွာ။ ကာတွန်းဆရာတစ်ယောက်က တောင် တာဝန်ပြီးရင် အလှည့်ကျ ထွက်ပြရမှာကတော့ ဖာဝန်ပါ ပဲလို့ ကလိလိုက်သေးတယ်။ ဖာဝန်ဆိုတာ ဘာလဲ မင်းသိလား”

 ကျွဲ။  ။ ”ဖာဝန်ဆိုတာ ဖာ…ဖာ…အင်း… ဖာဝန်ပဲ ဖြစ်မှာပေါ့။  ဟိုလိုလေ… ဟိုဟာမျိုးအလုပ်အကိုင်ကို ဥပဒေဘောင်ထဲက ဆောင်ရွက်…”

          ရန်လိုကျွဲရမ်းသမ်းပြောနေစဉ်မှာပင် ဝါရင့်ချိုကုပ်ဒူးကြီး က ကမန်းကတန်း လက်ကာပြလိုက်သည်။

ဒူးကြီး။  ။ ”ဟိုးထား…ဟိုးထား အကြီးတန်းသတင်းထောက်ရေ၊ ဖာဝန်ဆိုတာကို မင်းနားလည်ဖို့အတွက် ဥပမာအလင်္ကာ၊ ရူပက အလင်္ကာတွေကို ကျော်ဖြတ်ရဦးမယ်။ အဲဒါတွေ နောက်နေ့ သင် တာပေါ့ကွာ။ ကဲ…ဒီနေ့တော့ တစ်ခုပဲ သင်တယ်။ အဲဒီတစ်ခု အကြောင်း နိဂုံးချုပ်လိုက်ကြစို့ကွာ။ ဟုတ်ပြီ၊ ဒီနေ့ ငါတို့ ဘာတွေ ပြောဖြစ်ခဲ့လဲ”

ကျွဲ။  ။ ”ဒူးထောင်ပေါင်ကားတံဆိပ် ရုပ်သံဌာန၊ ဒုက္ခသီရိအလင်း တို့ရဲ့ ပြည်သူဗဟိုပြုမီဒီယာအကြောင်း၊ ပြီးတော့ တည်ငြိမ်အေး ချမ်းမှုလိုလားသူ ရပ်မိရပ်ဖတို့ရဲ့ ရိုက်ချက်”

ဒူးကြီး။  ။ ”ဟုတ်ပြီ၊ အဲဒါတွေကို ဘယ်လို ကောက်ချက်ချနိုင်မလဲ။ သတင်းသမားပီသစွာ လိုတိုရှင်း၊ ကျစ်ကျစ်လျစ်လျစ် ပြောစမ်း ကွာ။ ဒါဖြေနိုင်ရင် ဒီနေ့ သင်တန်းဆင်းမယ်”

ကျွဲ။  ။ ”ပြည်သူကို ပြည်သူနဲ့တိုက်”

          ရန်လိုကျွဲ၏ အဖြေကြောင့်   ဝါရင့်ချိုကုပ်ဒူးကြီးက အားရ ဝမ်းသာစွာဖြင့် စားပွဲကို ဘုံးခနဲ လက်ဖြင့် ပုတ်လိုက်သည်။

ဒူးကြီး။  ။ ”မှန်လိုက်တာ၊ တော်လိုက်တဲ့ သင်တန်းသားလေး။ ဒါဆို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ဆိုတဲ့အကြောင်း မင်း သဘောပေါက်ရောပေါ့ကွာ။ ဟုတ်သကွ… ငါးကြင်းကြော်ဖို့ အတွက် ဆီကို တကူးတက ဝယ်နေစရာမလိုဘူး။ သူ့ဆီနဲ့ သူ့ကို ပြန်ကြော်လိုက်ရုံပဲ ဆိုတဲ့သဘောပေါ့ကွာ။ ဟား ဟား ဟား”

          ဤသို့ဖြင့် သိမြင်နှံ့စပ်သူ ဝါရင့်ချိုကုပ်ဒူးကြီး၏ အရေး အသားသင်တန်းပို့ချချက်  ပထမနေ့ ပြီးလေ၏။အကြီးတန်းသတင်းထောက် ရန်လိုကျွဲလည်း ပြည်သူဗဟို ပြုမီဒီယာ၏သဘောသဘာဝ၊ တည်ငြိမ်အေးချမ်းမှုလိုလားသူ ရပ်မိရပ်ဖတို့၏ သဘောသဘာဝအကြောင်း သိသွားလေသတည်း။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."