၂၀၁၅၊ဖေဖော်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၀) မှ ကဗျာဖြစ်ပါသည်။
ကဗျာဆရာ : လူခက် ရေးသားသည် ။
ငြိမ်းချမ်းခြင်း ငတ်နေတဲ့အိမ်
အရုဏ်ဦးကတည်းက မိုးချုပ်ခဲ့တဲ့ နှစ်တွေ
လွှတ်တယ်ဆိုပြီး လှောင်ချိုင့်ထဲ ပြန်ရောက်နေတဲ့
ငှက်ကလေးတွေ
မွေးမြူရေးလို့ အမည်တပ်ခံထားရတဲ့
ဟင်းခွက်ထဲက အသားစတွေ
ဥပဒေဟာ လက်တံရှည်တယ်ဆိုပြီး
အမှန်တရားကို သေနတ်ပြောင်းက အမြဲချိန်ထားတယ်
နှလုံးသားမရှိတဲ့ ကျည်ဆန်တွေကြောင့်
မာနမရှိတဲ့ တဲအိမ်လေးတွေ
လက်တွေ ပြတ်တယ်
ခြေတွေ ပြတ်တယ်
ဘဝတွေ ပျက်တယ်
ဆွေမျိုးကို အလဲထိုးမှ ရမယ့်သရဖူလား
ထင်းသွားခုတ်ရင်း ပြန်ခုတ်ခံလိုက်ရတဲ့
ခြေထောက်တွေ
မျှစ်သွားချိုးရင်း ပြန်ချိုးခံလိုက်ရတဲ့
လက်တွေ
စာသင်ခန်းထဲ လာစိုက်နေတဲ့
ကျည်ဆန်တွေ
ဒေါသတွေ အတောင်ပေါက်ပြီး
ထပျံသွားရင် ဘယ်လောက်ကောင်းမလဲ
ကိုယ့်စိတ်နဲ့ ကိုယ်ပဲ
ကိုယ့်အိမ်နဲ့ ကိုယ့်ယာပဲ
မိသားစုတွေ စည်းစည်းလုံးလုံး
ထမင်းလက်ဆုံစားချင်တယ်။
[ ပြီးပါပြီ။ ]

