အောင်ချက် ဘဲဥကွဲအောင် ရုန်းကန်နေရတဲ့ ချင်းပြည်နယ်က အထက်တန်းကျောင်းများ

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ဟေမာန်ပြည့် ရေးသည်။

နေဝင်သွားသည်နှင့် ပေသုံးထောင်ကျော်အမြင့်ရှိ တောင်တန်းပေါ်က ကျောင်းစာကြည့်တိုက်အတွင်းမှ မီးရောင်မှိန်ပျပျ လင်းလက်လာသည်။  ခဏအတွင်းမှာပဲ ကျောင်းသားများ၏ စာအံသံများ စာကြည့်တိုက်အတွင်းမှ ပျံ့လွင့်လာသည်။

ထိုစာကြည့်တိုက်အခန်းငယ်သည် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်အတွင်းရှိ ဝေဘူလမြို့၏ တစ်ခုတည်းသော အထက်တန်းကျောင်း စာကြည့်တိုက်ဖြစ်ပြီး ယင်းကျောင်း၏ မလှပသော သမိုင်းကို ရိုက်ချိုးရန်  ဆရာများက ကျောင်းသားများအတွက် ညစာကြည့်ဝိုင်း ဖန်တီးပေးထားခြင်းဖြစ်သည်။

ဝေဘူလအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်သူမရှိသည်မှာ သုံးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။

နှစ်တိုင်းနီးပါး တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံး ပြည်နယ်ဖြစ်နေသည့် ချင်းပြည်နယ်တွင် ဝေဘူလ အထက ကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်ချက် သုညဖြစ်နေသည့် ကျောင်းအရေအတွက်မှာ ပြီးခဲ့သည့် သုံးနှစ်အတွင်း  ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကျောင်းပေါင်း ၂၀ ကျော်ရှိပြီး ယင်းအရေအတွက်သည် ချင်းပြည်နယ်ရှိ အထက်တန်းကျောင်း စုစုပေါင်း၏ ငါးပုံတစ်ပုံနီးပါးရှိကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးမှ ရရှိသည့်အချက်အလက်များကဆိုသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားအရေအတွက်မှာလည်း ချင်းပြည်နယ်တွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ၁၆ ရာခိုင်နှုန်းခန့်သာရှိသည်။

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်နည်းပါးသလို အောင်ချက်သုညကျောင်းများ နှစ်စဉ်ဖြစ်ပေါ်နေသည့် အကြောင်းရင်းက တစ်ခုထက်မက အများအပြားရှိနေသည်။

ဝေဘူလအထက ကျောင်းအုပ်ဦးကျော်လင်းအောင်က “အောင်ချက်မြင့်ဖို့က တစ်နှစ်တည်းနဲ့ လုပ်ဖို့မလွယ်ဘူး။ အခြေခံကနေစရမယ်” ဟုဆိုသည်။

ဆရာ မလုံလောက်

အောင်ချက်နည်းပါးရခြင်း အကြောင်းရင်းများတွင် အဓိကအကျဆုံး အကြောင်းအရာတစ်ခုမှာ ဆရာအင်အား မလုံလောက်ခြင်းဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းက သုံးသပ်သည်။

ပညာရေးဝန်ကြီးဌာနမှရရှိသည့် အချက်အလက်များအရ ချင်းပြည်နယ် အခြေခံပညာအဆင့်တွင် ဆရာအင်အား တစ်သောင်းသုံးထောင်ကျော်ခန့်ထားရမည် ဖြစ်သော်လည်း ကိုးထောင်ကျော် ခန့်အပ်နိုင်ပြီး လေးထောင်နီးပါး လိုအပ်လျက်ရှိသည်။

ဆရာအင်အား မလုံလောက်သည့်အခါ ရှိသည့်ဆရာဖြင့်သင်ကြားနေရသည့်အတွက် ဆရာတစ်ဦးလျှင် ဘာသာရပ် လေး/ငါးခု တာဝန်ယူသင်ကြားပေးနေရသည်။

အခြေခံပညာအဆင့်တွင် ဆရာအင်အားမလုံလောက်ခြင်းက သင်ခန်းစာနားလည်မှု အားနည်းစေသည်ဟု ပညာရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။

ချင်းပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က “မူလတန်း၊ အလယ်တန်းမှာ ဆရာ မလုံလောက်တော့၊ ကောင်းကောင်း မသင်ခဲ့ရတော့ ကလေးတွေက အောက်ခြေမပိုင်ဘူး”ဟု ဆိုသည်။

ထို့အတူ ငယ်ရွယ်စဉ်တွင် မိခင်ဘာသာစကားမဟုတ်သည့် မြန်မာစကားဖြင့် သင်ကြားရခြင်းက ပညာအခြေခံ ခိုင်မာရေးအတွက် အဟန့်အတားဖြစ်စေနိုင်သည်ဟုဆိုသည်။

စာသင်ကြားသည့် သက်တမ်းနှစ်နှစ်ဆယ်နီးပါးရှိသည့် ဟားခါးမြို့မှ စံပြဘော်ဒါဆောင်ကျောင်းအုပ် ချင်းလူမျိုး ဦးနီအွေးက ဘာသာစကားအခက်အခဲနှင့်ပတ်သက်ပြီး ကြုံတွေ့ရသည့်အခြေအနေကို ယခုလို ရှင်းပြသည်။

“တချို့စကားလုံးတွေကျတော့ ကျွန်တော်တို့စကားနဲ့ ဘာသာပြန်လို့ မရတာလည်းရှိတယ်။ မမြင်ဖူး၊ မတွေ့ဖူးတာတွေလည်းရှိတယ်။ ဗမာလိုသင်ရတဲ့အခါကျတော့ ဗမာလိုကို တိုင်းရင်းသားဘာသာစကားနဲ့ ပြန်သင်ရတယ်။ တိုင်းရင်းသားတွေအတွက် ပိုခက်ခဲတယ်”

ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် အလယ်တန်းအဆင့်အထိ မိခင်ဘာသာစကားဖြင့် သင်ကြားပါက ကျောင်းသားများအနေဖြင့် အခြေခံပိုင်နိုင်သွားမည်ဟု ထောက်ပြသည်။

“ချင်းတောင်မှာကျတော့ ဗမာစကားသိပ်မပြောကြဘူး။ ချင်းလိုပဲပြောတာ။ ဆရာ၊ ဆရာမ တွေကိုယ်တိုင်က ဗမာလိုဖတ်၊ ချင်းလိုရှင်း လုပ်နေရတော့ ကလေးတွေ တော်တော်များများက နားမလည်ဘူး။ အဲဒီတော့ တော်တော်များများ မူလတန်းကလေးတွေက ဗမာစာအခြေခံမကောင်းဘူး”ဟုသူက သုံးသပ်သည်။

ထို့ပြင် လက်ရှိစာမေးပွဲမှာ တတ်မြောက်မှုပုံစံကိုစစ်ဆေးခြင်းထက် တစ်နှစ်တစ်တန်းတက်ရသည့်အတွက် အခြေခံ မခိုင်ခြင်းက တက္ကသိုလ်ဝင်တန်းရောက်ချိန်မှသာ သိသာထင်ရှားလာစေသည်ဟု သူကထောက်ပြသည်။

“အသက်ဘယ်နှနှစ် ဘယ်လောက်ရောက်အောင် သွားရမယ်ဆိုတဲ့ Assessment (အကဲဖြတ်မှု)က တကယ်တမ်း အလုပ်မဖြစ်ဘူး။ စာမတတ်ဘဲနဲ့ အတန်းတက်လာတယ်”ဟု ဆလိုင်းအိုက်ဇက်ခင်က သုံးသပ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့မှ  ၉ တန်းကျောင်းသား တစ်ယောက်ကို ရန်ကုန်တွင် ကျောင်းထားရန် စီစဉ်ပေးချိန်တွင် ခြောက်တန်းစာလောက်ကိုသာ ဖြောင့်အောင်ဖတ်နိုင်သည့် အခြေအနေမျိုးကို တွေ့ကြုံခဲ့ဖူးသည်ဟု သူကညည်းတွားသည်။

no.68-feature-chin-school-jpg-1

Photo-Kaung Htet San ဟားခါးမြို့နယ် ဆတ္တားရွာ နဝမတန်း စာသင်ခန်း

ကျောင်းအုပ်ဦးနီအွေးကလည်း အခြေခံပညာရေး မခိုင်မာသည့်အခါ တက္ကသိုလ်ဝင်တန်းတွင်  နှစ်ချင်းပေါက်အောင်မြင်မှုက နည်းပါးသည်ဟု ထောက်ပြသည်။

ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က “ပထမတစ်နှစ်သင်တော့ သူတို့ကသိပ်မတတ်သေးဘူး။ ဒုတိယတစ်နှစ် သင်တော့ သူတို့ကတော်တော်လေးကြေညက်လာပြီ။ တတိယတစ်နှစ်သင်ရင်တော့ သူတို့က အောင်နိုင်တဲ့အခြေအနေ ဖြစ်သွားတာကြောင့် ပြင်ပဖြေက များပြီး အောင်လာတာ”ဟု ဆိုသည်။

သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာအရေအတွက် နည်းပါးခြင်းကလည်း အောင်ချက်နည်းပါးရသည့် အကြောင်းရင်းဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ထောက်ပြသည်။

လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်က ချင်းပြည်နယ်တွင် သိပ္ပံတွဲသင်နိုင်မည့် ဆရာအင်အား အပြည့်အဝထားပေးနိုင်ခြင်း မရှိသေးသည့်အတွက် “သိပ္ပံတွဲစိတ်ဝင်စားသူ တစ်ယောက်လောက် ရှိရင်လည်း သူ့ကို ဦးစားမပေးတော့ဘဲ ဝိဇ္ဇာတွဲပဲ ပေးလိုက်တော့တာပေါ့”ဟု ကြုံတွေ့နေရသည့် အခြေအနေကို ရှင်း ပြသည်။

မတူပီမြို့နယ်၊ ရေဇွာအထက်တန်းကျောင်းအုပ် ဦးလျန်ထေက ၎င်း၏ ကျောင်းတွင် တက္ကသိုလ် ဝင်တန်းကျောင်းသား ၂၀ ကျော်အနက် သိပ္ပံဘာသာတွဲယူထားသူ တစ်ယောက်ရှိသော်လည်း ဇီဝဗေဒဘာသာရပ်သင်မည့်ဆရာ မရှိသေးသည့်အတွက် ဇူလိုင်လလယ်ထိ ယင်းဘာသာရပ်ကို စတင်သင်ကြားနိုင်ခြင်း မရှိသေးဟု ဆိုသည်။

ကျောင်းအဆင့်တိုးတာ အဖြေလား

ဆရာအင်အားလိုအပ်ချက်မြင့်မားလာရသည့် အကြောင်းရင်းများအနက် ကျောင်းအဆင့်တိုးများ အဆမတန် များပြား လာခြင်းကလည်း အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။

ကျောင်းအဆင့်တိုးရာတွင် မူလတန်းကျောင်းမှ မူလတန်းလွန်ကျောင်း၊  အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းခွဲ၊ အထက်တန်းကျောင်း စသည်ဖြင့် အဆင့်ဆင့် တိုးမြှင့်ပေးခြင်းကို ဆိုလိုသည်။

အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရာတွင် ကျောင်းသားဦးရေတစ်ခုတည်းကိုသာ ထည့်သွင်း မစဉ်းစားဘဲ သွားလာရေးလွယ်ကူမှု၊ ခက်ခဲမှုအပေါ်  မူတည်ထည့် သွင်းစဉ်းစားပြီး ကျောင်းအဆင့်များ တိုးမြှင့်ပေးသည်ဟု ပညာ ရေးဝန်ကြီးဌာန၏ တတိယတစ်နှစ်တာ လုပ်ဆောင်ချက်တွင် ဖော်ပြသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သုံးနှစ်တာအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာအဆင့် ကျောင်းပေါင်းတစ်သောင်းကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့ပြီး ယင်းတို့အနက် ချင်းပြည်နယ်မှ ကျောင်းပေါင်း ၉၀ဝ ကျော်ပါဝင်သည်။

ကျောင်းအဆင့်များ တိုးမြှင့်ပေးသော်လည်း ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေ နည်းပါးလွန်းသည့် ကျောင်းအများအပြားရှိနေသည်ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ကော်မရှင်သည် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေပျံ့နှံ့မှုနှင့် ပတ်သက်ပြီး ၂၀၁၈ နှစ် ကုန်ပိုင်းမှ ၂၀၁၉ နှစ်ဆန်းအထိ ခြောက်လကြာ လေ့လာခဲ့ပြီးနောက် ကော်မရှင်၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို လွှတ် တော်တွင် ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်၏ လေ့လာတွေ့ရှိချက်အရ  မူလတန်းလွန် ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သော်လည်း မူလတန်း၊ အလယ်တန်း နှစ်ရပ်ပေါင်း ကျောင်းသားဦးရေ ၅၀ ပင်မပြည့်သည့် မူလတန်း လွန်ကျောင်းများ ရှိနေသည်ဟု သူက ထောက်ပြသည်။

ဒေါက်တာမျိုးကြွယ်က “ကျောင်းသစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းအဆင့်တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် လျော်ညီစွာ အကျိုးရှိထိရောက်သော မူဝါဒများ cost-efficient and cost-effective policy နဲ့ ဆောင်ရွက်ဖို့လိုတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

ထို့အပြင် အထက်တန်းအဆင့်ကျောင်းခွဲများတွင်လည်း ကျောင်းသားအင်အားနည်းပါးသည့် ပြဿနာ ရင်ဆိုင်နေရသည်။ ကျောင်းအဆင့်တိုးသော်လည်း အောင်ချက်မကောင်းသည့်အခါ သားသမီးများကို အခြားဒေသရှိ အောင်ချက်ပိုမိုမြင့်မားသည့်ကျောင်းသို့ ပြောင်းရွှေ့ထားကြသည်ဟု ပညာရေးအသိုင်းအဝိုင်းက ထောက်ပြသည်။

ဝေဘူလအထကဆိုလျှင်လည်း ယင်းပြဿနာမှာ နှစ်စဉ်လိုလို ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်။ မိဘများက စာလိုက် နိုင်သည့် ကျောင်းသားအများစုကို အဋ္ဌမတန်းပြီးဆုံးလျှင် အောင်ချက် ပိုမိုမြင့်မားသည့်ကျောင်း (သို့မဟုတ်) ဘော်ဒါဆောင်သို့ ပို့လေ့ရှိသည်ဟု ကျောင်းအုပ်ဦးကျော်လင်းအောင် က ပြောသည်။

no.68-feature-chin-school-jpg-2

photo-kaung htet san
မတူပီမြို့နယ် ဆာတဲကျေးရွာမှ မူလတန်းကျောင်းသားများ

ဝေဘူလမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဦးငွန်ဆိုင်းက “ကိုယ့်ကျောင်းက အောင်ချက်မကောင်းတဲ့အခါ မိဘတွေတော်တော်များများက တခြားကိုရွှေ့သွားကြတယ်။ စာမလိုက်နိုင်တဲ့သူနဲ့ မိဘက မတတ်နိုင်တဲ့သူလောက်ပဲဒီမှာ ဆက်ပြီးကျန်ခဲ့တယ်”ဟု ဖွင့်ဟသည်။

ဟားခါးမြို့နှင့် ၃၈ မိုင်သာကွာဝေးပြီး အိမ်ခြေနှစ်ရာကျော်ရှိသည့် ဆတ္တားရွာတွင်လည်း အလားတူပင်။ ထိုကျောင်းတွင် တက္ကသိုလ်ဝင်တန်းတက်ရောက်မည့်သူမရှိသည်မှာ ယခုနှစ်နှင့်ဆိုလျှင် သုံးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။

ရွာတွင် တက္ကသိုလ်ဝင်တန်းတက်နေသည့် ကျောင်းသားနှစ်ဆယ်ခန့်ရှိသော်လည်း ထိုကျောင်းသားများမှာ ဟားခါး၊ ဂန့်ဂေါမြို့တို့ရှိ ကျောင်းများ၊ ဘော်ဒါဆောင်များကို သွားတက်နေကြသောကြောင့် ဆတ္တားရွာ အထကကျောင်းတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်သူမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနောလ်ဘိခ်က ပြောသည်။

ဆတ္တားအထကခွဲတွင် အထက်တန်းပြဆရာနှစ်ဦးသာရှိသည့်အတွက် တိုးမြှင့်ပေးရန် ပြည်နယ်ပညာရေးမှူးထံ တင်ပြသော်လည်း အကြောင်းမထူးခဲ့ဟု ဆတ္တားရွာအုပ်ချုပ်ရေးမှူး ဦးနော်လ်ဘိခ်က ပြောသည်။ ထို့အတွက် ဆရာအင်အား ပိုရရှိရန် မျှော်လင့်ပြီး ယမန်နှစ် အောက်တိုဘာက ကျောင်းအဆင့်တိုးလျှောက်ထားခဲ့သည်။

“ဆရာ၊ ဆရာမ (တိုး)ပေးရင်တော့ ကျောင်းသားကများမှာ။ လေးဆယ်ငါးဆယ်လောက်ရမှာ” ဟု သူက မျှော်လင့်သည်။

ဆတ္တားအထကခွဲမှ အထကအဖြစ် အဆင့်တိုးရရှိခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းကျောင်းသားလည်း  တစ်ဦးမျှမရှိသေးပေ။ ထို့အတူ ဆရာအင်အားမှာလည်း ဇူလိုင်လလယ်အထိ မူလအနေအထားအတိုင်းသာ ရှိသည်ကို မော်ကွန်းက တွေ့ခဲ့ရသည်။

သွားလာရခက်ခဲသည့် ကျေးရွာများတွင် ကျောင်းသားများ အဆင်ပြေပြေသင်ယူနိုင်ရန် ရည်ရွယ်ကာ ကျောင်းအဆင့် တိုးမြှင့်ပေးလိုက်သော်လည်း ဆရာရော ကျောင်းသားပါ နည်းပါးနေရသေးသည်ဟု ပြည်နယ်ပညာရေးမှူးဒေါ်နှင်းကြည်ကပြောသည်။

“မြေပြန့်ကသတ်မှတ်ချက်နဲ့ကြည့်ရင် ချင်းပြည်နယ်တစ်ကျောင်းမှ(အဆင့်တိုးမြှင့်)ရမှာမဟုတ်ဘူး။ သူ့ခက်ခဲတာ တွေကို အဆင့်ဆင့်တင်ပြလာရင်လုပ်ပေးရတာပဲ။ တစ်နေရာနဲ့ တစ်နေရာသွားရေးလာရေး ခက်ခဲတယ်လေ။ မြင်နေရရင်တောင် သွားဖို့ မလွယ်ဘူး” ဟု ကျောင်းများအဆင့်တိုးမြှင့်ပေးရခြင်း နှင့် ပတ်သက်ပြီးသူကရှင်းပြသည်။

ကျောင်းအဆင့်တိုးမြှင့်ပြီး ဆရာအင်အားအလုံအလောက် မရရှိသေးချိန်တွင် အချို့ရပ်ရွာကဆရာငှားရန် ပံ့ပိုးကြသည်။ အများစုမှာ  ၁၀ တန်းအောင်မြင်ပြီးသူများ၊ သင်ကြားရေးအတွေ့အကြုံနည်းပါးသူများကိုသာ ငှားရမ်းသည့်အတွက် အရည်အချင်းပိုင်းတွင် အားနည်းချက်ရှိသည်ဟု ပညာရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။

ဒေါ်နှင်းကြည်က “Quality (အရည်အချင်း) ပြည့်မီတဲ့ဆရာမ မဟုတ်တဲ့အတွက်ကြောင့် ကိုယ့်ကလေးတွေရဲ့ Quality (အရည်အချင်း)ကလည်း နိမ့်သွားပြီးတော့ ဆက်ပြီးတော့ အဆင့်မြင့်ပညာတွေကို မတက်လှမ်းနိုင်ဘူးပေါ့။ အဲဒါက တကယ့်ကိုဝမ်းနည်းစရာကောင်းပါတယ်”ဟု ဆိုသည်။

တိုင်းနှင့်ပြည်နယ်အလိုက် အောင်ချက်သုညရရှိသည့်ကျောင်းများကို နှစ်အလိုက် နှိုင်းယှဉ်ချက်

[visualizer id=”19709″]

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းအဆင့်တိုးစကာလတွင် အထက်တန်းပြဆရာဖြည့်ဆည်းပေးရန် ခက်ခဲသည့်အတွက် အောင်ချက်မြင့်ရေးအချိန်ယူ ပြင်ဆင်ဆောင်ရွက်ရန်လိုသည်ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင်ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကျောင်းအဆင့်တိုးများ အများအပြားဖွင့်သော်လည်း ဆရာအင်အားမလုံလောက်သည့်အခါ ပညာရေးအတွက် ထိရောက်မှုနည်းပါးသည်ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစီထန်ဇာတွင်းက သုံးသပ်သည်။ သူသည်ပညာရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းလေးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ချင်းပြည်နယ်တွင် ပညာရေးအားနည်းရခြင်း၏အခြားအကြောင်းရင်းများတွင် ပညာရေးတွင်မိဘများ၏ပံ့ပိုးမှု  အားနည်းခြင်းကြောင့်လည်းပါဝင်သည်ဟု ဒေါက်တာစီထန်ဇာတွင်းက သုံးသပ်သည်။

no.68-feature-chin-school-jpg-3

photo-kaung htet san
တက္ကသိုလ်ဝင်တန်း တက်ရောက်သူမရှိသည့် ဆတ္တားအထက စာသင်ခန်း

ဝေဘူလအထကကျောင်းအုပ် ဦးကျော်လင်းအောင်က “မိဘတွေကလည်း စားဝတ်နေရေးအခက်အခဲကြောင့်လည်း သားသမီးတွေကိုဂရုမစိုက်နိုင်တာလည်း ပါတာပေါ့။ မိဘတွေ တတ်နိုင်တဲ့ ကလေးတွေက စာလိုက်နိုင်တာများတယ်။ မိဘတွေနဲ့ဆရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့အတွက် မိဘတွေကနေ့ခင်းပိုင်းမှာ လုံးဝမအားတဲ့အခါ တွေ့ဆုံဆွေးနွေးဖို့တွေလည်း အခက်အခဲရှိပါတယ်” ဟု ထောက်ပြသည်။

ပြန်သုံးသပ်ရမယ့် အပြောင်းအရွှေ့မူဝါဒ

ချင်းပြည်နယ်၏ ပညာရေးကိုမြှင့်တင်ရန် ဆရာအင်အားလိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးသင့်သည်ဟု ပညာရေးအသိုင်းအဝိုင်းက သုံးသပ်သည်။

၂၀၁၉ ဇွန်လအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာအဆင့် ဆရာလိုအပ်ချက်မှာ တစ်သိန်းခြောက် သောင်းကျော်ရှိသည်။ ချင်းပြည်နယ်အတွက် အခြေခံပညာအဆင့်ဆရာလိုအပ်ချက်မှာ လေးထောင်နီးပါး ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆရာလိုအပ်ချက်အား သုံးနှစ်မှငါးနှစ်အတွင်း ဖြည့်ဆည်းရန်စီစဉ်ထားပြီး နေ့စားကန်ထရိုက်အနေဖြင့် ခန့်ထားရန် စီစဉ်ဆောင်ရွက်နေသည်ဟုဩဂုတ် ၈ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ချင်းပြည်နယ်သည် သွားလာရေးခက်သည့် ဒေသဖြစ်သည့်အတွက် တစ်နှစ်တာဝန်ထမ်းဆောင်ပြီးလျှင် တခြားနေရာသို့ ပြန်လည်ပြောင်းရွှေ့နိုင်သည့် အပြောင်းအရွှေ့စနစ်ကလည်း ဆရာလိုအပ်ချက်ကွက်လပ်ကို မြင့်မားစေသည့် အကြောင်းရင်းဖြစ်သည်ဟု ပညာရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။

လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကလည်း  “ဆရာ၊ ဆရာမတစ်ယောက်က ဘယ်ကို ပြောင်းမယ်လျှောက်ရင် ဌာနကလည်း သူလျှောက်တဲ့နေရာကို ဦးစားပေးပြီးပြောင်းခိုင်းလိုက်တယ်။ ဒါပေမဲ့ သူ ထွက်တဲ့နေရာမှာ လာမယ့်သူမရှိတာ။ အဲဒီတော့ ကျောင်းဆရာကပြည်မက တော်တော်များများလာတယ်။ ဒေသခံလည်းပါတယ်။ အထွက်ရှိပြီး အဝင်မရှိတော့ ဒီနေရာတွေကဟာသွားတယ်။ အဲဒါကြောင့် လိုအပ်ချက်များသွားတယ်”ဟု သူကသုံးသပ်သည်။

ထို့အတွက် ဆရာအပြောင်းအရွှေ့စနစ်အား အချိန်တစ်ခုသတ်မှတ်ပြီးပြောင်းခြင်း သို့မဟုတ် ဆရာအစားထိုးရရှိမှ အလှည့်ကျပြောင်းခြင်း စသည့်နည်းလမ်းအသစ်တစ်ခုကို ပြောင်းလဲသင့်သည်ဟု ဦးပေါင်လွန်မင်းထန်က မှတ်ချက်ပြုသည်။

သို့သော် ပြည်နယ်ပညာရေးမှူးဒေါ်နှင်းကြည်က အပြောင်းအရွှေ့ကာလတစ်ခုသတ်မှတ်လိုက်ပါက ချင်းပြည်နယ်ကို လာရောက်လိုသည့်ဆရာ ပိုမိုနည်းသွားနိုင်မည်ဟုသုံးသပ်သည်။

အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌဒေါက်တာတင်အောင်က ယင်းအခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းနှစ်ခုအကြံပြုသည်။

တစ်ချက်က ဝေးလံပြီးသွားလာရခက်သည့်ဒေသများတွင် တာဝန်ထမ်းဆောင်ရသည့် ဆရာများအတွက် ဒေသစရိတ် ပေးရုံသာမက ဝန်ထမ်းအိမ်ရာ ပံ့ပိုးပေးခြင်းကဲ့သို့ထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်ပေးသင့်သည်ဟု ဆိုသည်။

နောက်တစ်ချက်က ဒေသခံတိုင်းရင်းသားဆရာများကို ဦးစားပေးခန့်ထားရန်ဖြစ်သည်။ ထိုသို့ခန့်ထားခြင်းဖြင့် ဘာသာစကားအခက်အခဲပြဿနာကိုလည်း လျှော့ချနိုင်မည်ဟုသူကအကြံပြုသည်။

ထို့ပြင် ဆရာအင်အားလိုအပ်ချက်ကို ပိုမိုမြင့်မားစေသည့်အကြောင်းရင်းတစ်ခုဖြစ်သည့် ကျောင်းအဆင့်တိုးမြှင့်ခြင်းများကို  ပြန်လည်သုံးသပ်သင့်သည်ဟု ပညာရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ထောက်ပြသည်။

ဆရာအင်အား မဖြည့်ဆည်းနိုင်သေးချိန်တွင် “တောင်တွေ့တိုင်းဘုရားတည်သလို” ဒေသခံများ တောင်းဆိုတိုင်း ကျောင်းအဆင့်တိုး အများအပြားဖွင့်ပေးနေခြင်းမှာ ပညာရေးကို ပိုမိုနိမ့်ကျစေနိုင်သည်ဟု ဦးနီအွေးက ဝေဖန်သည်။

စာကျက်ဝိုင်းများ တိုးမြှင့်ပါ

ချင်းပြည်နယ်ကဲ့သို့ သွားလာရေးခက်သည့်ဒေသများတွင် ကျောင်းတိုင်းကို အဆင့်တိုးမြှင့်နေခြင်းထက် သွားလာရအချက်အချာကျသည့်နေရာတွင် ဆရာအင်အားအပြည့်အစုံဖြင့် ကျောင်းများဖွင့်လှစ်ခြင်း၊ ဘော်ဒါဆောင်ကဲ့သို့ စာကျက်ဝိုင်းများပံ့ပိုးပေးခြင်းက ပိုမိုထိရောက်နိုင်သည်ဟု လူမှုရေးဝန်ကြီးက သုံးသပ်သည်။ ပြီးခဲ့သည့်စာသင်နှစ်က ကျီခါးအထကတွင် စာကျက်ဝိုင်းတစ်ခုကို စမ်းသပ်ပြုလုပ်ခဲ့ရာ ငါးနှစ်ဆက်တိုက်အောင်ချက် သုညဖြစ်နေသည့်ကျီခါးအထက၏ စံချိန်ကိုချိုးဖျက်နိုင်သည်အထိ အောင်မြင်မှု ရခဲ့သည်။

ကျီခါးအထက နှင့် အနီးတစ်ဝိုက်ရှိ ရွာငါးရွာမှ ကျောင်းသားများနှင့် ဆရာများကို ကျီခါးအထကတွင် စုစည်းပြီး နိုဝင်ဘာမှ စာမေးပွဲပြီးသည်အထိ စခန်းသွင်း လေ့ကျင့်ခဲ့သည်။ ထိုစခန်းသွင်း လေ့ကျင့်မှုတွင် ပြင်ပဖြေ ကျောင်းသားအချို့လည်း တက်ရောက်ခဲ့သည်။

ကျီခါးအထကတွင် ယောကျာ်းလေးသပ်သပ်၊ မိန်းကလေးသပ်သပ် ကျောင်းအိပ်ကျောင်းစား  နေထိုင်စရာ စီစဉ်ပေးသည်။ အစားအသောက် ပံ့ပိုးပေးသည်။ ဆရာ၊ ဆရာမများကလည်း ကျောင်းချိန်တွင် သင်ကြားသလို စာကြည့်ချိန်တွင်လည်း အနီးကပ်ကြီးကြပ်ခဲ့သည်ဟု ကျီခါးစခန်းသွင်းလေ့ကျင့်ရေးတာဝန်ခံ ဦးလိန်းအွမ်ဟာက ပြောသည်။

ရလဒ်က ထိုစာကျက်ဝိုင်းမှကျောင်းသား ၈၇ ဦး ဖြေဆိုပြီး ၁၆ ယောက်အောင်မြင်ခဲ့သည်။ အောင်မြင်သူများထဲတွင် ကျီခါးအထကမှ ကျောင်းသားနှစ်ဦးလည်း ပါဝင်သည့်အတွက် အောငချက် သုညငါးနှစ်ဆက်တိုက် နာမည်ဆိုးကိုကျော်လွှားနိုင်ခဲ့သည်။

ထိုကဲ့သို့ စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်ရန် ကျွေးမွေးရေး၊ နေထိုင်ရေး၊ ရေ၊ မီး စသည့်အခက်အခဲများ ကြုံရသည်ဟု သူကဆိုသည်။

ပြည်နယ်ပညာရေးမှူးဒေါ်နှင်းကြည်က “အဲဒါမျိုးတွေ တော်တော်များများလုပ်ချင်တယ်။ ကျောင်းခွဲတွေ ဖွင့်နေမယ့်အစား အဲဒီလိုတစ်နေရာမှာ  ဘော်ဒါဆောင်လိုထားလိုက်ပြီးတော့ လုပ်ပေးမယ်ဆိုရင် ချင်းပြည်နယ်ပညာရေးက ပြောင်းလဲလာမှာ” ဟု ထောက်ပြသည်။

စာကျက်ဝိုင်းများ၊ ဘော်ဒါဆောင်များ ဖွင့်လှစ်နိုင်ရန် အဓိကလိုအပ်ချက်မှာ ဘတ်ဂျက်ဖြစ်သည်ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် သင်ရိုးအားလုံး လွှမ်းခြုံအောင်သင်ကြားနိုင်ရန် အချိန်ပို ခေါ်ယူသင်ကြားခြင်း၊ ဖြည့်ဆည်းသင်ကြားခြင်းများ ဆောင်ရွက်ရန် လိုအပ်သည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြီးခဲ့သည့်နှစ်ဒီဇင်ဘာတွင် ပြုလုပ်သည့်အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အောင်ချက်သုညဖြင့် သုံးနှစ်ဆက်တိုက် ဘဲဥမကွဲသေးသည့် ဝေဘူလအထကမှ စာကျက်ဝိုင်းကတော့ နေ့လယ်ပိုင်းတွင်ကျောင်းချိန်အတိုင်း တက်ရောက်ရသည်။ ညနေ ၆နာရီကျော်မှ ၁၀ နာရီအထိ စာကြည့်ချိန် သတ်မှတ်ပြီး ဆရာများကကြီးကြပ်သည်။ ထို့နောက် ကျောင်းတွင်ပင်အိပ်စက်စေပြီး မနက် ၅ နာရီမှ ၇ နာရီအထိ စာကြည့်ရသည်။ ထို့နောက်မှ အိမ်ပြန်ပြီး ကိုယ်လက်သန့်စင်ကာ တစ်နေ့တာ ကျောင်းအချိန်ဇယားအတိုင်း သင်ယူရသည်ဟု စာကျက်ဝိုင်း၏အချိန်ဇယားကို  ကျောင်းအုပ်ကြီးက ရှင်းပြသည်။

no.68-feature-chin-school-jpg-4

Photo-Kaung Htet San
ဝေဘူလမြို့အထက်တန်းကျောင်း၏ ညစာကျက်ဝိုင်း

ကျူရှင်လည်း ယူစရာမရှိသည့် ဝေဘူလအထကမှ ကျောင်းသားများအတွက်တော့ ညစာကျက်ဝိုင်းသည် အားကိုးစရာဖြစ်သည်။ လျှပ်စစ်မီးပင်မရသေးသည့် ဝေဘူလတွင် ညစာ ကျက်ဝိုင်းက ဆိုလာမီးချောင်းနှစ်ချောင်း၏ အလင်းရောင်အားကိုးဖြင့် အမှောင်ထုကို ကြံ့ကြံ့ခံအန်တုနေသည်။

ဝေဘူလအထက ကျောင်းအုပ်ဦးကျော်လင်းအောင်ကတော့ ယခုလို သန္နိဋ္ဌာန်ချထား၏။

“ဒီနှစ်တော့ ဘဲဥကွဲမှ ဖြစ်မယ်”


#mawkun #magazine #chronicle #no.69 #feature #chin #school #high-school


 

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."