၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Poem ဖြစ်ပါသည်။
မင်းထက်မောင်
ငါတို့ဆီက
ချောင်းလောက်တောင် မရှိတဲ့ မြစ်ပေါ်
စက်လှေတစ်ပတ် လှည့်လိုက်ရုံနဲ့ ရောက်တဲ့
ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းဟာ
တစ်နိုင်ငံ တစ်မြေခြားစီတဲ့လား။
ထွက်သွားကြသူတွေ၊ ပြန်လာကြသူတွေ
တချို့လည်း ပြန်မလာနိုင်ကြသေးတဲ့သူတွေ
တချို့က ဘယ်တော့မှ ပြန်လာလို့ မရတော့တဲ့သူတွေ
ရက်တွေ လတွေ နှစ်တွေ
ခေတ်တွေ စနစ်တွေဟာ မနည်းလှ
မျိုးဆက်နဲ့ ချီတဲ့ ဘဝတွေ ဆင်းရဲဒုက္ခတွေ
မလုံခြုံ မငြိမ်းချမ်းမှုတွေဟာ မနည်းလှ
အခုလည်း ငါ့မျက်စိရှေ့မှာတင်
နောက်ထပ် ထွက်ခွာသွားနေကြသူတွေဟာ
ပုရွက်ဆိတ်တွေပမာ စီတန်း လှုပ်ရွ အုံခဲလို့ပ။
အို…ဟိုမှာ
ကွန်ကရစ်တံတားအောက်က
စီးနေဆဲ မွဲညစ်ညစ်ရေပေါ်
ဆည်းဆာနေရောင်ထိုးကျ တလက်လက်ထနေပုံ
ငါ ငေးရင်း ရင်ခုန်မောလျ
စီးကရက်တစ်လိပ်ကိုသာ အဓိပ္ပာယ်မဲ့ ရှိုက်ဖွာနေခဲ့မိ။
(၁၅.၁၂.၂၀၁၈)