ယိုင်နဲ့နေဆဲ ရခိုင်ပြည်နယ် စီးပွားရေး အပိုင်း(၂)

ယိုင်နဲ့နေဆဲ ရခိုင်ပြည်နယ် စီးပွားရေး အပိုင်း(၂)

                            

မပွင့်လင်းသေးတဲ့ စီးပွားရေးလမ်းကြောင်း

သဲချောင်းဈေးဟာ မေလရဲ့မွန်းတည့် နေပူကျဲတဲအောက်မှာ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားနေပါတယ်။ ဘင်္ဂါလီအများစုရှိတဲ့ အဲဒီဈေးမှာဆိုရင် ဟင်းသီးဟင်းရွက်တွေကအစ လျှပ်စစ်ပစ္စည်းအဆုံး လူသုံးကုန်ပစ္စည်း တော်တော်များများကို ဝယ်ယူနိုင်တာကို တွေ့ရပါတယ်။

ဈေးရှေ့က နွားလှည်းတစ်စီးသွားလို့ ရနိုင်ရုံလောက်ပဲ ကျယ်ပြီးချိုင့်တွေနဲ့ မညီမညာဖြစ်နေတဲ့ကတ္တရာလမ်းမပေါ်မှာ တော့ တပွမ်ပွမ်ဆိုင်ကယ်ဟွန်းသံတွေ၊ ကလင်ကလင် ဆိုက်ကား ဘဲလ်သံတွေ၊ ဘင်္ဂါလီဘာသာစကားနဲ့ ဈေးရောင်းဈေးဝယ် အချင်းချင်း လှမ်းအော်ပြောဆိုသံတွေ ပွက်လောညံနေတယ်။

လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ ဝါးလုံးတွေစီခင်းထားပြီး တာပေါ်လင်စမိုးထားတဲ့ ဈေးဆိုင်ခန်းငယ်လေးတွေကို တွေ့ရတယ်။ ကွမ်းရွက်ရောင်းတဲ့ဆိုင်၊ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်၊ နာရီပြင်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်တွေအပြင် ထမင်းဆိုင်တွေ အစုံပါပဲ။ သဲချောင်း၊ သက္ကေပြင်၊ ဒါးပိုင် စတဲ့ အနီးအနား ဘင်္ဂါလီရွာတွေကနေ လာရောက်ဝယ်ယူကြတာလို့ ဆိုပါတယ်။

အဲဒီဈေးမှာ ရောင်းချနေတဲ့ကုန်ပစ္စည်းတွေ ဘယ်ကနေ ရောက်လာပါသလဲ။ ဘယ်သူတွေက ပို့လိုက်ပါသလဲ။ တကယ် တော့ ရောင်းချနေတဲ့လူသုံးကုန်ပစ္စည်းတွေဟာ စစ်တွေမြို့ပေါ်က ရခိုင်စီးပွားရေးလုပ်ငန်းရှင်တချို့က ပို့ပေးလိုက်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဈေးရောင်းတဲ့ဘင်္ဂါလီတွေက ပစ္စည်းတွေကို ဖုန်းဆက်မှာယူတဲ့အခါ သုံးဘီးဆိုင်ကယ်တွေနဲ့ လာပို့ပေးထားတာ ဖြစ်တယ်လို့ သဲချောင်းဈေးမှာ ရွှေဆိုင်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွဲဖွင့်ထားတဲ့သူတစ်ဦးက ပြောပြပါတယ်။

mk_20160624_weak_in_business_2
စစ်တွေမြို့နယ် သဲချောင်းဈေးလမ်းပေါ်တွင် ကွမ်းယာနှင့် ရေခဲချောင်း ရောင်းနေကြသည့် ဘင်္ဂါလီများ ။ ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

သူ့ဆိုင်မှာ ရောင်းချနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို စစ်တွေကနေ ဖုန်းဆက်မှာယူပြီး ရွှေဆိုင်ဖွင့်လှစ်နိုင်ဖို့ ရခိုင်လုပ်ငန်းရှင်တချို့က အရင်းအနှီးတချို့တစ်ဝက် ထုတ်ပေးထားတာလို့ သူက ရှင်းပြပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါက ငွေထုတ်ပေးထားတယ်ဆိုတာ သူက မပြောပြပါဘူး။

ဘင်္ဂါလီတွေက ပစ္စည်းတွေလှမ်းမှာလိုက်တဲ့အခါ ရခိုင်လုပ်ငန်းရှင်တွေက သဲချောင်းဈေးအရောက် ပို့ပေးပြီး ပစ္စည်းတန်ဖိုး ငွေကို ဘင်္ဂါလီတွေက ပြန်ထည့်ပေးလိုက်ကြတယ်လို့ ဈေးသူဈေးသားတချို့က ရှင်းပြကြပါတယ်။ အရင်လို ရခိုင်လူမျိုးတွေနဲ့ တိုက် ရိုက်ဆက်သွယ်မှုမရှိပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့ ရောင်းဝယ် ဖောက်ကားမှု အနည်းငယ်တော့ ရှိလာပြီလို့ ဈေးသူဈေးသား တချို့က ပြောကြတယ်။

ရခိုင်လုပ်ငန်းရှင်အများစုဟာ ဘင်္ဂါလီတွေနဲ့ ထင်ထင်ပေါ် ပေါ် ရောင်းဝယ်မှုတွေ မလုပ်နိုင်ကြပါဘူး။ ဘင်္ဂါလီတွေနဲ့ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်တဲ့သူတွေကို ရခိုင်လူမှုအဖွဲ့အစည်း တချို့က အမျိုးသားသစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြလို့ပါပဲ။ သို့သော် ပွင့်ပွင့်လင်းလင်းမဟုတ်သည့်တိုင် ဒီလိုသွယ်ဝိုက်တဲ့ နည်းတွေနဲ့ ဆက်သွယ်ရောင်းချနေကြသူတွေ ရှိနေပါတယ်။

ရခိုင်လူမျိုးလုပ်ငန်းရှင်တွေရဲ့ ရောင်းကုန်ပစ္စည်းတွေဟာ ဒုက္ခသည်စခန်းအသီးသီးဆီကို  တဖြည်းဖြည်းစီးဆင်းလာကြပြီ ဖြစ်ပေမယ့် တစ်ရက်စာတစ်ရက်ရှာပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ဘင်္ဂါလီတွေအနေနဲ့တော့ သူတို့နေထိုင်ရာ ဒုက္ခသည်စခန်းတွေ၊ ရွာတွေကနေ ထွက်ခွာပြီး ရခိုင်တွေရှိတဲ့အလုပ်ခွင်တွေဆီ အလုပ်သွားလုပ်ဖို့ အခွင့်အရေး မရှိကြသေးပါဘူး။

အကျိုးဆက်အဖြစ် ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ လူမှု ရေးပြ ဿ      နာအချို့ ဖြစ်လာပါတယ်။ အလုပ်အကိုင်မရှိ၊ ဝင်ငွေ မရှိတဲ့ ဘင်္ဂါလီလူငယ်အချို့ဟာ ဒုက္ခသည်စခန်းအတွင်းမှာပင် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ သုံးစွဲကြတာတွေ ရှိလာတယ်လို့ သက္ကေပြင်ကျေးရွာမှာနေထိုင်တဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးကျော်လှအောင်က ပြောပါတယ်။ ငွေလိုချင်တဲ့အတွက် မူးယစ်ဆေးတွေကို လျှို့ဝှက်ဖြန့်ချိပေးသူတွေ ရှိလာသလို ဆေး ခြောက်သုံးတဲ့လူငယ်တွေကိုလည်း မြင်နေရတယ်လို့ ဦးကျော်လှ အောင်က ပြောပြတယ်။

”အခု အူမမတောင့်လို့ သီလမစောင့်နိုင်ကြတော့ဘူး လေ” လို့ ဦးကျော်လှအောင်က ဆိုတယ်။

လုပ်ခဈေးမြင့်

ဘင်္ဂါလီတွေအဖို့ အလုပ်မရှိဖြစ်နေတဲ့အချိန်မှာ ရခိုင်စီးပွား ရေးလုပ်ငန်းရှင်တွေဘက်မှာတော့ လုပ်သားရှားပါးနေပါတယ်။

ရခိုင်အလုပ်သမားနည်းပါးတဲ့အတွက် ငှားရမ်းရတဲ့ အလုပ် သမားစရိတ်ဟာ ယခင်ကထက် တစ်ဆနီးပါးပိုလာတယ်လို့ လူပျံလက်ဖက်ခြောက် လုပ်ငန်းပိုင်ရှင် ဦးရွှေမောင်က ရှင်းပြပါတယ်။

”အရင်ဘင်္ဂါလီတစ်ယောက်ကို ငါးဆယ်ပေးရရင် (အခု) ရခိုင်တစ်ယောက်ကို တစ်ရာပေးရတယ်။ အလုပ်သမားဈေးနှုန်း မြင့်လာတော့ လုပ်ငန်းရှင်တွေမှာ အခက်အခဲရှိလာတယ်”လို့ သူက ရှင်းပြတယ်။

လုပ်ငန်းရှင်တွေဟာ အလုပ်သမားစရိတ် ပိုမြင့်လာတဲ့ အတွက် သူတို့ရဲ့ထုတ်ကုန်တွေကို ဈေးမြှင့်ပြီး ရောင်းချကြပါ တယ်။ ကုန်ပစ္စည်းဈေးမြင့်လာတဲ့အတွက် အလုပ်သမားတွေကလည်း လုပ်အားခတွေကို ပိုမိုတိုးမြှင့်တောင်းခံလာကြတယ်။ ဒီ လိုနဲ့ ကုန်ဈေးနှုန်းတက်မှု သံသရာရှည်လာတယ်လို့ ဦးရွှေမောင်က ရှင်းပြပါတယ်။

မောင်တောမြို့က ရေထွက်ပစ္စည်းကုန်သည် ဦးထွန်းဝင်းက တော့ အခုအချိန်မှာ သူရဲ့လုပ်ငန်းတွေဟာ ပဋိပက္ခမတိုင်မီကလို လည်ပတ်နေပြီလို့ ပြောပါတယ်။ သူဟာ သံတွဲက ထွက်တဲ့ ငါး ခြောက်၊ ငါးပိ စတဲ့ ရေထွက်ပစ္စည်းတွေကို မောင်တောနယ်စပ် ဂိတ်က တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရောင်းချသူပါ။

အရင်က အလုပ်သမားတစ်ယောက်ကို ဆန်တစ်အိတ် တင်ချစရိတ် မြန်မာငွေ ခြောက်ဆယ်ကျပ်လောက်သာ ပေးခဲ့ရ ပေမယ့် ပဋိပက္ခနောက်ပိုင်းမှာ ငွေ ၂ဝဝ ကနေ ၂၅ဝ အထိ ပေး လာရတယ်လို့ ဦးထွန်းဝင်းက ပြောပါတယ်။ ဒီလို အလုပ်သမား စရိတ် တက်လာတဲ့အတွက် ကုန်သည်တွေမှာ အမြတ်ငွေ နည်း ပါးလာတယ်လို့ သူကဆိုပါတယ်။

ရခိုင်နဲ့ဘင်္ဂါလီတွေအကြား အရင်လိုအတူတူအလုပ်လုပ်ကိုင်နိုင်ဖို့ အစိုးရက လူ့အဖွဲ့အစည်းနှစ်ခုအကြားမှာ ယုံကြည်မှု တည်ဆောက်ပေးဖို့လိုမယ်လို့ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ကြီးက ပြောပြပါတယ်။

”တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မခိုင်မာဘဲနဲ့၊ ဥပဒေအရ ဖြေရှင်းစရာရှိတာ မဖြေရှင်းဘဲနဲ့ အရင်ရှိခဲ့တဲ့အခြေအနေအတိုင်း ရောထွေးဆက်ဆံဖို့ ရခိုင်တွေအနေနဲ့ စိတ်ချလုံခြုံမှုမရှိနိုင်ဘူး”လို့ သူက ဆိုပါတယ်။

နှစ်ဖက်ယုံကြည်မှုတည်ဆောက်ပေးဖို့ဆိုရင် အစိုးရက ဘင်္ဂါလီလူဦးရေကို နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး နိုင်ငံသားဖြစ်နိုင် တဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးရမယ်။ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို အစိုးရနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက လုပ်ထုံး လုပ်နည်းတွေအတိုင်း ဖြေရှင်းပေးဖို့ လိုတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

နိုင်ငံရေးအရ ဖြေရှင်းပေးတာအပြင် ရခိုင်ပြည်နယ်အတွက် လိုအပ်နေတဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို အစိုးရက ဖော်ဆောင်ပေးရမယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင် တွေက တောင်းဆိုကြပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့စီးပွားရေးလုပ် ငန်းရှင်တွေ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ထိထိ ရောက်ရောက်ပံ့ပိုးပေးဖို့၊ ပြည်နယ်အတွင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ ဖော်ဆောင်ပေးပြီး ပြည်နယ်မှာ နေထိုင်တဲ့ လူတွေအတွက် အလုပ်နေရာတွေ ဖန်တီးပေးဖို့လုပ်ငန်းရှင်တွေက တောင်းဆိုကြပါတယ်။

 

အစိုးရဘာလုပ်ပေးမလဲ

ဧပြီ ၂၉ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီပြ ဿ နာတွေကိုဖြေရှင်းဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ”ဗဟို အစိုးရလည်း ပါမှရမယ်”လို့ သူက ပြောပါတယ်။

ယခင်အစိုးရလက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိ ပက္ခကြောင့် ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းတွေ အကုန်လုံးရပ်တန့်ခဲ့ပြီး ပဋိပက္ခထဲမှာပဲ တဝဲလည်လည် ဖြစ်နေရတဲ့အတွက် အင်မတန်နစ်နာခဲ့ရတယ်လို့ မြောက်ဦး မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက မော်ကွန်းကို ပြောပါတယ်။ ဒီပြဿ နာတွေကို အစိုးရသစ်လက်ထက် မှာ ဦးစားပေးဖြေရှင်းပေးရမယ်လို့ ၎င်းက ဆိုပါတယ်။

အစိုးရအနေနဲ့ ဒေသခံရခိုင်လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးအောင် ဆောက်ရွက်ရမှာဖြစ်သလို သီးခြားခွဲထားရတဲ့ ဘင်္ဂါလီတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုလည်း ဥပဒေအရ တာဝန်ယူပေးရမယ်လို့ ဦးဦးလှစောက ဆိုပါတယ်။

၎င်းတို့ကို ဥပဒေအရတာဝန်ယူစိစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကိုတော့ လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေမှာ ပါဝင်ခွင့်တွေပေးရမယ်လို့ ဆိုပါတယ်။

ဘင်္ဂါလီတွေဟာ ယခင်ကတည်းက ရခိုင်ပြည်နယ်ရဲ့စီးပွား ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့လူတွေဖြစ်လို့ ”လုံးဝ အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဦးဦးလှစောက ပြောပါတယ်။ ရခိုင်ပြည်နယ် စီးပွားရေးအတွက် သူတို့ရဲ့လုပ်အားတွေကို အသုံးချရမယ်လို့လည်း ဦးဦးလှစောက ပြောပြတယ်။

ဒီနက်နဲရှုပ်ထွေးတဲ့ ပဋိပက္ခပြဿ      နာတွေကို ပြေလည်လာဖို့၊ ရခိုင်နဲ့ဘင်္ဂါလီ နှစ်ဖက်အသိုင်းအဝိုင်းတွေရဲ့ ပျက်စီးသွားတဲ့ လူမှုဘဝတွေ ပြန်လည်ပြေလည်လာဖို့ဟာ အစိုးရအသစ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ်မှာ မူတည်တယ်လို့ ဦးဦးလှစောက ယခုလို မှတ်ချက်ပေးပါတယ်။

”အစိုးရကိုင်တွယ်မှုကောင်းရင် ကောင်းသလို တစ် ယောက်နဲ့တစ်ယောက်ကြားထဲမှာ သံသယစိတ်တွေနည်းလာတဲ့ အခါ အရင်ကလို ပြန်ဖြစ်လာမှာပါ”

ပဋိပက္ခမှာ အလုပ်အကိုင်တွေအားလုံးပျက်စီးသွားခဲ့တဲ့ ဦးအီလီယာစ်ကတော့ သူဆုံးရှုံးသွားတဲ့လုပ်ငန်းတွေကို ပြန်လုပ်လိုတဲ့ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားဆဲပါ။ အရင်ကလည်း ရခိုင်တွေနဲ့ အေးအေးချမ်းချမ်း နေထိုင်ခဲ့တာဖြစ်လို့ ပြန်လည် သင့်မြတ်ဖို့ကတော့ ခက်ခဲမှာမဟုတ်ဘူးလို့ သူက ယုံကြည်နေပါတယ်။

အရင်လို လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး ပျက်စီးသွား တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ်နိုင်တဲ့အချိန်ရောက်ရင် ဘာ လုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးအီလီယာစ်က အခုလို ဖြေလိုက်ပါတယ်။

”လွတ်လွတ်လပ်လပ်သွားလို့ရတဲ့တစ်နေ့ ကောင်းတဲ့ စီးပွားရေးပြန်လုပ်မယ်။ ကလေးတွေကို စာသင်ပေးမယ်။ အဲဒါပဲ ကျွန်တော်တွေးတော့တယ်။        ။

၂၀၁၆၊ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."