ခေတ်ပြောင်းသည်ကို မသိလိုက်ပါ

ခေတ်ပြောင်းသည်ကို မသိလိုက်ပါ

၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ သရော်စာဆောင်းပါးဖြစ်ပါသည်

ဘစီရေးသည်။

”ကိုဘစီသရော်စာလုပ်ဦးလေ”ကိုဉာဏ်လင်းကအမိန့်လှမ်းပေးတယ်။ ကြောက်ရပါတယ်။စိတ်များလည်း ညစ်ပါတယ်။ ရေးစရာမရှိဘူးဗျာလို့ ပြန်ပြောမိပေမယ့်မရှိ၊ရှိတာရေးဆိုတော့ ခွမကျလားဗျာ။ဒီလူတွေဟာ တယ်နားလည်မှုမရှိတဲ့သူတွေလို့ဆိုရင်သူတို့ကမကြိုက်ချင်ဘူး၊ကျုပ်ကစာရေးတဲ့သူပဲ။ စာရေးမှထမင်းစားရတဲ့သူပဲ။ ရေးချင်တာပေါ့ဗျာ။ နို့ပေမဲ့ ကိုယ်ရေးတဲ့ နယ်ပယ်က ထေ့စာ၊ သရော်စာ မဟုတ်လား။ ကိုယ့်ရှေ့က ဆရာသမားများအပြောအရ သရော်စာရေးတဲ့သူဆိုတာ လောကဖြစ်အင်ကို ရွဲ့စောင်းစွာ ကြည့်မြင်တဲ့ သူတွေလို့ ဆိုသကိုး။

            အဲတော့ ဘစီတို့မှာ ဘာကိုကြည့်ကြည့် တလွဲကြည့်၊ ပြောင်းပြန်ကြည့်၊ ရွဲ့ပြီးကြည့်တယ်။ မြင်တာလေးတွေကို အပြောခံရ သူလည်း မနစ်နာ၊ ဖတ်ရသူများလည်း ဘဝင်ဟပ်ကျေ နပ်၊ ကိုယ့်လည်း အမှုမပတ်ရအောင် ရေးရတယ်ပေါ့ဗျာ။  ရေဖြန်း ထားတဲ့နေရာကို မီးခိုးဗုံးနဲ့ လှမ်းထုသလိုပေ့ါ။ အပစ်ခံရတဲ့နေရာ၊ အပစ်ခံထိတဲ့သူတွေ မီးလောင်၊ ပြာကျ ဖြစ်ရပေမယ့် တကယ့် အရင်းစစ်တော့ မီးခိုးဗုံးနဲ့ ထုတာပါဟဲ့၊ နင်တို့ပြောသလို မီး လောင်ဗုံးမဟုတ်ဘူး၊ မီးခိုးဗုံးနဲ့ ရေနဲ့ထိသွားလို့သာ မီးလောင်ရ တာပါလို့ ဥပဒေကို လက်တစ်လုံးကြား လှည့်စားစကားဆိုကြရ သလိုမျိုးပါဗျာ။

            ပြောချင်တာတော့ဗျာ၊ ကျုပ်တို့ သရော်စာ ရေးကြတယ် ဆိုတာ သရော်စရာရှိမှ၊ အမြင်မတော်တာကလေးရှိမှ ရေးလို့ရ တာကလား။ အားလုံးကောင်းနေရင်၊ အဆင်ပြေပြေဖြစ်နေရင် ရေးဖို့မလိုဘူး။ ရေးရင်လည်း မလိုတမာ စွပ်စွဲပြောဆို ရေးတဲ့စာပဲ ဖြစ်မှာပေါ့။ ကျုပ်စိတ်ညစ်တယ်ဆိုတာ အဲဒါပါ။ အခုတလော ရေးစရာ တယ်ခန်းတယ်ဗျာ၊ ကျုပ်ကိုယ်တိုင်က အမြင်မစူးရှ၊ အနုပညာမချွန်မြတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ခင်ဗျား တု့ိမော်ကွန်းအယ်ဒီတာတွေက သရော်စာတစ်ပုဒ် လုပ်ပါဆိုတုန်းက ကုန်ကြမ်းပြတ်နေတယ်လို့ ပြောမိတာပေါ့။

            ရေးစရာတွေ ရှာခဲ့ပါတယ်။ ပြည့်သူ့ဝန်ဆောင် သတင်းစာဆိုတာတွေလည်း ဖတ်တယ်ဗျာ၊ အစိုးရသတင်းစာ ပြောတာ သိပ်စိတ်မချလို့ ပုဂ္ဂလိကဂျာနယ်တွေ ဖတ်တယ်။ နောက် အစိုးရရုပ်သံလည်း ကြည့်တယ်။ ပြင်ပရုပ်သံဆိုတာလည်း နားထောင်တယ်။ သင်္ကြန်တွင်းတစ်တွင်းလုံးလည်း နေမထိ ရေမထိ အိမ်ထဲနေပြီး ရေးစရာ ကုန်ကြမ်းရှာတယ်။ ရေးစရာထက် ကျုပ် အမြင်မှောက်မှား အဆိုးမြင်သမားဖြစ်နေတာကိုပဲ ကိုယ့် ဟာကိုယ် ပြန်တွေ့တယ်တယ်။ အလို…ဘစီ အမြင်တွေ မှားခဲ့တာ ပါကလား။ အမှန်တွေ မမြင်ခဲ့ပါကလား။ အခုအခါမယ် တိုင်းပြည် ကြီးပြောင်းနေခဲ့တာ သနားစရာ မောင်ဘစီခမျာ ဘာမှမသိခဲ့ရှာ ပါကလား။

            အလန့်တကြား ကြည့်မိတော့မှ အမြော်အမြင်ကြီးလှတဲ့ သမ္မတကြီးရဲ့နောက်မှာ ပြည်သူပြည်သားတွေ တစ်လှေကြီးပါ ကလား၊ အားလုံးရဲ့  ‘အမေစု’တောင်မှ လွှတ်တော်တင်မက တပ်မတော်နေ့ စစ်ရေးချီကွင်းထဲမှာ ဘဘဗိုလ်ချုပ်ကြီးတွေနဲ့ အတူထိုင်လို့ပါကလား။ သတင်းမီဒီယာတချို့ကလည်း ‘သော ကြာကြယ်အလား ရှေ့သို့သာသွား ဘဘသမ္မတကြီးခင်ဗျား’ဖြစ်နေပါရော့လား။ အစိုးရ ဘဝင်မကျလို့ ပုဆိန်ရိုးဘဝ ရောက်ခဲ့ရတဲ့ သတင်းဌာနတချို့က အစိုးရရုပ်သံမှာ အကြံပေးကြ၊ သင်တန်းပို့ချ ဟန်ရပန်ရဖြစ်လို့ပါကလား။  အစိုးရက နောက်ကြောင်း မပြန်ဘူးတဲ့၊ ပြီးတော့ ငါတို့နောက်ကြောင်းလည်း အတိုက်အခံ တွေ ပြန်မလှန်ကြနဲ့၊ အပေးအယူတူမျှ သဘောတွေညီကြ ဖြစ် နေတာကလား။

            ဈေးကွက်စီးပွားရေးမှာ မြိုးမြိုးမြက်မြက်ရဖို့ အာဏာရှင် မှူးကြီးများနဲ့ ပလူးခဲ့ကြတဲ့ ခရိုနီဆိုတဲ့ နာမည်ဆိုးရခဲ့ကြသူတွေကို လည်း ကြည့်ပါဦးလေ။ ပြေ(ပြည်)အမှုမှာ အမေစုနဲ့အတူ ထမ်း ချင်ကြသတဲ့။ ဒီမိုကရေစီရေစီးကြောင်းမှာ အသပြာ ချောင်းစီး လှူကြဟယ်၊ တန်းကြဟယ်နဲ့။ အလှူခံပုဂ္ဂိုလ်တွေမှာ သူခိုးလက် က တစ်ဝက်လု ခေတ်သစ်ရော်ဘင်ဟုတွေဟု နောက်တီး နောက် တောက်ပြောသူက ပြောတယ်။ ခရိုနီ၊ ခရိုပြာတွေအကြား အလို တူအလိုပါသမားတွေပါလားလို့  သမိုင်းမှာ မျက်စိလည်သူတွေ လည်း မနည်းဘူးဗျို့။

            မည်သို့ဆိုစေ၊ ကောင်းလေစွတကားလို့ သာဓုခေါ်ရမှာပါ ကလား။ အရင်က အမေ၊ အမေလို့ ခေါ်သူတွေက အခုအခါ အဘ အဘနဲ့ ဖြစ်ကြပြန်ပြီ။ အဘ၊ အဘ အားရအောင် ခေါ်ခဲ့သူတွေက အခုတော့ အစ်မ၊ အမေ ခေါ်နေကြပြီ။ တယ်ဟုတ်ပါလား။

            ဒါဆိုလည်း ပြီးရောပေါ့၊ ဘစီတို့က အမြင်မတော်၊ ဘဝင် ချော်တာရှိမှ စာရေးတာ။ အခုက အားလုံးကောင်းနေတော့ ရေး ဖို့ရာ မလိုဘူး။ အားလုံးအမြင်တော်တယ်။ အားလုံးကောင်းတယ်။ လွှတ်တော်ထဲမှာ ကြည့်မလား၊ အားလုံး အငြိမ်ပဲ။ အတိုက်အခံ ဘက်ကြည့်မလား၊ နိုင်ငံရေးဗလာ၊ တိုက်ပွဲနတ္ထိ။အားလုံးကောင်း မှတော့ ဘာအတိုက်အခံလုပ်စရာရှိမတုံး။ အစိုးရနဲ့ သဘောညီမျှ လမ်းတူကြမှတော့ လက်တွဲလျှောက်ရုံရှိတာပေါ့။လူထုရဲ့အမှောင်ကို ခွင်းပြီး အလင်းဆောင်ကြရုံရှိတာပေါ့။ ဘစီပဲ တစ်ယူသန်ကြီး။ ဘယ်အစိုးရတက်တက် ဆော်ပလော်တီးဖို့ ကြံနေတာ ကျုပ်တစ်ယောက်ပဲ ကျန်တော့မယ်။ (မေ့နေလို့ဗျ၊ မော်ကွန်းမဂ္ဂဇင်းလည်း ရှိပါသေးတယ်)

            ကိုယ့်တိုင်းပြည်ကို အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေ အခုလို ညီညွတ်တာ ဘစီ သိပ်ဝမ်းသာတယ်။ သမ္မတကြီးကို လက်ဆွဲ နှုတ်ဆက်ချင်လိုက်တာဗျာ။ စက်နဲ့ ခုန်နေရတဲ့ သမ္မရဲ့ ရင်ခုန်သံကို ကြားချင်လိုက်တာဗျာ။ ခက်တာက ကိုယ့်ရှေ့မှာ သမ္မတကို လက်ဆွဲ၊ သွားဖြဲပြချင်တဲ့သူတွေက များနေတော့ တန်းစီစောင့်နေရ တယ်။ သမ္မတနဲ့တွေ့ရင် သွားဖြဲပြီး ရယ်ပြနိုင်အောင်လို့ သွားတွေ ကို လေဆာသွားတိုက်ဆေးနဲ့ တိုက်ထားတယ်။  ဘစီအလှည့်က နောင်ဘဝအထိ စောင့်ရမလား မှတ်ရတယ်။ ဘယ်လိုပဲဆိုစေ သမ္မတကြီး ကျန်းမာပါစေ။

            အင်း…ဒီကြားထဲ လွှတ်တော်က ပြောတယ်။ ပင်စင်တွေ တိုးမယ်၊ ဝန်ထမ်းလစာတိုးမယ်။ သမ္မတက ပြောတယ်။ တယ်လီ ဖုန်းကတ်ကို ငွေတစ်ထောင်လောက်နဲ့ရောင်းမယ်။ အမတ်မင်း များ သက်ရှည်ပါစေ၊ ကျန်းမာပါစေ။ မြို့မေတ္တာခံယူမယ့် သား တွေပါခင်ဗျ။

            သမ္မကြီးပြီးတဲ့နောက် ကျုပ်တို့ရဲ့ ‘အမေစု’ရှိရာ တပ်တော် ဦးဆီ မျှော်ကြည့်မိတော့ ‘ဒီမှာ…ပြဿနာတွေတက်၊ ပြဿနာ တွေတက်’ဆိုပြီး အရပ်ထဲ ကလေးတွေ စက်သေနတ်ပစ်သလို အော်နေတဲ့ ဟစ်ဟော့သီချင်းလိုပဲ။ နတ်ရှင်နောင်သီချင်းထဲက လိုလည်း တပ်တော်ဦးဆီ မျှော်ကြည့်တဲ့အခါ တံခွန်တွေ၊ အလံတွေ မမြင်ရဘူး။ ရဲမာန်ပွားလောက်စရာ စိတ်တက်ကြွမှုတွေ လည်း မတွေ့ရဘူး။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် ဆိုတာထက် လက်ပံတောင်းတောင်ခြေမှာ လူထုနဲ့ အမေစုတို့ တစ်တွေ ချင်းစိမ်းနဲ့ မိတ်သလင် သူကြင်မှ ကိုယ်ကြင်မယ်ဆိုတာ မျိုး ဖြစ်ခဲ့တယ်။ မှားကုန်တော့မယ်လို့ ဘစီတို့က တွေးနေတုန်းရှိ သေးတယ်။

            လက်ပံတောင်းတောင် ဖုန်တောထဲမှာ နွမ်းလျနေတဲ့ အမေ့မျက်နှာကို လူထုက ကရုဏာသက်သွားတယ်။ အထူး သဖြင့်တော့ မီဒီယာသမားတွေပဲ။ အမေ့ကို မထိနဲ့။ အမေ့ကို ဝေဖန်ရအောင် မင်းတို့က ဘာအဆင့်ရှိလို့လဲ၊ ရွာသားတွေရဲ့၊ အမြော်အမြင် နုံနဲ့သူတွေရဲ့။ ငွေကြေးဆင်းရဲ ပညာမွဲသူတွေရဲ့၊ အမေ့မထိနဲ့ မီးပွင့်သွားမယ်၊ ပေါင်းလန်ဗြောင်းဆန်အောင် ရေးလိုက်ကြတာ။

            အဲဒီဒေသခံတွေကတော့ ထင်မှာပေါ့လေ။ ထိလည်း မထိရဲ ပါဘူးရှင်၊ မီးလည်း မပွင့်ပါရစေနဲ့ဦး၊ အရင်မီးကြောင့် စုတ်ပြတ် သွားတဲ့ အရေပြားတွေတောင် ဆေးကုလို့ မပျောက်သေးပါဘူးရှင် လို့ စိတ်ထ ဲပြန်ပြောနေမှာပေါ့။ ကလောင်သွားတွေ ထက်ခဲ့တာ ပြောပါတယ်။ သတင်းထောက်လက်ချက်က မိုးကြိုးလက်နက် ထက်ပြင်းသဟဲ့လို့ အစွမ်းပြခဲ့များ ပြောပါတယ်။ သြော်…ချစ် ကြပေတာကိုးလို့ မှတ်ပါတယ်။ ပူဇော်ထိုက်သူကို ပူဇော်တယ်ဆို တာ မင်္ဂလာမို့လား။ တို့မြန်မာတွေ ဒီမိုကရေစီခေတ်ဦးမှာ မင်္ဂလာ တရားတော်အတိုင်း နေထိုင်မှုပြုကြတာပဲ။ ဘစီတို့ သိပ်ဝမ်းသာ တယ်။

            သြော်…တရုတ်ကြီးများတို့လည်း ဟန်ကို မဆောင်နိုင်ဘူး။ ဒီမှာ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌက ရှင်းလို့ လင်းလို့မှ မပြီးသေးဘူး။ ကာယကံရှင်တွေ ဘဝင်ကျ၊ အမြင်လှအောင် ရှင်းပြလို့မှ မရသေးဘူး။ ရိုက်လက်စ ဖဲအိမ်ကို ပြန်သိမ်းပြီး ဖဲအသစ်ပြန်ချိုးတယ်။ စီမံကိန်းဒေသ ဖွံဖြိုးစေရမယ်။ ငွေတွေထပ်သုံးမယ်။ ဒီကြေးနီတွေတော့ ဆက်တူးရရင်ပြီးရော၊ ပေါက်ဖော်တွေက စေတီနာရှိတယ်တဲ့။ အင်း…အခုလို ပြေလည် သွားတာကြားရတော့ ဘစီဝမ်းသာတယ်။ ဒေသခံတွေရဲ့ မျက်ရည်နဲ့ မျက်ခွက်တွေကိုတော့ မေ့လိုက်တော့မယ်။ သင်္ကြန်မှာ အလန်းကလေးတွေပဲ ကြည့်တော့မယ်။

            ကျုပ် အဲဒီလို ကုန်ကြမ်းရှာရင်း သင်္ကြန်နားနီးလာခဲ့တယ်။ မနှစ်တုန်းကလိုပဲ ဒီနှစ်သင်္ကြန်မှာ ဖော်ကြ၊ ချွတ်ကြတာတွေကို ရေးမယ်။ မူးကြ၊ ရူးကြ၊ မူးရင်း ရူးရင်းနဲ့ ပလူးကြတာလေးတွေကို မြူးမြူးကြွကြွလေး ရေးလိုက်စမ်းမယ်ပ။ သို့ပေမဲ့ နှမ်းအထွက်က မှန်းချက်နဲ့ မကိုက်ပြန်ဘူး။ သင်္ကြန်မတိုင်ခင်ကတည်းက လုံလုံ ခြုံခြုံကလေးတွေဝတ်ကြဖို့ အစိုးရက နှိုးဆော်နေကြတယ်။ သပြေခက်နဲ့ ရေပက်တဲ့ခေတ်ကို လွမ်းပြတယ်။ ဒါလည်း မြန်မာ့ ယဉ်ကျေးမှုနဲ့အညီပေါ့။ ကောင်းပါတယ်၊ အမြင်မတော်တာတွေ ရေးစရာမလိုတော့လည်း ဘစီသက်သာတယ်။

            သင်္ကြန်ရက်မှာလည်း ရုပ်သံသတင်းထဲ ထိုင်ကြည့်တယ်။ ဒီနှစ် လုံလုံခြုံခြုံနဲ့ ပျော်ကြသတဲ့။ မူးတာ၊ ရူးတာ သိပ်မရှိဘူးတဲ့။ သပြေခက်နဲ့ ရေပက်ကြသတဲ့။ တစ်ခါ အစိုးရလူကြီးမင်းများ လည်း ပျော်နေလိုက်ကြတာ။ ပြည်သူတွေနဲ့ တစ်သားတည်းပဲ။ တစ်ခုတော့ ထူးတယ်။ အဆိုတော်ဇော်ဝင်းထွဋ်ဆောင်းလေ့ရှိ တဲ့ နွားကျောင်းသားဦးထုပ်ကြီးတွေကို အစိုးရဝန်ကြီးအများစု ဆောင်းထားကြတာပဲဗျ။ ဒါနဲ့ တီဗီထဲ ပြူးပြဲကြည့်ရသေးတယ်။ အမေရိကန် နွားကျောင်းသားရုပ်ရှင်ကားထဲကလို မြင်းတွေ များတွေ့ရမလားလို့။ ခါးမှာတော့ ဟိုးတုန်းကလို ခြောက်လုံးပြူး မပါတော့ဘူး။

            အလန်းလွန်၊ အလွန်းလန်းလေးတွေကို လွတ်လပ်လာတဲ့ မီဒီယာတွေမှာ မမြင်ရတာတော့ ဘစီ စိတ်နာတယ်။ ဒါနဲ့ သတင်း အပြီးမှာ မြန်မာ့ရုပ်သံများမှာ နှစ်များစွာ ဖောဖောသီသီ လွှင့်နေ တဲ့ ကိုရီးယားကားကလေးတွေပဲ ထိုင်ကြည့်ပစ်လိုက်တယ်။ ကိုရီး ကားတွေမှာ မင်းသမီးကလေးတွေရဲ့ ဘောင်းဘီတို၊ စကတ်တိုတို့ က ပေါင်အရင်းအထိမြင်ရတယ်မဟုတ်လား။ အစိုးရမီဒီယာ ပွင့်လင်းမြင်သာမရှိဘူးလို့ မလိုသူတွေပြောတာ ကျုပ်မယုံကြည် တော့ဘူး၊ အခု ဘယ်လောက်ပွင့်လင်းသလဲ။ မြင်သာသလဲ။ လေ ဝင်လေထွက်လည်း ကောင်းတယ်။ ကိုယ့်မြန်မာမကလေးတွေ ပေါင်အရင်းပေါ်အောင် ဝတ်နေတာက လမ်းထိပ် ထွက်ကြည့်ရင် တောင်မြင်ရတယ်။ ကိုရီးယားသွားကြည့်ဖို့က လွယ်မှတ်လို့။ ကျေးဇူးတင်တယ်။

            မီဒီယာဆိုလို့ ဆက်ပြောလိုက်ဦးမယ်။  ပုဂ္ဂလိကသတင်းစာ တွေ အခုထွက်လာပြီ။ ဘစီတို့က ကြိုဆိုတယ်။ ဒါနဲ့ ဖတ်ကြည့် တော့ နေ့စဉ်ထွက် ဂျာနယ်တွေပါကလားလို့ ဘစီက မှတ်ချက် ပေးမိပါတယ်။ ဒီအသံကိုကြားတော့ အယ်ဒီတာတစ်ယောက်က အခုလိုကြိမ်းတယ်။”ကိုဘစီ ခင်ဗျားနားမလည်ရင် ဝင်မပြောပါနဲ့” ”ဗျာ”

            ”ကျုပ်တို့က ဟိုတုန်းက သတင်းစာတွေ ချမပေးလု့ိ၊ ထုတ်ခွင့်မရခဲ့လို့ ဂျာနယ်ကို သတင်းစာလို ထုတ်ခဲ့တာ။ အခု သတင်း စာချပေးပြီဆိုတော့ သတင်းဂျာနယ်ဆိုတဲ့နေရာမှာ ‘ဂျာနယ်’ဆို တာကို ဖျက်ပြီး  ‘စာ’ဆိုတာကလေး ပြောင်းလိုက်ရုံပဲ”

            သူပြောမှ ကျုပ် မောင်ဘစီ ဂျာနယ်နဲ့ သတင်းစာ ဘာကွာ သလဲဆိုတာ သဘောပေါက်တော့တယ်။ ဒါကြောင့် အခု နှစ် ၅ဝ လောက် ပျောက်ဆုံးနေခဲ့တဲ့ ပုဂ္ဂလိကသတင်းစာတွေကို ဘစီ ချီးကျူးတယ်။ လုပ်ကိုင်သူများကိုလည်း လေးစားတယ်။ သူတို့ရဲ့ အတတ်ပညာကိုလည်း တကယ်အားကျတယ်ဆိုတာ ပြောချင်ပါ တယ်ခင်ဗျ။

            ကျုပ်မှာ ရေးစရာမရှိလို့ ရေးစရာတောင်ရှာမြောက်ရှာလုပ် နေရတာကို ပြောပြနေတာပါ။  ဘာမှ မဟန်ဘူး။ အားလုံးဟာ ဟုတ်နေတာပဲ။ ကဲ…ဒါနဲ့ ရဲတပ်ဖွဲ့ဝင်တွေဘက် လှမ်းကြည့်မိ တယ်။ ဒီရဲသားကြီးတွေဟာ ကျုပ်တို့ကို အမြဲအနိုင်ကျင့်ခဲ့တာ။ ငွေညှစ်ခဲ့တာ။ လာဘ်ယူခဲ့တာ။ သူတို့က ‘ကူညီပါရစေ’လို့ ပြော မှာကိုပဲ ကြောက်နေရတာ။ သူတို့ကူညီတာက ‘ထိရောက်’တယ် လေဗျာ။ အမှုအခင်းဖြစ်လို့ကတော့ လာဘ်ပေးရတာနဲ့ ကာယကံ ရှင်တွေမှာ အတော် ‘ထိ’ကြတယ်။ နောက်ဆုံးတော့လည်း အချုပ်ထဲ ‘ရောက်’ရတာပါပဲ။

            ဟုတ်ပြီ။ ပြည်သူ့ရဲတွေအကြောင်း ဘစီရေးမယ်ဟေ့ လုပ် နေတုန်း ကြေညာချက်တစ်ခု ထွက်လာတယ်။ ပြည်သူ့ရဲတွေကို မကျေနပ်ရင် တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို ကြေညာတယ် ဗျာ။ ကျုပ်သိပါပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကို သန့်ရှင်းသော အဖွဲ့ကြီးဖြစ်အောင် နိုင်ငံတော်က လုပ်နေပြီ။ အဲ…အဲ…သမ္မတ ကြီးက လုပ်နေပြီ။ သန့်ရှင်းသော အစိုးရရဲ့လက်အောက်က ဝန်ကြီးဌာနပေါင်းစုံကလည်း သန့်ရှင်းသော အဖွဲ့အစည်းတွေ ဖြစ်ရမယ်မဟုတ်လား။ ဒါကြောင့် အစိုးရ အဆောက်အအုံတွေကို ဆေးသစ်တွေ ပြန်သုတ်နေတာပဲ။ ဘစီ သဘောပေါက်ပြီ။

            ဒါနဲ့ ပြည်သူ့ရဲတွေအကြောင်း မရေးတော့ပါဘူးလေလို့ ဆုံး ဖြတ်လိုက်တယ်။ နေပါစေတော့။  နောက်ဆုံး မော်ကွန်းမဂ္ဂဇင်းကို သရော်စာ မပေးရလို့  စာမူခမရလည်း နေပါစေတော့။ ဆပ်ပြာ မှုန့်လုပ်ပြီး သမ္မတကြီးဆီ တိုက်ရိုက်ရောင်းမယ်။ သန့်ရှင်းသော အစိုးရဖြစ်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကျုပ် ဘစီ ကူညီခွင့် ရချင်တယ်။ နောင် လာဘ်ယူချင်တဲ့ ဝန်ထမ်းတွေကိုလည်း ဆပ် ပြာမှုန့်ပဲ ပေးတော့မယ်လို့ အခု ဆုံးဖြတ်လိုက်ပြီ။

            ကဲ…အားလုံးကောင်းနေမှတော့ သနားစရာ စာရေးဆရာ ပေါက်စနကလေး မောင်ဘစီရေ မင်းဘာရေးမှာတုံးဟ။ စဉ်းစား စမ်း။ မင်းပတ်ဝန်းကျင်ကို မျက်လုံးကျယ်ကျယ်ဖွင့်ကြည့်စမ်း။ နားကို အသားကုန်စွင့်လိုက်စမ်း။ ခြေဖျားထောက်ပြီး ဝေးဝေးကို မြင်အောင်လုပ်စမ်း။ ကျုပ်ကိုယ်ကျုပ် ဒေါသထွက်နေတယ်။ ‘တင်း’နေတယ်ပေါ့ဗျာ။ စာရေးစရာ ကုန်ကြမ်း မရလေ တင်းလေ ပဲ။ မော်ကွန်းအယ်ဒီတာတွေကို အရင်တင်းတယ်။ ဘာကြောင့် ကျုပ်ကို စာမူလာတောင်းရတာလဲ။ အမိန့်ပေးပြီး ရေးခိုင်းနေရ တာလဲ။

            ဒါနဲ့ တစ်ရက်ကြာသွားတယ်။ နှစ်ရက်ဖြစ်လာပြီ။ အိပ်ရာ က နိုးတာနဲ့ အင်တာနက်ထဲမှာ သတင်းတွေကြည့်တယ်။ အားလုံးကောင်းနေတာပဲ။ အစိုးရသတင်းစာ လှန်တယ်။ မကောင်း တာမရှိဘူး။ အခုထွက်လာတဲ့ ပုဂ္ဂလိကသတင်းစာတွေ ဈေးကြီး ပေမယ့် ဝယ်တယ်၊ အားလုံ အဆင်ပြေ။  အတိုက်အခံနိုင်ငံရေး သမားတွေ ဘာလုပ်နေလဲ။ အစိုးရကို မကောင်းပြောတာ၊ အရင် တုန်းကလို ပျစ်ပျစ်နှစ်နှစ် ဝေဖန်တဲ့ စကားတွေများ မရှိဘူးလား လို့ ရှာကြည့်တယ်။ မတွေ့ဘူး။ အတိုက်အခံတွေလည်း မတိုက်မခံ ဖြစ်ကုန်ပြီလားပေါ့။ ကျုပ် စိတ်ထဲ ဒေါသထွက်တယ်။ ဒေါ်စုလည်း သင်္ကြန်တွင်း ဂျပန်ရောက်နေတော့ သူ့သတင်းတွေလည်း သိပ်မဖတ်ဖြစ်ဘူး။

            ခရိုနီတွေ ဘာလုပ်နေသလဲ။ သူတို့ အခုတလော ဘာလုပ် နေ သလဲ။ ကြည့်တော့ ဆေးရုံကြီးတွေ ဆောက်တာ။ ပညာရေး အတွက် ငွေတွေ သိန်းရာနဲ့ချီနေတာပဲ။ အလှူရေစက် လက်နဲ့ မကွာ ဖြစ်နေကြတာပဲ။ ပြည်သူအများ ဆင်းရဲသားတွေကို ဒါန ပြုနေတာပဲ။ ပြည်သူချစ်သော ခေါင်းဆောင်များနဲ့လည်း ရွှေ လက်တွဲ သဘောညီမျှ ဖြစ်နေကြတာပဲ။ ကောင်းတာတွေလုပ်နေ တာ  ငါ ဘစီက ဝေဖန်လို့မရဘူး။ အကုသိုလ်ဖြစ်မယ်။

            ကဲ…မပြေးသော်ကံရာရှိ၊ နောက်ဆုံးတစ်နေရာတော့ ငါ့ အတွက် ရေးစရာရှိရမှာပဲ။  မင်းသားကြီးမြတ်လေးရဲ့ သီချင်းကို ဖျက်ဆီးပြီးပြောရမယ်ဆိုရင်တော့ ရေမြေဆုံးစေတော့ မတွေ့ တွေ့အောင်ဖွေရှာ အသေအချာ ရေးရဦးမယ်ဆိုပြီး မျှော်လင့်ချက် အလံကို အဝေးဆုံးထိ မြှင့်တင်ထားတယ်။ ဒီတစ်ခါတော့ အကြံ ရပြီ။ လွှတ်တော်ထဲမှာ ငါ အပြစ်ပြောစရာကိစ္စ တစ်ခုတလေတော့ ရှိမှာပဲလေလို့ တွေးမိတယ်။ ကျုပ် ပျော်လိုက်တာဗျာ။

            ဒီတော့ လွှတ်တော်အမတ်တွေ ဘာမှားနေသလဲ။ ခေါင်း ပေါင်းပေါင်းတာ မှားသလား။ ပုဆိုးချက်ပြုတ် ဝတ်ထားသလား။ ကွမ်းစားထားသလား။ အစည်းအဝေးလုပ်နေတုန်း အိပ်ငိုက်နေ သလား။ အရင်တုန်းကလို ပြောမှားဆိုမှား ရှိသေးလား။ လွှတ် တော်သတင်းကို မျက်တောင်မခတ်စတမ်းကြည့်တယ်။ ဂျာနယ် တွေဖတ်တယ်။ ကျုပ် အတွေးမှန်တယ်။ တွေ့ပြီ၊ သတင်းတစ်ပုဒ် တွေ့ပြီ။

            လွှတ်တော်အမတ်တစ်ယောက်က ပြောတာဖြစ်ပါတယ်။ သူတို့ လွှတ်တော်အမတ်အများစုဟာ မသိနားမလည်မှုတွေ များ ပါတယ်တဲ့။ လွှတ်တော်ဥက္ကဋ္ဌကြီးက မတတ်နားမလည်သော ကိုယ်စားလှယ်များစွာကို ဦးဆောင်နေရပါတယ်တဲ့။ သူသာ အလုပ်မလုပ်နိုင်တော့လို့ရှိရင် လွှတ်တော်ကြီးပင်လျှင် ရပ်ထားရ နိုင်ဖွယ်ရှိပါတယ်တဲ့ဗျ။

            သူက ဆက်ပြောသေးတယ်။ သူကိုယ်တိုင် လွှတ်တော် အမတ်တစ်ယောက်ဆိုပေမယ့် ဘာမှ နားမလည်ဘူးတဲ့။ နိုင်ငံ ရေးသမားလည်း မဟုတ်ဘူး၊ နိုင်ငံ့အကျိုးကို ကျရာနေရာက နိုင် သလောက်လုပ်မယ်ဆိုပြီး လွှတ်တော်ထဲရောက်ခဲ့တာ။ တကယ် ဘာမှ နားမလည်ဘူးတဲ့ခင်ဗျ။ အဲဒီအမတ်ပြောတာပါ။ ဂျာနယ် တစ်စောင်မှာ အတိအလင်းပါတယ်။

            လွှတ်တော်ကြီးကို အပြတ်ဆော်မယ်၊ အမှားရှာပြီး အမှန် ဖြစ်အောင်ပြောမယ်၊ ဝေဖန်လိုက်မယ် တကဲကဲ အားခဲထားတဲ့ ကျုပ် အတော်တွေဝေသွားပါတယ်။ နဂိုကမှ လေချင်နေတဲ့စိတ်က ဖမ်းမရအောင် လွှင့်သွားတယ်။ ကျုပ် တစ်ညလုံးလည်း အိပ်မရ ဘူး။ ငို၍ ရယ်၍ မရသော မျက်နှာနဲ့ ဘစီဟာ ငူငူငိုင်ငိုင်ဖြစ်နေ တယ်။ ဒီ လွှတ်တော်အမတ်ပြောတာလည်း အပြစ်မပြောသာဘူး။ ရိုးသားတယ်လို့တောင်မှ ဘစီတို့က ချီးကျုးသင့်သေးတယ်။

            နောက်ဆုံး ကျုပ်သဘောပေါက်တယ်။ မတတ်နားမလည် တဲ့ လွှတ်တော်အမတ်တွေရှိနေတယ်ဆိုရင် ဒီလို မတတ်သူတွေ၊ နားမလည်သူတွေအနေနဲ့ အမှားတွေပြောနေတာ၊ လုပ်နေတာ တွေရှိရင် ကျုပ်တို့က တကူးတက ဘာဝေဖန်ဖို့ရာ လိုမလဲပေါ့ လေ။ သူတို့ထဲက တချို့ကတော့ မသိမတတ်တွေပါလို့ ဝန်ခံထားပြီ မှဟာကို။ ဟုတ်တယ်မို့လား။ သူတို့မှားတယ်ဆိုရင်လည်း မှား တာ ဘာမှ မဆန်းဘူး။

            ဒီတော့ ကျုပ် လွှတ်တော်မကောင်းလည်း မရေးချင်တော့ ပါဘူးဗျာ။ မထေ့၊ မသရော်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အားလုံးကလည်း သမ္မတကြီးတော်တယ်၊ ကောင်းတယ်၊ နိုင်ငံကို တိုးတက်အောင် လုပ်နေတယ်လို့ ပြောနေတာကို ကျုပ်က ဘာမှ အဆိုးမြင်ဝါဒီဖြစ်နေစရာ မလိုဘူးမဟုတ်လား။ အားလုံးကောင်း ပါသည်ခင်ဗျာ။ ကောင်းတာတွေကလည်း အားလုံးပါပဲ ခင်ဗျာ။

            တစ်ခုတော့ ပြောပါရစေ။ ကျုပ်မယ် သရော်စာတစ်ပုဒ် ကောင်းကောင်းရေးဖို့ရာ မဖြစ်နိုင်တော့တဲ့အတွက် နိုင်ငံကို ကောင်းအောင်၊ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာ ထည်ထည်ဝါဝါ ဖြစ်အောင်၊ ပြည်သူများ ကြီးပွားရေး၊ တိုးတက်ရေး၊ ချမ်းသာရေး တို့ကို နေ့ရှိသရွေ့မိမိတို့ ကျရာအခန်းကဏ္ဍမှ အားထုတ်ကြိုးပမ်း နေကြတဲ့ ပုဂ္ဂိုလ်များကို ဘစီအနေနဲ့ မကျေနပ်ပါဘူး။ ဒါကို အတိ အလင်း သိစေချင်ပါတယ်ခင်ဗျ။

            သမ္မတကြီးကို မကျေနပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်ဘူး။ လွှတ်တော်ကြီးကိုမကျေနပ်ဘူး။ အတိုက်အခံ နိုင်ငံရေးသမားတွေကို မကျေနပ်ဘူး။  တပ်မတော်ကြီးကို မကျေ နပ်ဘူး။ သမ္မတကြီးတို့ကို ချီးကျူးကြတဲ့ ပြည်သူတွေကိုလည်း မကျေနပ်ဘူး။ အမေရိကန်ကို မကျေနပ်ဘူး။ ဥရောပသမဂ္ဂကို မကျေနပ်ဘူး။ မီဒီယာတွေကို မကျေနပ်ဘူး။ စာမူတောင်းတဲ့ မော်ကွန်းအယ်ဒီတာတွေကိုလည်း မကျေနပ်ဘူး။  မကောင်းတာ ရှာရေးဖို့ အကြံပေးတဲ့အပေါင်းအသင်းတွေကိုမကျေနပ်ဘူး။ မဒမ်ဘစီကိုလည်း မကျေနပ်ဘူး။ ပြီးတော့ ဘစီ…။ ကျုပ်ကိုယ် ကျုပ် လည်း မကျေနပ်ဘူး။ ဒါပဲဗျာ။ စိတ်ညစ်တယ်။         ။

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."