၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သရော်စာ ဆောင်းပါး ဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။
ဒုက္ခသီရိသည် ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲတွင် ဆယ်စုနှစ်များစွာရှိခဲ့သည်။ ထိုသို့ ရှိနေရာမှ ပေါ်ပြူလာပါတီအစိုးရတက်ပြီး ခြောက် လအတွင်းမှာပင် အပြောင်းလဲကြီး ပြောင်းလဲ ကာ အချမ်းသာဆုံးနိုင်ငံများစာရင်းထဲသို့ ခုန် ပေါက်ဝင်ရောက်သွားခြင်းမှာ အံ့သြဖွယ်တစ်ပါး ဖြစ်သည်။
ကုန်သွယ်ရေးအမြတ်များစေမည့် ရေနက် ဆိပ်ကမ်းစီမံကိန်းတို့ တည်ဆောက်ပြီးစီးခြင်း မရှိသေး၊ ရေနံကြောလည်း အသစ်မထွက်၊ စိန်နှင့် ကျောက်သံပတ္တမြားတွင်းတို့လည်း အသစ်မပေါ်၊ အပြောင်ရှင်းထားသော သစ်တောများလည်း ပြောင်တလင်းခါဆဲကာလတွင် ဤနိုင်ငံက မည် သည့်နေရာမှ ပိုက်ဆံရပြီး မည်သို့ ချမ်းသာလာ သနည်း။ ကမ္ဘာ့ဘဏ်များစွာမှ ငွေချေးပြီး ပြန် မဆပ်သောကြောင့်လော။ ပေါ်ပြူလာပါတီက မှော်အတတ်ပညာ ကျွမ်းကျင်နေ၍လော။ ဘိုး တော်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တို့ အလုံးအရင်းနှင့် ပေါ်ပေါက်လာပြီး ဒေါ်လာတစ်ရာတန် အထပ် လိုက် အထပ်လိုက်ဖန်ဆင်းပေးသောကြောင့်လော။ အာလာဒင်မီးခွက် ပိုင်ဆိုင်နိုင်ခြင်း ကြောင့်လော စသဖြင့် စသဖြင့် ထင်ကြေးမျိုးစုံ ပေးနေကြသော် လည်း ထိုထင်ကြေးများမှာ ထင်ကြေးများသာ ဖြစ်နေလေသည်။
နိုင်ငံတကာက ဒုက္ခသီရိကို သွားရောက်လေ့လာရာ ရုတ်တရက်ဆိုသလို ကြွယ်ဝလာရခြင်း၏ လျှို့ဝှက်ချက်များကို အောက်ပါအတိုင်း တွေ့ရလေသည်။
လယ်ပြန်ပေး၊ မြေပြန်ပေး
ဒုက္ခသီရိရှိ လူလေးယောက်တွင် သုံးယောက်မှာ လယ် သမား၊ တောင်သူများ ဖြစ်ကြ၏။ ယခင် မိုက်လုံးကြီးစစ်အစိုးရများ လက်ထက် မြေသိမ်းယာသိမ်းပွဲများ ခြိမ့်ခြိမ့်သဲ ဆင်နွဲှကြသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူတို့ လယ်မဲ့ယာမဲ့ဖြစ်ပြီးသကာလ မွဲပြာ ကျခဲ့ရ၏။ ဓားပြတိုက်ခံရသောလယ်မြေတို့မှာ စစ်ခေါင်းဆောင် တို့ကို ဖော်လံဖားလုပ်နိုင်သူ လုပ်ငန်းရှင်ကြီးငယ်တို့လက်တွင်း ကျရောက်သွားသည်လည်းရှိသလို ဒုက္ခသီရိစစ်တပ် ထိန်းချုပ် ထားသည်လည်း ရှိ၏။
ပေါ်ပြူလာပါတီ အာဏာရလာသောအခါ ဒုက္ခသီရိ စစ်တပ်က သိမ်းဆည်းမြေတို့ကို ပြန်လည်စွန့်လွှတ်၏။ ခရိုနီ၊ ခရိုဝါ၊ ခရိုရောင်စုံအဖြာဖြာဘွဲ့ရ လုပ်ငန်းရှင်ကြီးငယ်တို့လည်း သိမ်းဆည်း မြေတို့ကို ပြန်လည်စွန့်လွှတ်ကြ၏။ ၎င်း တို့အသီးသီး ရုတ်တရက် လိမ္မာရေးခြားရှိလာပြီး စိတ်ပြောင်းသွားရခြင်း အကြောင်းရင်းမှန်ကို မသိရသေးပေ။
တောင်သူလယ်သမားတို့ လယ်မြေပြန်ရသဖြင့် အလုပ် အကိုင်ရှိလာကြသည်။ ဝမ်းသာအားရ ကြိုးစားကြသည်။ ဝင်ငွေ ပုံမှန်ရှိလာသည်။ သုံးစွဲနိုင်လာသည်။ ဒုက္ခသီရိ၏ အဓိကလူတန်း စား ငွေကြေးအဆင်ပြေလာရာ ရေမြင့်လျှင် ကြာတင့်ဟူသော စကားအတိုင်း နိုင်ငံလည်း ချမ်းသာကြွယ်ဝခြင်းသို့ ရောက်လေ ၏။ ဤကား လျှို့ဝှက်ချက်အမှတ် ၁ ဖြစ်သတည်း။
စစ်အသုံးစရိတ်
ဒုက္ခသီရိစစ်တပ် လိမ်လိမ်မာမာ ဖြစ်လာသကဲ့သို့ ဒုက္ခသီရိ ရှိ လေးဒါဇင်မျှသော သူပုန်အဖွဲ့အသီးသီးသည်လည်း လိမ္မာ လာကြသည်။ တစ်နိုင်ငံတည်းနေသူအချင်းချင်း သတ်ဖြတ်လို စိတ်၊ ပဋိပက္ခ ဖြစ်လိုစိတ်၊ မုန်းတီးလိုစိတ်ဟူသည်မှာ ကျက်သရေ မရှိသော၊ လွန်စွာမိုက်မဲသော ငတုံးတို့၏ စိတ်ဓာတ်ဖြစ်ကြောင်း သဘောပေါက်လာကြ၊ လူလိုသိလာကြသည်။ မည်သည့်အတွက် ကြောင့် ထိုသို့ လိမ္မာလာကြခြင်းကိုမူ လတ်တလော မသိရသေးပါ။
ဒုက္ခသီရိစစ်တပ်နှင့် သူပုန်အဖွဲ့လေးဆယ်ကျော်တို့ စစ် မတိုက်ကြတော့သဖြင့် လက်နက်၊ ကျည်ဆန်ဝယ်ယူဖြည့်တင်း ရခြင်း မရှိတော့ပေ။ တပ်အပြောင်းအရွှေ့ အပါအဝင် ကုန်ကျ စရိတ်များပြားသော လုပ်ငန်းတို့ မရှိသလောက် ဖြစ်သွားသည်။ ပြည်ပရန် ကာကွယ်ရေးကိုသာ အာရုံစိုက်ရန် ကျန်တော့သည်။ ဤတွင် နိုင်ငံ၏ စစ်အသုံးစရိတ် ဝုန်းခနဲ ကျဆင်းသွားလေသည်။ များပြားလှစွာသော စစ်အသုံးစရိတ်ကို ပညာရေး၊ ကျန်းမာရေး စသည့် ပြည်သူအတွက်အကျိုးရှိသည့် နေရာတို့တွင် သုံးရန် လွှတ်တော်တွင် အဆိုပြုရာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်၏။ လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၃၅ ရာခိုင်နှုန်းက ပင် ထိုအဆိုကို ထောက်ခံကြ၏။
စစ်အတွက်အပိုကုန်ကျခြင်း၊ ဝန်ထုပ်ဝန်ပိုး ပျောက်သွား ခြင်းမှာလည်း နိုင်ငံချမ်းသာကြွယ်ဝခြင်း လျှို့ဝှက်ချက်အမှတ် ၂ ဖြစ်သတည်း။
လွှတ်တော်မှ စစ်အရာရှိတို့ ဆုတ်ခွာခြင်း
ဒုက္ခသီရိလွှတ်တော် ကြီးငယ်အသီးသီးတွင် တပ်မတော် သား ကိုယ်စားလှယ် ၃၅ ရာခိုင်နှုန်းရှိသည်။ အရေအတွက်အား ဖြင့်ဆိုလျှင် စစ်အရာရှိပေါင်း ၁,၉၆၅ ယောက်ဖြစ်၏။ အယောက် နှစ်ထောင်နီးပါးသော စစ်အရာရှိတို့ လွှတ်တော်တက်ရသည့် စရိတ်မှာ လွန်စွာများပြားခဲ့သည်။ ယခုအခါ ကုန်ကျစရိတ်မှာ မဆိုစလောက်သာရှိတော့သည်။ အဘယ်ကြောင့်နည်း။ အဖြေ မှာ လွှတ်တော်တစ်ခုလျှင် တပ်မတော်သားကိုယ်စားလှယ်တစ် ဦးသာ တက်ရောက်နေသောကြောင့် ဖြစ်လေသည်။
ယခင်က စစ်အရာရှိတို့ လွှတ်တော်တွင် ဆွေးနွေးငြင်းခုံ သည်ဆိုသော်လည်း အသံမှာ တစ်သံတည်းသာ ထွက်ခဲ့သည်။ တစ်ယောက် ကန့်ကွက်လျှင် အကုန်လုံး ကန့်ကွက်၊ တစ်ယောက် ထောက်ခံလျှင် အကုန်လုံး ထောက်ခံကြသည်။ လွှတ်တော်ပြင်ပ တွင် အထက်အမိန့်ကို မပျက်မကွက် နာခံသော စစ်အရာရှိတို့ သည် လွှတ်တော်တွင်လည်း အထက်အမိန့်၊ အထက်၏ မူဝါဒ အတိုင်းသာ ဆွေးနွေးငြင်းခုံသောကြောင့် တစ်သံတည်း ထွက် ခြင်းပင်တည်း။
ဤသို့ အသံတူ၊ ဆုံးဖြတ်ချက်တူနေလျှင် လွှတ်တော်သို့ အလုံးအရင်း သွားရောက်ပြီး အင်အားပြမနေဘဲ စစ်အရာရှိတစ် ယောက်သာ သွားလျှင် အင်မတန် အလုပ်သက်သာ၊ အချိန်သက် သာ၊ စရိတ်သက်သာမည်ဟူသော အယူအဆကို အကောင်အ ထည်ဖော်လိုက်ရာ လွန်စွာအလုပ်ဖြစ်သည်ကို တွေ့ရလေသည်။ လွှတ်တော်တိုင်းတွင် စစ်အရာရှိတစ်ယောက်သာရှိသည်ကို တွေ့ရ၏။ သူက စစ်တပ်ကိုယ်စား ဆွေးနွေး၏။ ငြင်းခုံ၏။ သဘော တူ၏။ ကန့်ကွက်၏။ လွှတ်တော်တစ်ခုတွင် တပ်မတော်သား ကိုယ်စားလှယ် ၁ဝဝ ရှိသည်ဆိုကြပါစို့။ သူထောက်ခံမဲပေးလျှင် ထောက်ခံမဲ ၁ဝဝ၊ သူကန့်ကွက်လျှင် ကန့်ကွက်မဲ ၁ဝဝ ဖြစ်လေ သည်။ ထို့ကြောင့် အလုပ်သက်သာ၊ အချိန်သက်သာ၊ စရိတ် သက်သာလှ၏။ ဒုက္ခသီရိတပ်မတော်က ဦးဆောင်ချွေတာပြမှုကို တခြားသော ဌာနဆိုင်ရာတို့ကလည်း လိုက်လံတုပလုပ်ဆောင် ကြ၏။
ပြည်သူလူထု၏ပိုက်ဆံကို ချွေတာမှုသည် နိုင်ငံချမ်းသာ ကြွယ်ဝခြင်း လျှို့ဝှက်ချက်အမှတ် ၃ ဖြစ်သတည်း။
ခရီးသွားလုပ်ငန်း အဆမတန် ဖွံ့ဖြိုးလာခြင်း
ပြောင်းလဲလာသော ဒုက္ခသီရိကို ပြည်ပခရီးသွားတို့ တောင်ပြိုကမ်းပြိုလာရောက်လည်ပတ်ရာမှ ဝင်ငွေ သောက် သောက်လဲရရှိခြင်းမှာ နိုင်ငံချမ်းသာကြွယ်ဝခြင်း လျှို့ဝှက်ချက် အမှတ် ၄ ဖြစ်၏။ ခရီးသည်များထဲတွင် ဗေဒင်ဆရာတို့ထံ လာ ရောက်သူလည်း အများအပြားပါဝင်၏။ ပေါ်ပြူလာပါတီ ခေါင်း ဆောင် မည်သည့်နေ့ရက်တွင် ဒုက္ခသီရိကို အုပ်ချုပ်ရသူ ဖြစ်လာ မည်ဟု အချိန်အတိအကျ ဟောပြောနိုင်သည်အထိ ဒုက္ခသီရိ ဗေဒင်ဆရာတို့ အစွမ်းထက်ကြသည်။ ဟောကိန်းထုတ်သည့် အတိုင်းပင် ပေါ်ပြူလာပါတီခေါင်းဆောင်က အကြီးအကဲရာထူး ရသွားသည်။ ထိုရာထူးမှာ ‘သမ္မတကြီးကြပ်ရေးမှူး’ ဖြစ်၏။ အဓိကတာဝန်ကား သမ္မတကို ကြီးကြပ်ရခြင်းပင်တည်း။ ပြည်ပ ဧည့်သည်များသည် ဒုက္ခသီရိတွင် ဗေဒင်ကြည့်လိုသဖြင့် သင်္ဘော စင်းလုံး၊ လေယာဉ်စင်းလုံး ငှားရမ်းကြလေသည်။ ဟိုတယ်များ လုံလောက်မှု မရှိသဖြင့် တိုးရစ်တချို့မှာ လမ်းဘေးပလက်ဖောင်း တွင် အိပ်စက်ရသည်အထိ ဖြစ်လာသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူတတ်သူများထဲတွင် မော်ကွန်းမီဒီယာအဖွဲ့ လည်း ပါဝင်၏။ ရုံးခန်းကို တည်းခိုခန်းအဖြစ် အသွင်ပြောင်း လိုက်ရာ ဝင်ငွေကောင်းလွန်းသဖြင့် သတင်းလုပ်ငန်းကိုပင် စွန့် လွှတ်လိုက်ကြသည်။ ထိုအတောအတွင်း ခရီးသွားလုပ်ငန်း အောင်မြင်သော အိမ်နီးချင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှုဖြစ်ပွားရာ ထိုနိုင်ငံသို့သွားမည့်ဧည့်သည်တို့မှာ ဒုက္ခ သီရိကိုသာ ရောက်လာကြလေသည်။
အိမ်နီးချင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု
အိမ်နီးချင်းနိုင်ငံသည် ဒေသတွင်း အချမ်းသာဆုံးနိုင်ငံများ စာရင်းထဲတွင် ယခင်က ပါဝင်သည်။ သို့သော်လည်း စစ်အာဏာ သိမ်းပြီး စစ်ခေါင်းဆောင်တို့ အုပ်ချုပ်သဖြင့် ထိုနိုင်ငံသည် များ မကြာမီ နိုင်ငံမွဲစာရင်း ကြေညာလိုက်ရလေသည်။ သူတို့၏အခက်မှာ ဒုက္ခသီရိ၏အချက် ဖြစ်သည်၊ ဆိုလိုရင်းမှာ ဒေသတွင်း ကြွယ်ဝသူများစာရင်းတွင် နေရာအပြောင်းအလဲ ဖြစ်သွားခြင်း ပင်။ ဤသည်မှာ အလကားနေရင်းထိုင်ရင်း နိုင်ငံချမ်းသာကြွယ်ဝ ခြင်း လျှို့ဝှက်ချက်အမှတ် ၅ ဖြစ်၏။
ဘတ်ငွေများ၊ ပိုင်ဆိုင်မှုများ အပ်နှံခြင်း
ယခင်အစိုးရအဆက်ဆက် ဘတ်ကီးရိုက်ထားသော (ဝါ) ခိုးယူထား၊ အလွဲသုံးစားလုပ်ထားသော၊ မလျော်သြဇာသုံးပြီး ရရှိ ထားသော ငွေကြေးများစွာ၊ ပိုင်ဆိုင်မှုများစွာကို ပြည်သူ့လက်၊ နိုင်ငံ့လက်သို့ပြန်အပ်သူလည်း အများအပြား ပေါ်ပေါက်လာ သည်။ မိမိတို့၏ မှားယွင်းသောလုပ်ရပ်အတွက် တောင်းပန်ပါ ကြောင်း ဖွင့်ဟဝန်ခံပြီး အစုလိုက်အပြုံလိုက် ပြန်လည်အပ်နှံကြ ရာ နေ့စဉ်လိုပင် လူအများ၏ သာဓုခေါ် တုံ့ပြန်သံများကို ဆူညံစွာ ကြားနေရလေသည်။
အတည်ပြုချက်မရသေးသော်လည်း လူအများစု၏ ယူဆ ချက်အရ ဤလုပ်ရပ်သည် ဒုက္ခသီရိ နိုင်ငံချမ်းသာကြွယ်ဝခြင်း လျှို့ဝှက်ချက်အမှတ် ၆ ဖြစ်၏။
ရင်းနှီးမြှုပ်နှံမှု
ဒုက္ခသီရိ အကြီးအကျယ် ကြွယ်ဝလာမှု၏ လျှို့ဝှက်ချက် အမှတ် ၇ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အလုံးအရင်း တိုးဝှေ့ဝင်ရောက် လာခြင်းပင်ဖြစ်ကြောင်း နိုင်ငံတကာအကဲခတ်တို့က ခန့်မှန်း သည်။ အိမ်နီးချင်းနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ ရေ ရှည်လုပ်စားရန် ကြံစည်မှုကလည်း ရင်းနှီးမြှုပ်နှံသူတို့ကို ဒုက္ခ သီရိဘက်ရောက်အောင် တွန်းပို့သကဲ့သို့ပင်။ ထိုနိုင်ငံမှ အလုပ် သမားတို့သည် ဒုက္ခသီရိသို့ ရွှေ့ပြောင်းလာပြီး လာရောက် အလုပ်လုပ်ကြလေသည်။ ၎င်းတို့၏ လုပ်အားခမှာ လွန်စွာ ဈေး ပေါလှသဖြင့် ဒုက္ခသီရိလုပ်ငန်းရှင်တို့ တွက်ခြေကိုက်လှသည်။ နိုင်ငံ ပိုမိုကြွယ်ဝအလုပ်ဖြစ်လာလေလေ၊ ပြည်ပလုပ်ငန်းရှင်ကြီး တို့ မျက်စိကျလာလေဟု ဆိုရမည်။ ရင်းနှီးမြှုပ်နှံသူတို့မှာ နိုင်ငံ တကာကပင်မက အင်္ဂါြင်္ဂိုဟ်မှပင် ရောက်လာသည်အထိ ဒုက္ခ သီရိ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလေသည်။
အထက်ဖော်ပြပါတို့မှာ ဒုက္ခသီရိ ရုတ်တရက်ဆိုသလို ကြွယ်ဝလာရခြင်း၏ လျှို့ဝှက်ချက်များဖြစ်ပေသတည်း။ ။